Aung Din - The Month of March, The Revolution


အခန်း ၆ - မတ်လတော်လှန်ရေး  (၂)
အောင်ဒင်၊ မတ် ၁၃၊ ၂၀၁၃
(၆/ဂ) မတ်လရဲ့ သွေးစက်များ
မတ်လ ၁၄ရက်နေ့မှာ အစိုးရက ရန်ကုန်စက်မှုတက္ကသိုလ်ကို ပိတ်လိုက်ပါတယ်၊ ကျောင်းဝင်းကိုလဲ လုံထိန်းရဲတွေနဲ့ပိတ်ဆို့ထားလို့ အပြင်က နေ့ကျောင်းသားတွေ ကျောင်းထဲလာလို့မရသလို ကျောင်းဝင်းထဲကကျောင်းသားများလဲ ကျောင်းဝင်းအပြင်ထွက်လို့မရပါ၊ အစိုးရ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ မတ်လ ၁၃ ရက်နေ့အဖြစ်အပျက်ကို ကျောင်းသားများရဲ့ မှားယွင်းမှုတစ်ရပ်အဖြစ် ထပ်ခါထပ်ခါ ကြေညာပါတယ်၊
အစိုးရသတင်းထုတ်ပြန်ချက်မှာ မတ်လ ၁၃ရက်နေ့ညမှာ စက်မှုတက္ကသိုလ်ကျောင်းသားများရဲ့ ရမ်းကားမှုကြောင့် အနောက်ကြို့ကုန်းရပ်ကွက်က ပြည်သူတွေနဲ့ ရန်ဖြစ်ကြပြီး ကျောင်းသားများက ရပ်ကွက်ထဲက ရပ်ကွက်ကောင်စီရုံးနဲ့ သမဝါယမဆိုင်ကို မီးရှို့ကြကြောင်း၊ အဲဒီနောက် ကျောင်းဝင်းအတွင်းနဲ့အပြင် ကျောင်းသားတွေနဲ့ အရပ်သားတွေရဲ့ ပဋိပက္ခအတွင်း ကျောင်းသား ကိုဘုန်းမော်ဒဏ်ရာရကွယ်လွန်သွားကြောင်း စသဖြင့်ပါဝင်ပါတယ်၊
 ဒီကြေညာချက်ထုတ်ပြန်မှ ကိုဘုန်းမော်ကွယ်လွန်သွားပြီဖြစ်ကြောင်း ကျနော်တို့သိရပြီး အစိုးရက သူကွယ်လွန်ရတာဟာ အရပ်သားတွေလက်ချက်ကြောင့်ဖြစ်ရတာမျိုး လိမ်လည်လှည့်ဖျားတာတွေ့ရတော့ ကျနော်တို့ ပိုပြီးနာကျည်းကြပါတယ်၊ နောက်ပိုင်း ကြေညာချက်တွေမှာ ပိုပြီးဆိုးလာပါတယ်၊ စက်မှုတက္ကသိုလ်ကျောင်းသားများက ကိုဘုန်းမော်အတွက်ကလဲ့စားချေဖို့ အနောက်ကြို့ကုန်းရပ်ကွက်ကို မီးရှို့မယ်လို့ ကြိမ်းဝါးတာကြောင့် ရပ်ကွက်ပြည်သူတွေ အလန့်တကြားနဲ့ ရှောင်တိမ်းနေကြရကြောင်း စသဖြင့် ပြည်သူလူထုက စက်မှုတက္ကသိုလ်ကျောင်းသားများအပေါ်အဆိုးမြင်စေလောက်တဲ့ သတင်းများကို အစိုးရက ဆက်တိုက်ထုတ်ပြန်ဖော်ပြနေပါတယ်၊
မတ်လ ၁၄ရက်နေ့ ညမှာ ကျောင်းဝင်းထဲက ကျောင်းသားတွေ စားသောက်ဆိုင်တန်းနှစ်ခုအလယ်က မြက်ခင်းပြင်မှာ စည်းဝေးကြပါတယ်၊ ဒီစည်းဝေးပွဲကနေ ကျောင်းသားများကိုယ်စား အစိုးရကို အရေးဆိုဖို့ ကော်မီတီတစ်ရပ်ကို ဖွဲ့စည်းကြပါတယ်၊ ကော်မီတီမှာ ၉ ယောက်ပါတယ်ထင်ပါတယ်၊ မှတ်မိတဲ့ နှစ်ယောက်ကတော့ ကိုအေးလွင် နဲ့ ကိုနီ (ခေါ်) ကျော်မင်းနိုင်တို့ဖြစ်ပါတယ်၊ အစည်းအဝေးကပဲ ဆုံးဖြတ်ချက်နှစ်ရပ်ကို အများသဘောတူချမှတ်ပါတယ်၊
တစ်ခုက အစိုးရထံအရေးဆိုဖို့ပါ၊ အစိုးရထံ အချက် ၁၀ချက်ပါ တောင်းဆိုချက်တစ်ရပ်ကိုလဲ ပြင်ဆင်ကြပါတယ်၊ တောင်းဆိုချက်တချို့က ရန်ကုန်စက်မှုတက္ကသိုလ် မတ်လ ၁၃ရက်နေ့အရေးအခင်းတွင် ကိုဘုန်းမော် ကွယ်လွန်ခဲ့ရခြင်းမှာ လုံထိန်းတပ်ဖွဲ့ဝင်များပစ်ခတ်သော သေနတ်ဒဏ်ရာကြောင့် ဖြစ်ကြောင်းဝန်ခံရန်၊ ဤအရေးအခင်းကို အစိုးရမှ လွတ်လပ်သော စုံစမ်းရေးကော်မီတီတစ်ရပ်ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးရန်၊ ယင်းကော်မီတီတွင် ကျောင်းသားကိုယ်စားလှယ်များအားပါဝင်ခွင့်ပြုရန်၊ စစ်ဆေးတွေ့ရှိချက်များအား ပြည်သူလူထုထံ မှန်ကန်စွာ သတင်းထုတ်ပြန်ရန်၊ မတ်လ ၁၃ရက်နေ့အရေးအခင်းအား အကြမ်းဘက်ဖြေရှင်းခြင်းနှင့် ပစ်မိန့်ပေးခြင်းတို့အပေါ်တွင် တာဝန်ရှိသူများအား အပြစ်ပေးအရေးယူရန်၊ လက်ရှိထုတ်လွှင့်နေသော ကျောင်းသားများအပေါ်တစ်ဘက်သတ်အပြစ်ပုံချသည့် သတင်းထုတ်ပြန်ချက်များအား ချက်ခြင်းရပ်ဆိုင်းရန်၊ ဤအရေးအခင်းတွင်ပါဝင်သော ကျောင်းသားများအား ကျောင်းစည်းကမ်း၊ ရာဇဝတ်မှုများဖြင့် လုံးဝအရေးယူခြင်းမပြုရန်၊ ကျောင်းဝင်းပါတ်လည်ပိတ်ဆို့ထားသော လုံထိန်းရဲတပ်ဖွဲ့များအား ရုပ်သိမ်း၍ ကျောင်းအားပြန်လည်ဖွင့်လှစ်ရန်၊ နောင်တွင် ကျောင်းသားများ၏ အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် ကျောင်းသားအခွင့်အရေးကာကွယ်ရေးကော်မီတီများ တရားဝင်ဖွဲ့စည်းခွင့်ပြုရန်တို့ ဖြစ်ကြပါတယ်၊
နောက်ဆုံးဖြတ်ချက်တစ်ခုကတော့ စက်မှုတက္ကသိုလ်တွင် ဖြစ်ပွါးခဲ့သော အဖြစ်အပျက်အမှန်ကို အခြားတက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသားများအားရှင်းပြ၍ ၎င်းတို့၏ ထောက်ခံမှု၊ ညီညွတ်မှုကို ရယူရန်ဖြစ်ပါတယ်၊ ဒီဆုံးဖြတ်ချက်က အရေးကြီးပါတယ်၊ တိုးတက်သောအမြင်ရှိတဲ့ ကျောင်းသားတိုင်း ပြည်သူလူထုနဲ့ ကျောင်းသား ရန်မပွါးရဆိုတာ နားလည်လက်ခံကြပါတယ်၊
ကျောင်းသားဆိုတာ ပြည်သူလူထုရဲ့ သား၊ သမီးတွေဖြစ်ပြီး ပြည်သူလူထုရဲ့ နာကျင်မှုကို ဖေးမကူညီဖို့ တာဝန်ရှိသူတွေ၊ ပြည်သူတွေအစော်ကားခံရရင် ပြည်သူ့ဘက်က ရပ်တည်ဖို့ တာဝန်ရှိသူတွေပါ၊ အခုတော့ အစိုးရရဲ့ တစ်ဘက်သတ်သတင်းထုတ်ပြန်ချက်များအရ ပြည်သူလူထုနဲ့ အခြားကျောင်းများက ကျောင်းသားတွေက ကျနော်တို့ကို အမြင်လွဲနေလောက်ပါပြီ၊ ဒီအမြင်လွဲမှုကို ကျနော်တို့ အရေးတကြီးဖြေရှင်းဖို့လိုပါတယ်၊ ဒါကြောင့် တချို့ကျောင်းသားတွေ ကျောင်းဝင်းထဲကထွက်ပြီး အခြားကျောင်းတွေဆီအရောက်သွားလို့ လူကိုယ်တိုင် ကြိုးစားဖြေရှင်းကြရမှာပါ၊
ပထမဆုံးဖြတ်ချက်အရ အစိုးရထံအရေးဆိုမည့် ကြေညာချက်ကို လက်ရေးနဲ့ အကြမ်းရေးပြီး ကျောင်းသားရေးရာဋ္ဌာနမှာ လက်နှိပ်စက်ရိုက်ပါတယ်၊ အဲဒီဋ္ဌာနက စက္ကူတွေနဲ့ စာကူးစက်ကိုသုံးပြီး ကော်ပီတွေရနိုင်သလောက်ပွါးပါတယ်၊
ကျောင်းသားတွေရဲ့ ဝိုင်းဝန်းဖိအားပေးမှုကြောင့် မော်ကွန်းထိန်း ဦးဗိုလ်အေးက ကိုဘုန်းမော်သေဆုံးတာဟာ သေနတ်ဒဏ်ရာကြောင့်ဖြစ်ကြောင်း စာရေးပြီး လက်မှတ်ထိုးပေးပါတယ်၊ အဲဒီစာကိုလဲ မိတ္တူတွေ အများကြီးပွါးပါတယ်၊ကျောင်းသားရေးရာဝန်ထမ်းများက ကူညီကြပါတယ်၊ ပြီးတော့ ပါမောက္ခချုပ်ရုံးခန်းကို တစ်စောင်၊ မော်ကွန်းထိန်းရုံးခန်းကို တစ်စောင်သွားပေးလိုက်ကြပါတယ်၊
ဒုတိယဆုံးဖြတ်ချက်အတွက် အခြားကျောင်းများထံသွားရောက်ဖို့ကိုတော့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ကျောင်းဆိုပြီး အတိအကျတာဝန်ပေးတာမရှိပါ၊ တာဝန်ယူနိုင်သူ တွေက ဒီစာမိတ္တူတွေနဲ့အတူ နီးစပ်တဲ့ ကျောင်းကိုသွားပြီး ရှင်းပြဖို့ပါ၊ တချို့ကလဲ ကိုဘုန်းမော်ရဲ့ မိသားစုထံသွားရောက်ရှင်းပြဖို့ တာဝန်ယူကြပါတယ်၊ကျနော်က ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ဖြစ်နေတဲ့ အရင်ကျနော်တက်ခဲ့တဲ့ ဒေသကောလိပ် အမှတ် (၂) ကိုသွားဖို့တာဝန်ယူလိုက်ပါတယ်၊ အဲဒီကျောင်းမှာ ကျနော့်ညီနဲ့ ညီမက အင်္ဂလိပ်စာ ပထမနှစ်နဲ့ ဓာတုဗေဒ ဒုတိယနှစ်တက်နေကြပြီး သူငယ်ချင်းအတော်များများကလဲ ဆရာပြန်ဖြစ်နေကြတာမို့ပါ၊
မတ်လ ၁၅ရက်နေ့ နေ့လည်မှာ ကျောင်းဝင်းအတွင်းက ကျနော်ထွက်ခွါပါတယ်၊ ကျနော်နဲ့အတူ သူငယ်ချင်း တင်ထွန်းလဲပါပါတယ်၊ သူကလဲ ကျနော့်လိုပဲ ၁၉၈၁မှာ စက်မှုတက္ကသိုလ်ကို ရောက်ပြီး စာမေးပွဲတွေ တစ်ဘုန်းဘုန်းကျလို့ ၁၉၈၈မှာမှ နောက်ဆုံးနှစ်ကို ရောက်သူပါ၊
ကျောင်းဝင်းထဲကထွက်တာလဲ စွန့်စားခန်းတစ်ခုပါ၊ ကျောင်းရှေ့မှာ လုံထိန်းတွေက ပိတ်ဆို့ဝိုင်းရံထားတာမို့ ရှေ့ကထွက်လို့မရနိုင်ပါ၊ ဒါကြောင့်ကျောင်းဝင်းနဲ့ တစ်ဘက်ထဲက အရှေ့ကြို့ကုန်းရပ်ကွက်ထဲကို ခြံစည်းရိုးအုတ်တံတိုင်းကိုကျော်ပြီး ရောက်ရှိပါတယ်၊ အဲဒီကမှ အင်းစိန်ဘက်ကို အတော်ကြာကြာလမ်းလျှောက်ရပါတယ်၊ ကားလမ်းမကြီးကို ရှောင်ပြီး အတွင်းလမ်းတွေက လျှောက်ရတာမို့ ခွေးဟောင်လဲခံရပါတယ်၊ လူတွေရဲ့ မသင်္ကာအကြည့်လဲ ခံရပါတယ်၊ နောက်ဆုံးတော့ အင်းစိန်ရထားဘူတာကို ရောက်ရှိပါတယ်၊ အဲဒီအချိန်မှာပဲ ကျနော်တို့ ကျောင်းဝင်းကို လုံထိန်းတပ်တွေ ဝင်ရောက်စီးနင်းလိုက်ပြီဆိုတဲ့ သတင်းကို အရပ်သားများပြောနေတာကြားလိုက်ရပါတယ်၊
 အဲဒီနေ့က ညနေ ၃နာရီလောက်မှာ လုံထိန်းရဲတွေက ကျောင်းကို ဝင်စီးတယ်လို့ နောက်တော့သိရပါတယ်၊ ကျောင်းဝင်းထဲမှာ ကျောင်းသားပေါင်း တစ်ထောင်နီးပါးရှိတဲ့အထဲက ဆရာတွေ၊ ဝန်ထမ်းတွေနဲ့   အရှေ့ကြို့ကုန်းရပ်ကွက်ပြည်သူတွေကူညီလို့ ကျောင်းသား ၄၀၀ ကျော်လောက် လွတ်မြောက်သွားပြီး ကျန်ရစ်ခဲ့တဲ့ ကျောင်းသား ၆၀၀ ကျော်အဖမ်းခံကြရပါတယ်၊ ကျောင်းသားတွေအားလုံးကို အင်းစိန်ထောင်ကြီးရဲ့ တွဲဘက်အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းထားတယ် လို့လဲကြားရပါတယ်၊

(အောင်ဒင် ရဲ့ ရေးသားနေဆဲ “လူတယောက်ရဲ့ ဘ၀တခြမ်း မှတ်တမ်းတချို့ ”(မှတ်စုစာအုပ်) ထဲကနေ ခွင့်ပြုချက်တောင်းပြီး မတ်လ ၁၃၊ အရေးအခင်းမှတ်တမ်းကို မိုးမခမှာ ကောက်နုတ်ဖော်ပြပါတယ်။ သူ့ရဲ့ ကဏ္ဍ (၆) ကို အစအဆုံး ဆက်လက်ထည့်သွင်းပါ့မယ်)
(သ၇ုပ်ဖော် - စက်တင်ဘာ ၁၇၊ ၁၉၈၈ က စက်မှုတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ခဲ့တဲ့ စက်မှုအားမာန်စာစောင် အဖုံး၊ တင်မင်းထက်ဖေ့စ်ဘုတ်က ရတယ်) 

Comments