Mar Mar Aye - 462

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၆၂)
တက္ကသိုလ်
 မာမာအေး
မတ် ၉ ၊ ၂၀၁၃



    ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ဒီဇင်ဘာလ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ...

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … တက္ကသိုလ်ကြီးကို ဟိုးတုန်းကလို ကျက်သရေပြည့်ဝ အပျံစားမွမ်းမံကြမယ်လို့ ကြားရတဲ့အချိန်မှာ ဧည့်သည်သမတ နှုတ်ခွန်းတော်သဖို့ ပြင်ပြင်၊ အထင်ကရ သမိုင်းလှလှတွေ ပြန်နိုးထစေဖို့ပြင်ပြင်၊ အဲဒီရွှေဥာဏ်ရှင်တွေကို ကျေးဇူး ကုဋေကုဋာ တင်မိပါတယ်၊
သည်အဓိကရနေရာ မြကျွန်းသာမှာ ပညာရွှေအိုး သိုက်မျိုးတစ်ရာ မတူးလာ မယူငင် ကေါလိပ်ဂျင်မဟုတ်တဲ့ မာအေးပင်လျင် သံယောဇဉ်ကဲ သွားလဲကြည့် ပြန်လဲကြည့် လွမ်းမိတဲ့နေရာ သူလဲပါခဲ့ပါတယ်ရှင်။

ခုလို ဒီဇင်ဘာဆို ပိုတောင် သတိရပါသေးတယ်။ ကျောင်းပိတ်လို့ အမေ့အိမ် ခဏ မပြန်ကြခင် - နှုတ်ဆက်ချင်နှုတ်ဆက်ကြလေ လို့ ပြောစရာ မလိုအောင် သဟာယနဲ့ စာဖတ်အသင်းတွေက ဦးဆောင်ပြီး ညစာစားပွဲ လက်ဆုံစားပွဲတွေ စီစဉ်ကြတယ်။ အမတ်ယိမ်း၊ ဖိုးသူတော်ယိမ်းတွေနဲ့ လောင်ကြ၊ ချင်းတွင်းဒိုးပတ်နဲ့ကကြ၊ ပျော်စရာ့ ပျော်စရာ ဒီဇင်ဘာတွေနဲ့ ကြုံခဲ့တာပါရှင်။

မာအေးကတော့ တက္ကသိုလ်မှာ ဒဂုံဆောင်ကစပြီး "လူမနှောပတ်ပျိုး" ဆိုပြခဲ့တာပေါ့ရှင်။ အရိပ်ပြဇါတ် ဆိုတာလဲ တီထွင်ကခဲ့ကြတာကိုး။ စာရေးဆရာ မင်းရှင်ရဲ့ ၀တ္ထုကို 'ကံမွဲစာဆို' လို့ နာမည်ပေးပြ၊ိး ကျောင်းသူကျောင်းသားများ ကိုယ်တိုင် တင်ဆက်ခဲ့ပါတယ်။ မင်းသမီးလေး ပြောတာနဲ့ ဆိုတာကိုတော့ မာအေးက လုပ်ပေးခဲ့ရပါတယ်။
'ပန်းတသင်းသင်းပတ်ပျိုး' နဲ့ 'ယမုန်နာပတ်ပျိုး' က ဇါတ်ဝင်သီချင်းတွေပေါ့။ တက္ကသိုလ်က ပါမောက္ခတွေ ဆရာတွေလဲ ဖိတ်ကြားတတ်လေတော့ ဒီလို မဟာဂီတတွေလဲ ခေါင်းမော်တဲ့ခေတ် လို့ ဆိုချင်ပါတယ်။ ပညာတတ်ပရိသဒ်တွေမို့ အော်တာဟစ်တာတွေ ဘယ်ရှိမလဲရှင်။ ဒီဇင်ဘာ အအေးဒဏ်ကို သန်းကေါင်ကျော်သည့်တိုင် မျက်ခင်းပြင်မှာ ထိုင်ရင်း သီချင်းနားထောင်၊ ဟိုသီချင်းလေး၊ ဒီသီချင်းလေးတောင်းဆိုနဲ့ ဂီတရဲ့ အရသာကို ခံစားကြတာပါ။
ဒီတော့ ဆိုကြတီးကြတဲ့သူတွေကလဲ စေတနာပါတာပေါ့။

စရောက်သွားရတာက မာအေးရဲ့ ဆရာ အလင်္ကါကျော်စွာ စေါင်းဦးဘသန်းက ခေါ်လို့ပါ။ ဒဂုန်ဆောင်ကို ဆရာကြီး ဦးလှရွှေ အဆောင်မှူးလုပ် အုပ်ချုပ်ပေးနေတဲ့ ကါလဖြစ်ပါတယ်။
လက်ထောက်အဆောင်မှူးက နောင်မှာ မြန်မာ့အသံ ကျော်ဦး အဖြစ် ပြန်ဆုံတယ်။ မြန်မာ့အသံ ဦးအောင်မြင့် ဖြစ်လာတဲ့ သီရိဂေဟာကဏ္ဍမှာ ကိုမြသီး လုပ်ခဲ့ရသူဟာ အဲဒီတုန်းက အမတ်ယိမ်းကတုန်း ကျောင်းမပြီးသေးပါဘူး။
တက္ကသိုလ်မှာဆိုပါများလာတော့ ကျောင်းသားကြီးတွေက အကိုတွေလို ဖြစ်လာတာပေါ့။ နောက်ပိုင်း စန္ဒရားချစ်ဆွေနဲ့ ပတ်သက်ပြီး ကဗျာဆရာ၊ သီချင်းရေးဆရာ တက္ကသိုလ်မြတ်လေးနဲ့ တွေ့ပါတယ်။
သူနဲ့ စပ်မိတဲ့အခါ တကသရဲဘော် ကျောင်းသားခွတ်ဒေါင်းများနဲ့ပါ ပေါင်းမိတာကိုး။ ကျောင်းသားအရေး တို့အရေးလို ခံစားတတ်လာတယ်။ ကိုယ်က အလယ်တန်းကျောင်းသူလေ။ သူတို့နဲ့အတူ ကျောင်းတိုက်ပွဲ မကူနိုင်သော်လဲ ကျောင်းသားတွေကို နိုးထဘို့ စည်းရုံးရာမှာတော့ အကိုမိုးမြတ်ကရေး၊ အကိုချစ်ဆွေက ဒိုင်ခံ အသံထည့်ပေး၊ အဲဒီကျောင်းသားတပ်ဦး သီချင်းတွေကို ဆိုပေးလိုက်၊ အသံသွင်းပေးလိုက်နဲ့တော့ မာအေး ကူလုပ်ပေးတာပေါ့။ ကျောင်းသားအကိုတွေ နဲ့ ဂီတအကိုတွေကြားက ဒေါင်းပေါက်မလေးဘ၀ တက္ကသိုလ်မှာ စခဲ့တာ ဘယ်လာ မချစ်ပဲ နေပါ့မလဲ။ တက္ကသိုလ်ကျောင်းသူကြီးလုပ်မယ် လို့ ကျိုးစားခဲ့ပါတယ်။ အကိုတော်တွေဆီက စာအုပ်တွေ ငှားဖတ်တာပေါ့။ အနုစာပေ ကေါက်နှုတ်ချက် ဆိုတဲ့ စာအုပ်ထဲက - ကဗျာတွေ အလွတ်ကို ရလို့ဘဲ၊ အဲဒီထဲက 'ကေသီပန်' ကဗျာခေါင်းစဉ်ကို ကြိုက်လို့ မာအေးတို့ ဂီတတစုအဖွဲ့ တည်ထောင်တဲ့အခါ 'ကေသီပန်' တူရိယာအဖွဲ့လို့ နာမည်မှည့်လိုက်တာ။

တက္ကသိုလ်ထဲမှာ အမြဲလိုလို သီချင်းဆိုဖို့ရောက်ရောက်နေတော့ အဆိုတော်ကိုသန်းလှိုင်တို့၊ လိုက်ခဲ့တော့မြနန္ဒာဆိုတဲ့ ကိုတင်လှတို့ စတဲ့ တက္ကသိုလ်ထွက် အဆိုတော်တွေနဲ့လဲ ဆုံကြ ခင်ကြနဲ့ ဖြစ်လာတာပါဘဲ၊ အဲဒီ လူဟောင်း အကိုတော်တွေလဲ ဖြစ်မြဲအနိစ္စ ကြွေကုန်ကြပြီကေါ၊ တလောလေးကဘဲ အတော်နောက်ကျမှ မြန်မာ့အသံဝန်ထမ်းဘဝမှာ သိကျွမ်းခဲ့တဲ့ 'တေးသံရှင်ကိုမြသိန်း'တောင် လူ့ဘောင်ကခွာ မရှိရှာတော့ဘူးလို့ မြန်မာ့အလင်းသတင်းစာ တက်ဖတ်ရင်း တွေ့ရပါတယ်။ မတွေ့ဖြစ် အကြာကြီး ဆိုတော့ ကျောင်းမှာ ဆရာပြန်လုပ်တယ်၊ ပြည်ပကို ထွက်ပြီးတော့လဲ ဆရာလုပ်တယ်၊ မိသားစုတွေဲ ကျန်ခဲ့တယ်၊ အသက်ကတော့ ၇၁ ဆိုတော့ ကိုယ့်ထက်တောင် ကြီးနေသလိုလိုဘဲ၊ သူ့မျက်နှာ ပြုံးလဲ့လဲ့က ရှက်တဲ့ပုံနဲ့ 'မမ' လို့ ခေါ်ခဲ့တာလေး ပြေးသတိရမိပြီး ပြုံးဖြီးဖြီးဖြစ်ချင်တယ်။ အဆိုတော် ၀ါအရ မမ ဖြစ်ခဲ့တာပေါ့လေ၊ ၀ါရှင်တန်က မြန်မာအုပ်စုက တက္ကသိုလ် ၈၈ နှစ်မြောက် အခန်းအနားပွဲလုပ်တော့ မာအေး သွားကူသေးတာကိုး၊ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ဖူးတဲ့ ကျောင်းသား ကျောင်းသူတွေ စုပြီး 'မြကျွန်းညိုညို တက္ကသိုလ်' သီချင်းကို ဆိုကြတော့ - ဟိုတုန်းက ဒီနေရာ ခြေဆင်းပိုဒ်လေးမှာ ကိုမြသိန်း အသံ လို့ သတိရခဲ့သေးတာပေါ့ရှင်။

ကျောင်းတော်ကြီးရဲ့ သံယောဇဉ်က အလျှင်မပြတ် ရှိတုန်းပါဘဲ။ Seven July အပြီး - ယူနီယံ လို့ ခေါ်တဲ့ သမဂ္ဂအဆောက်အဦးကြီးဟာ ဖြိုချပျက်စီးသွားမှသာ မရောက်ဖြစ်တော့တာပါ။ သည့်နောက်မှာတော့လဲ ဟိုနေရာပိတ် ဒီနေရာကါ နဲ့ မလွတ်လပ်တော့ဘူးဘဲ။ ကျောင်းထဲ ဝင်တဲ့ကဒ်လဲ မရှိနိုင်တော့ ကါးနဲ့ဖြတ်ရင်း ဘိုင့်ဘိုင်လုပ်ရတာ ကြာပြီ။ သမီးနဲ့သား ရောက်သွားတဲ့အခါ သမီးနဲ့သား ရောက်သွားတဲ့အခါ ကျောင်းဝမှာ အသာရပ်ပေး၊ တကသကြီးကိုငေး၊ ပျောက်သွားခဲ့ရှာတဲ့ အကိုတွေကိုတွေးဆွေးသေးတာဘဲ။

မလေးလုံ ရေးခဲ့တဲ့ ဘသက်ရှည် ဆရာကြီး ဦးဖေမောင်တင် အကြောင်း စာအုပ်ကို ဖတ်မိတော့ ခက်ခက်ခဲခဲ အားသွန်နွှဲခဲ့ရတာတွေ မြန်မာစာပြန်နားဖေါက်ခဲ့ရတာတွေ ဖတ်ရင်း ဟိုတုန်းကလို ပြန်လည် ဖွံ့ဖြိုးပါစေ လို့ ဆုတောင်းမိပါတယ်၊
နာဂစ် ဆိုတဲ့လေက မွှေလို့ ကန့်ကေါ်တွေလဲပြုန်း၊ အဓိကရသစ်ပုတ်ပင်ကြီးလဲ ဂတုံး ဖြစ်သွား ဆိုလား ကြားထါးလို့ စိတ်မကေါင်းနေတာ ဒီသတင်းက အကိုက်ကျသွားတာပေါ့ရှင်။ ကိုသန်းလှိုင်ရဲ့ ကန့်ကေါ်မြိုင်တန်းကို အားကျပြီး ပြန်စိုက်ပျိုးထောင်ကြစို့လားရှင်။

(ကန့်ကေါ်မြိုင်တန်း - ကိုသန်းလှိုင်)


စာစီစာရိုက် လုပ်အားပေး- မျိုးဇော်  

Comments