Kamarpale - Poem

ကိုယ်စိတ် မချမ်းသာရခြင်းအကြောင်း
ကမာပုလဲ
မတ်လ ၂၃၊ ၂၀၁၃

 

ကျနော်တို့ အမိနိုင်ငံ
ဗမာပြည်မှာပေါ့ဗျာ …။

ကျနော်တို့ငယ်ငယ်
အထက်တန်းကျောင်းသားဘဝ
အရှော့တ် ဟစ်စရီအော့ဖ် ဘားမား
(A Short History Of Burma)
(ဗမာပြည်သမိုင်း အကျဉ်းတိုတို) ကို
အင်္ဂလိပ် သင်္ခန်းစာမှာ
ပြဌာန်း သင်ယူခဲ့ဖူးတယ် …။

တရုတ်ပြည်က ဆင်းလာတယ် ပြောပြော
အိန္ဒိယကနေ နွယ်လာတယ် ဆိုဆို
တိဘက်တို ဘားမိစ်လား
မွန် ခမာလား
ဘာလား ညာလား ထားပါတော့လေ …။

ဟိုး တလောလေးဆီက
ရခိုင်ပြည်နယ်မှာ
ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ
အတော့်ကို ကြေကွဲစရာပါပဲ …
ရှေ့ရေးကို မတွေးရဲအောင်
ထိတ်လန့်ခဲ့တယ် …။

ထားပါလေ
ဆိုချင်တာက
အဲဒီ ပဋိပက္ခမှာ
လူတချို့
စစ်အုပ်ချုပ်ရေးကို
သွေးလွှမ်းနေတဲ့ လက်တွေ့ဘဝနဲ့
လိုလိုလားလား တောင်းဆိုခဲ့တဲ့ အသံ …
စစ်အမိန့်နဲ့ ငြိမ်ဝပ်ပိပြား အုပ်ချုပ်ရေးကို
မျှော်လင့်တောင့်တခဲ့တဲ့ အသံ … ။

ဒီပြဿနာဟာ
ဘယ်သူ ဖန်တီးပြီး
ဘယ်သူ ဆင်ခဲ့တဲ့ ဖြစ်ရပ်ပါလဲ
ဒီလိုဖြစ်အောင် ဘယ်သူတွေက
အကွက်ကျကျ စီရင်ခဲ့ပါသလဲ …။

ဗမာပြည်သမိုင်းမှာ
ရိုဟင်ဂျာ ရှိသလား … မရှိသလား
ဘဂါၤလီ ရွိသလား … မရွိဘူးလား
ငြင်းကြ … ခုန်ကြ … ရပ်တည်ကြနဲ့
စစ်ကျွန်ဘဝကို တောင့်တခဲ့တဲ့ အသံတွေကတော့
နားနဲ့ဆတ်ဆတ် ကြားခဲ့ရတာ သေချာတယ် … ။

ပေါက်ခွဲပစ်ခဲ့တဲ့ ရေဒီယိုကလေး
သူ့မှာ အပြစ်မရှိ
အဆီတဝင်းဝင်းပေမယ့်
သတင်းတွေက …
အဆိပ် တရှပ်ရှပ်နဲ့ အတိပြီးတယ် …။ ။

မှတ်ချက်
ဒီကဗျာကို ရခိုင်ပဋိပက္ခဖြစ်နေစဉ် တောတွင်းတနေရာကနေရေးခဲ့တယ်။ ရေဒီယိုသတင်းကနေ တဆင့်ခံစားသိနဲ့ပေါ့ ...။  ခု မိတ္ထီလာ. ... ဒါ့ကြောင့် ဒီကဗျာ ပြန်တင်တယ်။

Comments