လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က မြန်မာရဟန်းတော်၏ Win-Win သီအိုရီ
ဆလိုင်းရွှေလင်း၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃
ယခုအခါ ကမ္ဘာပြုမှု Globalization ဖြစ်စဉ်နှင့်အတူ သူလည်း နိုင်၊ ကိုယ်လည်း နိုင် ဟူသော သဘောတရားများ ခေတ်စားလာပါသည်။ ယခင်က (သူတည်းတယောက် ကောင်းဖို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း) ဟူသော ဆိုရိုးစကားကို လက်သုံးပြုခဲ့ကြသည်။ တယောက်က နိုင်ဖို့၊ အခြားတယောက် ရှုံးရမည် ဆိုသည်သဘော။
တစုတဖွဲ့၊ တနိုင်ငံ နိုင်ဖို့၊ အခြားတဖွဲ့၊ အခြားတနိုင်ငံ အရှုံးပေးရမည် ဆိုသည့်သဘော။
ပင်လယ်နီ သဘောတရားဆိုတာလဲ တယောက်နိုင်ဖို့၊ အခြားတယောက် ရှုံးရမည် ဆိုသည့်သဘောပဲ ဖြစ်၏။ သို့သော် လွန်ခဲ့သော ၁၀ နှစ်ဝန်းကျင်ကစ၍ သူလည်းအောင်မြင်၊ ကိုယ်လည်းအောင်မြင် Win-Win သဘောတရားများကို ကျင့်သုံးနိုင်လာကြသည်။ ပင်လယ်နီလို တိုက်ပွဲများဖြင့် သွေးချင်းချင်း မနီစေဘဲ ပင်လယ်ပြာလို အားလုံးအဆင်ပြေမည့် နည်းလမ်းများကို ခံယူကျင့်သုံး လာခဲ့ကြသည်။
လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်လောက်ကပင် ထိုသို့သော Win-Win သဘောတရားများကို မြန်မာရဟန်းတော်တပါးက ဖွင့်ဟထုတ်ဖော်ခဲ့သည်ဆိုလျင် ယုံနိုင်ဖွယ် မရှိပေ။ သို့သော် အမှန်ပင် ဖော်ထုတ်ခဲ့ပါသည်။ Win – Win သီအိုရီဟု တပ်အပ်သေချာ မှည့်ခေါ်ခြင်း မရှိခဲ့သော်လည်း တင်ပြချက်များမှာ ထိုသီအိုရီအတိုင်းပင် တသွေမတိမ်း ရှိခဲ့ပေသည်။
စာရေးသူ၏ ဇနီးမှာ ဧရာဝတီတိုင်း၊ ကျိုက်လတ်ဇာတိဖွား ဖြစ်သည်။ သူမ၏ မိခင်နှင့် ဖိုးဖွားများသည် ကျိုက်လတ်မြို့နှင့် တဆက်တည်းဖြစ်သော ဒေးဒရဲမြို့နယ်၊ ကျုံသင်ရွာ၊ ကွန်ဗလိုင်ရွာများတွင် မွေးဖွားခဲ့သူများ ဖြစ်၏။ ၂၀၀၇ ခုနှစ်လောက်တွင် စာရေးသူတို့မိသားစုများသည် ကွန်ဗလိုင်ကျေးရွာရှိ ဆွေမျိုးများထံသို့ သွားရောက်လည်ပတ်ခဲ့ကြ၏။ ကိုပိုက်တင်က ဟောင်းနွမ်းဆွေးမြေ့နေသော စာအုပ်တအုပ်ကို ငှားရမ်းခဲ့သည်။
ဝတ္ထုဆိုက်၊ စာမျက်နှာ ၈၀ သာ ရှိပါသည်။ သူတန်ဖိုးထားသဖြင့် နှစ်ရှည်လများ သိမ်းဆည်းထားခဲ့ဟန်တူ၏။ ရန်ကုန်သို့ ရောက်သောအခါ ထိုစာအုပ်ကို မိတ္တူ ၁ စုံ ၂ စုံကူး၍ ၁ စုံကို စာရေးသူ ယူထားလိုက်သည်။ အခြား မိတ္တူတစုံနှင့် မူရင်းကို ကိုပိုက်တင်ထံသို့ ပြန်ပို့ပေးပါသည်။
ထိုစာအုပ်အမည်က "လက်ဝဲ၊ လက်ကျာနှင့် ဗုဒ္ဓသာသနာ" စာရေးသူက ဦကေတုမာလာ။ စာရေးပြီးစီးသော နေ့စွဲကို ၁၈၊ ၅၊ ၁၉၅၀ ဟု မှတ်တမ်းပြုထားသည်။
ဗုဒ္ဓ၀ါဒ လောကနိဗ္ဗာန် ဟူသော ခေါင်းစဉ်အောက်တွင် ရေးသားတင်ပြထားချက်များသည် Win-Win သီအိုရီများကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။
” ဘုရားသခင်ညွှန်ကြားချက်အရ လောကနိဗ္ဗာန်ထူထောင်နည်းမှာ သူကလည်း မနိုင်၊ ကိုယ်ကလည်း မနိုင်၊ သူကလည်း မရှုံး၊ ကိုယ်ကလည်း မရှုံးဘဲ ၂ ဦး ၂ ဖက် ကျေကျေနပ်နပ်နှင့် ၀မ်းမြောက်နိုင်မှ လောကနိဗ္ဗာန်ကို ထူထောင်နိုင်ရာ၏။ အကြောင်းကား ကိုယ်နိုင်သွားရင် ကိုယ့်မှာ ရန်မကင်းသေး၍ စိတ်မအေးရသေးခြင်း၊ ကိုယ်ရှုံးသွားရင် ကိုယ့်မှာ ကိုယ်ရော စိတ်ပါ မအေးမချမ်း ဖြစ်ရခြင်းတို့ကြောင့် ကိုယ်နိုင်၊ သူနိုင်၊ ကိုယ်ရှုးံ၊ သူရှုံး ၀ါဒမျိုးဖြင့် ချမ်းသာနိုင်သော နည်းလမ်းကား ဗုဒ္ဓ၀ါဒတွင် လုံးဝမရှိ။ ဗုဒ္ဓ၀ါဒအရ လောကနိဗ္ဗာန်နှင့် လောကုတ္တရာနိဗ္ဗာန် ထူထောင်နည်းမှာ (၁) သမ္မာဒိဋ္ဌိ - ကောင်းသောအမြင်၊ (၂) သမ္မာသင်္ကပ္ပ - ကောင်းသောအကြံ (၃) သမ္မာဝါစာ - ကောင်းသောအပြော (၄) သမ္မာကမ္မန္တ - ကောင်းသောအလုပ် (၅) သမ္မာအာဇီဝ - ကောင်းသောအသက်မွေးမှု (၆) သမ္မ၀ါယမ - ကောင်းသောကြိုးစားမှု (၇) သမ္မာသတိ ကောင်းသောနှလုံးသွင်းခြင်း (၈) သမ္မာသမာဓိ - ကောင်းသော တည်ကြည်ခြင်းထိုတရား ၈ပါး ပင်ဖြစ်၏။
ထိုတရား ၈ပါး ကိုယ်တွင်းမှာ ရှိသူကို ရှာက ကမ္ဘာတွင် အထူးတွေ့ခဲ၏။ တွေ့ဖို့ ခက်ခဲသည်ဟု ဆိုလို၏။ ထို့ကြောင့် ကမ္ဘာကြီး မီးတောက်ရ၏။ လူတိုင်း လူတိုင်းတွင် ထိုတရားများ ရှိကြလျင်၊ ဒါသည်ကား ဆင်းရဲမှုပဲ၊ ဒါသည်ကား ချမ်းသာမှုပဲ၊ ဒါသည်ကား ချမ်းသာစေတတ်တဲ့ အကြောင်းပါပဲဟု နည်းမှန်လမ်းမှန်ကို မုချရရှိကြပေမည်။
အမြင်မှန်အောင် ပြုလုပ်နည်းမှာ ဘုရားသခင်က ရာဟုလာကို ဟောကြားခဲ့သည့်အတိုင်း …
"တစုံတခုကို လုပ်မည့အခါဖြစ်စေ၊ ပြောမည့်အခါဖြစ်စေ၊ ကြံမည့်အခါဖြစ်စေ၊ ရှေးဦးစွာ ထို ငါလုပ်မည့်အလုပ်ကား၊ ငါပြောမည့်စကားကား၊ ငါကြံမည့် အကြံကား ငါ၏ ဆင်းရဲမှုလား၊ သူတပါး၏ ဆင်းရဲမှုလား၊ သို့မဟုတ် သူရော ငါရော ဆင်းရဲမှုလား ဟု စဉ်းစားရပေမည်။ ထိုသို့ စဉ်းစား၍ ငါ၏ ဆင်းရဲမှု၊ သူ၏ ဆင်းရဲမှု၊ သို့မဟုတ် သူရော ငါရော ဆင်းရဲမှုဟု သိလျင် မလုပ်နှင့်၊ မပြောနှင့်၊ မကြံစည်နှင့်။ ဆင်းမှု မဟုတ်မှ လုပ်ရ၊ ပြောရ၊ ကြံရမည်။ တကယ်လို့ လုပ်ဆဲဖြစ်လျင်လည်း ဆက်မလုပ်နှင့်၊ လုပ်ပြီးပြီဆိုလျင်လည်း ပရိသတ်အလည်တွင် ငါမှားပါပြီ၊ နောက်မလုပ်တော့ဘူး ဟု ဘွင်းဘွင်းကြီး ရှင်းပြရမည်။ …"
(ရာဟုလာဝါဒသုတ်မှ)
ဘုရားသခင်က ထိုကဲ့သို့သာ ဟောကြားခဲ့သော်လည်း ဗုဒ္ဓဘာသာအမည်ခံနေသော ဗမာပြည်တွင် ထိုတရားမျိုးရှိသော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်ကား အလွန်ရှား၏။ သူတပါး ဆင်းရဲလျက် မိမိချမ်းသာမှု ထင်လျင် ၀မ်းမြောက်စွာ ပြုလုပ်လိုကြ၏။ မိမိမှာ ဆင်းရဲမှု ဖြစ်လာလျင်ကား တရားကင်းလေခြင်းဟု ငြီးတတ်ကြ၏။ မိမိက တရားကင်းလျက် သူတပါးမျက်ရည်ကျခါမှ မိမိမှာ ချမ်းသာရလျင်ကား ငါတရားကင်းနေပါကလား ဟု မတွေးမိရုံမက တပြုံးပြုံးနှင့် ပီတိလုံး ဆိုက်လျက်သာ နေကြ၏။
ယခင်အခါ ကွန်မြူနစ်များက သူတပါးပစ္စည်းကို အလကားသိမ်းပေးမည် ဆိုသဖြင့် ဆင်းရဲသားလူထုများစွာ ၀မ်းမြောက်ကြ၏။ သူတို့၏ အလကားရအောင် ကြိုးစားနေကြသော သူပုန်များကြောင့် ဆင်းရဲဒုက္ခတွေ့ရသောအခါကား သူပုန်ကိုရော အစိုးရကိုရော အပြစ်တင်ကြ၏။ ဒါနှင့်များ သင်တို့ ဗုဒ္ဓဘာသာ အမည်ခံနေကြလေသလား။
ရှေးအခါက ကမ္ဘာသူ ကမ္ဘာသားတို့ကား အသက်တမ်း သိန်း သန်း ကုဋေ အသင်္ချေတိုင်အောင် ရှည်ကြ၏။ ထိုစဉ်က လူတို့ကား ရောဂါဝေဒနာဟူ၍ လုံးဝမတွေ့ရ။ ငတ်မွတ်ခြင်းဘေးမရှိ၊ အလွန်အေးချမ်းကြ၏။ တဦးကို တဦး ကြောက်ရ စိုးရိမ်ရသော အလေ့မရှိ။ ထိုကဲ့သို့ အေးချမ်းသာယာအောင် လူတိုင်း လူတိုင်းတွင် တဦးကို တဦး သတ်ဖြတ်ခြင်း မရှိ၊ တဦးဥစ္စာကို တဦးက ခိုးယူခြင်း၊ လိမ်ယူခြင်း မရှိ။ တဦးသားမယားကို တဦးက လွန်ကျုးခြင်း မရှိ၊ တဦးကို တဦးက မုသားပြောခြင်း၊ ဂုံးတိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခြင်း မရှိ။ အကျိုးမဲ့စကားကို ပြောလေ့မရှိ။ ထိုတရားမျိုး ကိုယ်တွင်းမှာ ရှိကြသောကြောင့် ထိုအချိန်အခါကား နိဗ္ဗာန်တမျှ သာယာလှ၏။ ထိုတရားမျိုးကို ဘုရားသခင် အထူးဟောခဲ့၏။
သင်တို့ကား ဗုဒ္ဓဘာသာအရေခြုံမျှသာဖြစ်၍ ထိုကဲ့သို့ သာယာသောလောကကို မတွေ့ရ။ သင်တို့ကိုယ်တွင်းမှာ ဗုဒ္ဓဘာသာတရား ဘယ်မှာရှိသလဲ စဉ်းစားကြပါ။ သင်က တရားကင်းလျက် နမူနာနေပြလျင် သင့်ကိုအတုယူခါ အခြားတဦးက ကျင့်ပြန်၏။ သင်၏ အကျင့်ဆိုး တကမ္ဘာလုံး ကူးစက်သွားလျင် သင့်အပေါ်မှာ တရားစောင့်ရှောက်မည့်သူ တဦးမှ မတွေ့၍ သင်ဆင်းရဲမှု ဖြစ်ရ၏။
ထို့ကြောင့် ကမ္ဘာပေါ်မှာ သူနိုင် ကိုယ်နိုင်၊ သူရှုံး ကိုယ်ရှုံး ဆိုတဲ့ လက်ဝဲ လက်ကျာ ၀ါဒ လွှမ်းမိုးနေ၏။ ထိုဝါဒကြောင့် ကမ္ဘာသူ ကမ္ဘာသားများ ဆင်းရဲဒုက္ခ တွေ့ကြရ၏။ သင်တို့ကား ချမ်းသာအောင် ကယ်တင်မည့် ၀ါဒ၊ သင့်တို့အား ဘေးမတွေ့အောင် ကိုးကွယ်ရာဝါဒကား ဗုဒ္ဓသာသနာ ခေါ်တဲ့ ဘုရားသခင်၏ ညွှန်ကြားချကပ်ဖြစ်သော သူမနိုင် ကိုယ်မနိုင်၊ သူမရှုံး ကိုယ်မရှုံး ၀ါဒပင်တည်း။ …"
ဆလိုင်းရွှေလင်း
အောက်တိုဘာ ၂၇၊ ၂၀၁၂
(Photo - http://tinybuddha.com/blog-posts/page/11/ )
Comments