Soe Tun - One Day at Burmese Embassy in Singapore


မြန်မာသံရုံးသို့ တနေ့တာစိုးထွန်း၊ ဖေ့စ်ဘွတ်က ကူးယူပါတယ်။၊ ဖေဖော်ဝါရီ  ၂၄၊ ၂၀၁၃
by Soe Tun on Wednesday, February 20, 2013 at 11:53am ·

လွန်ခဲ့တဲ့ ၅-ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၃ မှာ စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးကို နိုင်ငံကူးလက်မှတ် အသစ်လဲဖို့နဲ့ အခွန်ဆောင်ဖို့ သွားခဲ့ပါတယ်။ ပတ်စ်ပို့ အသစ်လဲခြင်း၊ အခွန်ဆောင်ဖို့အတွက် မြန်မာသံရုံး ၀က်ဆိုဒ် www.mesingapore.org.sg  မှာ ကြိုတင်ပြီး ရက်ချိန်း ယူရပါတယ်။ အနည်းဆုံး ၁၀-ရက်၊ ၂-ပတ်လောက် ကြိုယူရတတ်ပါတယ်။

ကျွန်တော် လေ့လာရသလောက်တော့ တနေ့ကို အယောက် ၂၀၀ ကျော်ကျော်လောက်အတွက် မနက် ၉-နာရီကနေ စတင် ဆောင်ရွက်ပေးနေပြီး မိမိ ရယူထားတဲ့ တိုကင်နံပါတ်ပေါ် မူတည်ကာ မနက် ၉-နာရီကနေ ၁၂-နာရီအတွင်း ချိန်ကိုက် သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ မသိခဲ့လို့ ညွှန်ကြားချက်အတိုင်း မနက် ၉-နာရီ အရောက်သွားခဲ့တာကြောင့် တိုကင်နံပါတ် ၂၀၀ ကျော်ကို တော်တော်ကြာအောင် စောင့်လိုက်ရတယ်။ အချိန်ကို တွက်ချက်ပြီး သွားရင် ဓါတ်ပုံရိုက်ဖို့အတွက် တန်းစီစရာ မလိုသလို အခွန်ဆောင်ဖို့ တွက်ချက်တာကိုလည်း အချိန်ပေး စောင့်စရာ မလိုပါဘူး။ မိမိ နံပါတ်ကျော်သွားရင်လည်း ပြန်ခေါ်ပေးပါတယ်။

ပုံမှန်အားဖြင့် ရောက်ရောက်ချင်း ဓါတ်ပုံရိုက်ဖို့ ယူဆောင်လာတဲ့ စာရွက်စာတန်းတွေ ပြင်ဆင်ပြီး တန်းစီရပါတယ်။ မိမိ ဓါတ်ပုံရိုက်ဖို့ အလှည့်ရောက်ရင် စာရေးတစ်ယောက်ယောက်က ယူလာတဲ့ စာရွက်စာတမ်းတွေ စုံမစုံ စစ်ဆေးပါတယ်။ အဲ့ဒီနောက် Service Fee ဒေါ်လာ ၂၀ ပေးဆောင်ပြီးရင် ဓါတ်ပုံ ရိုက်ရပါတယ်။

ဘာအတွက်ကြောင့် Service Fee တောင်းသလဲဆိုတာ နားမလည်ပါဘူး။ ပိုက်ဆံက မများပေမယ့် အဲ့လို အဓိပ္ပါယ် မရှိတဲ့ ကောက်ခံခြင်းမျိုးကတော့ မရှိသင့်တော့တာ အမှန်ပါပဲ။ ဓါတ်ပုံဖိုးဆိုရင်လည်း ထိုက်သင့်ငွေကို တရားဝင် ကြေညာပြီး ပေးဆောင်ခိုင်းသင့်ပါတယ်။

ဓါတ်ပုံရိုက်ပြီးတဲ့နောက် အခွန် ဘယ်လောက်ဆောင်ရမယ်ဆိုတာ သိရှိဖို့ ကြိုတင်ယူထားတဲ့ တိုကင်နံပါတ်အတိုင်း စောင့်ရပါတယ်။ တိုကင်နံပါတ်ပေါ် မူတည်ပြီး အနီးအနားမှာ သွားရောက် စားသောက်တာ၊ လျှောက်ကြည့်တာ လုပ်နိုင်ပါတယ်။

မိမိအလှည့်ရောက်ရင် ၀န်ထမ်းတစ်ယောက်ယောက်က အခွန် ဘယ်လောက် ဆောင်ရမယ်ဆိုတာ တွက်ချက် ပြောပြပြီး နေ့လယ် ၃-နာရီမှာ အခွန်လာဆောင်ဖို့ ပြောပါတယ်။ အဲ့ဒီနေ့က ဓါတ်ပုံရိုက်ခြင်း၊ အခွန်ငွေ တွက်ချက်ပေးခြင်းကို နေ့လယ် ၁-နာရီ မထိုးခင်မှာ ပြီးစီးသွားတဲ့အတွက် ပုံမှန်အားဖြင့် နေ့စဉ် နေ့လည် ၁-နာရီအတွင်း ဆောင်ရွက်ပေးပတယ်လို့ ယူဆနိုင်ပါတယ်။

နေ့လည် ၃-နာရီမှာ စတင် စောင့်နေရပြီး အခွန်ဆောင်လို့ ပြီးသွားရင် ညနေ ၅-နာရီမှာ ပိုက်ဆံ ၁၅၀ နဲ့ နိုင်ငံကူးလက်မှတ် လာထုတ်ဖို့ တခါ ပြန်လာ စောင့်ရပါတယ်။

*** ဓါတ်ပုံရိုက်ဖို့ တန်းစီတဲ့အခါ အရင်ရောက်ရင် အရင် ဓါတ်ပုံရိုက်ရပေမယ့် အခွန်ဆောင်ဖို့ ကျသင့်ငွေကို သိရှိဖို့အတွက်တော့ မိမိယူထားတဲ့ တိုကင်နံပါတ်အတိုင်း စောင့်ရကာ နိုင်ငံကူးလက်မှတ် ထုတ်ယူချိန်မှာတော့ တိုကင်နံပါတ်အတိုင်း မခေါ်ပဲ နိုင်ငံကူးလက်မှတ် အရင်ပြီးတဲ့အတိုင်း ခေါ်တယ်လို့ ယူဆရပါတယ်။

ဒါကတော့ တနေ့တာ သံရုံးမှာ အချိန်ပေး လုပ်ဆောင်ရမယ့် အစီအစဉ်ပါပဲ။


သံရုံးမှ မိမိအလှည့်အား စောင့်ဆိုင်းနေစဉ် သက်တောင့်သက်သာဖြစ်စေရန်နှင့် မပျင်းရိရစေရန်

၁။ နေရာထိုင်ခင်း စီစဉ်ပေးခြင်း၊
၂။ စာအုပ်များ၊ ဂျာနယ်များ အစရှိတဲ့ ဖတ်စရာများ စီစဉ်ပေးခြင်း
၃။ သောက်ရေသန့် ထားပေးခြင်း
၎။ တိုကင်နံပါတ်ကို တီဗီဖန်သားပြင်မှာ ဖော်ပြသလို သံရုံးအတွင်းမှလည်း မိုက်ကရိုဖုန်းနဲ့ နာမည် ခေါ်ပေးခြင်း …

များကြောင့် အစစ အရာရာ အဆင်ပြေ ချောမွေ့လှသလို စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။

စတီးလ် သောက်ရေခွက် တစ်ခွက်သာ ထားရှိပေးထားခြင်းကတော့ ကျန်းမာရေးနဲ့ မကိုက်ညီလှပါဘူး။ ဆေးစရာ ရေဘုံဘိုင် အနီးနားမှာ ရှိရင် သို့ တခါသုံး စက္ကူခွက်တွေ ထားပေးရင်တော့ အဆင်ပြေမှာပါ။

ဖန်သားပြင်မှာ သတင်းအချက်အလက်တွေ စာတန်းထိုးတဲ့အခါမှာ စာလုံးပေါင်း တချို့မှားနေခြင်းနဲ့ စကားစု အဖြတ်အတောက် မမှန်ကန်ခြင်း စတဲ့အသေးအဖွဲလေးကို ပြင်လိုက်ရင်တော့ မြန်မာသံရုံးအနေနဲ့ ပိုမို ပြည့်စုံသွားမယ်လို့ ထင်မြင်မိပါတယ်။

(သံရုံးနဲ့ နီးစပ်သူများလည်း အကြံပေးကြစေချင်ပါတယ်။ ကျွန်တော်လည်း အီးမေးလ်ကနေ အကြံပြုတဲ့အနေနဲ့ စာပို့ဖို့ ရည်ရွယ်ထားပါတယ်။)


ယခုလို သံရုံးက အစစ အဆင်ပြေအောင် စီစဉ်ပေးနေတဲ့အချိန်မှာ ကျွန်တော်တို့ စင်္ကာပူနိုင်ငံရောက် မြန်မာများ အနေနဲ့လည်း နိုင်ငံကြီးသားများ ပီသစွာ တဖက်တလမ်းမှ ကူညီစေချင်ပါတယ်။

အဲ့ဒီနေ့မှာ အခွန်ဆောင်သူ၊ နိုင်ငံကူးလက်မှတ် အသစ်လဲသူ အချို့ရဲ့ မသင့်တော်သော လုပ်ရပ်တချို့ကို တွေ့ရှိရပါတယ်။ ဥပမာ …

၁။ ဖတ်ပြီးသား စာစောင်များ၊ ဂျာနယ်များကို နေရာတကျ ပြန်မထားခြင်း
၂။ ထိုင်ခုံများကို စီရရီ ချပေးသော်လည်း လိုသလို ဆွဲယူထိုင်ပြီး သေသေသပ်သပ် ပြန်မထားခြင်း
၃။ တစ်သျှူးများ အပါအ၀င် အမှိုက်သရိုက်များကို အမှိုက်ပုံးထဲ မထည့်ပဲ ထိုင်ခုံအောက်ကို အလွယ်တကူ ပစ်ချထားခြင်း
၎။ ဂျာနယ်များကို ထိုင်ခုံတွင် ခင်းထိုင်ပြီး ထားခဲ့ခြင်း

(ထိုင်ခုံအားလုံးဟာ အမိုးအကာအောက်မှာ သန့်ရှင်းခြောက်သွေ့စွာ ရှိနေတာမို့ မည်သည့်အကြောင်းကြောင့် ထိုင်ခုံမှာ ခင်းထိုင်သည်ကို နားမလည်ပါ။)

အစရှိတဲ့ ကိစ္စတွေဟာ သာမန်အားဖြင့် ကြည့်ရင် ဘာမှ မဟုတ်ပေမယ့် နိုင်ငံတနိုင်ငံအနေနဲ့ ဘယ်လောက် စည်းကမ်းရှိတယ်။ နိုင်ငံသားတွေ ဘယ်လောက် ယဉ်ကျေးမှု မြင့်မားသလဲဆိုတာကို တိုင်းတာတဲ့နေရာမှာတော့ အင်မတန် တာသွားပါတယ်။

ကျွန်တော်က အဲ့ဒီနေ့မှာ နောက်ဆုံးနီးပါးမှ နိုင်ငံကူးလက်မှတ် ရတာမို့ အကုန် မြင်တွေ့နေရပါတယ်။ လူတွေအားလုံးကုန်တော့ လုံခြုံရေး ၀န်ထမ်း အဖိုးကြီးက အစအဆုံး သေသေသပ်သပ် ဖြစ်အောင် သိမ်းဆည်း၊ လှဲကျင်း ဆောင်ရွက်တာ မြင်ရတော့ စိတ်မကောင်းပါဘူး။ ကျွန်တော်လည်း စိတ်မသက်မသာ ဖြစ်ရတာမို့ အနီးအနားမှာ ရှိတဲ့ ထိုင်ခုံတွေကိုတော့ အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ် ပြန်ထားပေးလိုက်ပါတယ်။

နိဂုံးချုပ် ပြောရရင် ယခုလို အစစ အရာရာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြတဲ့အချိန်မှာ၊ နိုင်ငံသားတိုင်းလည်း မိမိတို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့ လိုလားတောင့်တနေကြတဲ့အချိန်မှာ မိမိတို့ကိုယ်တိုင်ကလည်း အသေးအဖွဲကအစ မိမိတို့ ဆောင်ရွက်နိုင်တဲ့ အရာတိုင်းကို တာဝန်သိသိနဲ့ လုပ်ဆောင်ကြပါ၊ မိမိကိုယ်တိုင်ရဲ့ အပြုအမှု အပြောအဆို စတာတွေကို ယဉ်ကျေးမှု မြင့်မားတဲ့သူဖြစ်အောင် ပြုပြင်ကြပါ၊ ဖြစ်နိုင်ရင် မိမိအသိုင်းအ၀ိုင်းက မိသားစု၊ သူငယ်ချင်း အပေါင်းအသင်းများကိုလည်း အားပေးတိုက်တွန်းကြပါလို့ လေးစားစွာ တိုက်တွန်းလိုက်ရပါတယ်။

20 Feb 2013 (2:00AM)


Comments