ရေးခဲ့မိသော မှတ်တမ်းများ - (၁၈)
အုန်းနိုင်
မတ်လ ၁၊ ၂၀၁၃
● ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အဖမ်းခံရခြင်း
● မြေနီကုန်း အရေးအခင်း
အဲဒီရက်အတွင်းမှာပဲ န၀တကသတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ဥပဒေနဲ့ ပတ်သက်ပြီးရှင်းလင်းပါတယ်။ မှတ်ပုံတင်ဥပဒေမှာ နိုင်ငံရေးပါ တီများ ကင်းလွတ်ခွင့်ရှိမယ် ဆိုတာ ..ဟိုတုံးက မ.ဆ.လပါတီက အာဏာရပါတီ အဖြစ် တခုတည်းရှိခဲ့လို့ ထည့်သွင်းခဲ့ပေမယ့် အခုလို့ ပါတီစုံမှာ ပါတီကင်းလွတ်ခွင့်ကို မပေးနိုင်ဘူး..။ ပါတီတိုင်း ကင်းလွတ်ခွင့်ရအောင်ထပ်လျှောက်ရမယ်..။ ပုံနှိပ်တိုက် အမည်၊ ပိုင်ရှင်အ မည်နဲ့ ကန့်သတ်ချက်တွေနဲ့ ညိစွန်းရင် အရေးယူမယ့်ပြစ်ဒဏ်။ နောက်...ဒီပြစ်ဒဏ်ကို ထပ်ပြီးတိုးတာတွေ လုပ်ထားတော့ ..။ဒါဟာ သက်သက်မဲ့ ညစ်တဲ့အသွင် ထင်းထင်းကြီး ပေါ်နေပါတယ်..။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမှတ်ပုံတင်ဥပဒေဟာ သက်သက်မဲ့ ညစ်ပတ်တဲ့ဥပဒေမို့ မလိုက်နာဘူးလို့ ပြောပါတယ်..။ ဒါပေမယ့် တချို့ ပါတီတွေကတော့ ကင်းလွတ်ခွင့် မှတ်ပုံတင်ကြပါတယ်..။ တ.စ.ညပါတီကစပြီး မှတ်ပုံတင်တာကတော့ အဆန်းမဟုတ်ပါဘူး..။အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အတွင်းမှာတောင် မှတ်ပုံတင်ချင်တဲ့ ဗဟိုကော်မတီတွေ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင်တွေရှိလာလို့ ဒါကို အစည်းအဝေးလုပ်ပြီး ဆွေးနွေးရမယ့်အခြေအနေ ရောက်လာပါတယ်..။
ဒီလို့အခြေအနေမှာပဲ သူတို့ န၀တ အနေနဲ့ခဏသာတာဝန်ယူမှာမို့ ပညာရေးကို တာဝန်မယူနိုင်ဘူးလို့ တချိန်ကပြောပြီး ကျောင်းတွေ ပိတ်ထားရာက ၁၉၈၉ ဇွန်လ (၁၉) ရက်နေ့မှာ မူလတန်းကျောင်းတွေကို ပြန်ဖွင့်လိုက်ပါတယ်..။ ကျောင်းတွေဖွင့်တာကိုကြိုဆိုပါတယ်..။ အခုတောင် ကလေးတွေမှာ သိပ်နစ်နာတာပေါ့..။ ဒါဟာ ယာယီအစိုးရဖြစ်ဖြစ် အာဏာသိမ်းအစိုးရဖြစ်ဖြစ်၊ ဂျပန်ခေတ် ဗုံးတွေ တဝေါဝေါချနေတဲ့ကာလမှာဖြစ်ဖြစ်၊ ပြည်တွင်းစစ်ကာလ သူပုန်နယ်တွေမှာ ဖြစ်ဖြစ်၊ ကျောင်းတွေဖွင့်နိုင်အောင်တော့ ကြံဖန်လုပ်ကြတာ ဘဲ။ ဒါပေမယ့် န၀တရဲ့ အပြောမဟုတ်ပုံနဲ့ အလုပ်မတတ်ပုံကို ပြောချင်တာပါ။
ဇွန်လ (၂၁) ရက်ဟာ လွန်ခဲ့တဲ့နှစ်က မြေနီကုန်းလမ်းဆုံမှာ အခြေခံကျောင်းသားကလေးတွေကို စစ်ကားတွေနဲ့ လိုက်တိုက်သတ်ခဲ့တဲ့နေ့ ဖြစ်လို့ ၁၉၈၉ ဇွန်လ (၂၁) ရက်နေ့မှာ မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်နေ့အဖြစ် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းက အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးမှာ အခမ်းအနားကျင်းပပါတယ်။ အဲဒီနေ့ မနက်ပိုင်းမှာ တက္ကသိုလ်ရိပ်သာလမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးမှာလည်း မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ကျွန်းတောလမ်းမှာ လုပ်တဲ့အခမ်းအနားက နေ့လည်
(၁၂)နာရီလောက်ပါ..။ အဲဒီ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်လည်းတက်ခဲ့ပါတယ်..။ အခမ်းအနားအပြီးမှာ စမ်းချောင်းက ပရိသတ် က မြေနီကုန်းလမ်းဆုံမှာ ပန်းခွေချပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ကားနဲ့ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို ပြန်မောင်းသွားပါတယ်။ မြေနီ ကုန်းလမ်းဆုံကပရိသတ်ကို ရဲက ၀င်ရောက်ဖမ်းဆီးတာမှာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးသေနတ်နဲ့ ပစ်ခတ်လူစုခွဲတယ်။
ကျောင်းသားဆယ်ယောက်လောက် အဖမ်းခံ၇တယ်..။ ဒီလမ်းဆုံမှာ ရှိတဲ့ရဲစခန်းကို လူထုက ၀ိုင်းလာတော့ သေနတ်နဲ့ ပစ်ခတ် လူစုခွဲရာမှာ မလှမ်းမကမ်းကိုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က သေနတ်သံကြားတဲ့နေရာကို ပြန်လှည့်လာပါတယ်။ ဒီမှာ အသင့်ရှိနေတဲ့ စစ် ကားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကိုပိတ်ဖမ်းပြီး မြေနီကုန်းရဲစခန်းကိုခေါ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းပြီဆိုပြီး တော့ လူအုပ်ကပိုကြီးလာလို့ နောက်ထပ် သေနတ်ပစ်ခတ်လူစုခွဲတော့ လူတယောက်သေဆုံးပါတယ်။ ဒီလူက စမ်းချောင်းမြို့ နယ် တ.စ. ည စည်းရုံးရေးမှူးတယောက်ပါ။ နောက်ဆုံးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ရတာပါဘဲ။
● ဘုရားလည်း အစကတော့ သာမန်လူပါဘဲ
ဒီမြေနီကုန်းအရေးအခင်းကိစ္စကို န၀တက သတင်းစာရှင်းလင်းပွဲ ရက်ဆက်လောက် နီးနီးလုပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က လူစုလူဝေးနဲ့ ဆူပူမှုဖန်တီးတယ်။ နယ်စည်းရုံးရေးခရီးတွေမှာလည်း တခြားအဖွဲ့ တွေထွက်ရင် ပြသနာမပေါ်ဘဲ အမျိုးသားဒမိုကရေစီအဖွဲ့ ချုပ်ကထွက်ရင်သာ လူစုလူဝေးနဲ့ ဆူပူမှုဖြစ်ပွါးတယ်လို့ စွပ်စွဲပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က တခြားအဖွဲ့အစည်း တွေ စည်းရုံးရေးလုပ်ရင် လူငါးဆယ်မကျော်လို့ နေမှာပေါ့လို့ပြန်ပြောပါတယ်။ နောက် သတင်းစာ ရှင်းလင်းပွဲတခုမှာတော့ ဒေါ်စုက သူ့ခြံ ထဲကလူငယ်တွေကို ဟောပြောရာမှာ ကြိုးစားကြဖို့ပြောရင်း ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ်။ ဘုရားဆိုတာ အစကတော့ သာမန်လူပဲ။ ကြိုးစားလို့ ဘုရားဖြစ်လာတာလို့ ထည့်ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာမက လူကြီးတော်တော်များများဟာ ကြိုးစား မှုနဲ့ပတ်သက်ရင် ဒီလိုပဲ ပြောလေ့ရှိပါတယ်။ ဒါကို န၀တသတင်းစာရှင်းလင်းပွဲက အကြီးအကျယ်လုပ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကထုတ်တဲ့ ဒေါ်စုပုံနဲ့ စာအုပ်ကိုပြပြီး ဒီစာအုပ်ထဲမှာ မြတ်စွာဘုရားဟာသာမန်လူပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ဒါကြောင့် သူလဲ ကွန်မြူနစ်ပဲဆိုတာမျိုး ကလေးကလားနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့လုပ်ရပ်တွေဟာ ဗကပဆန်တယ်။ လုပ်နည်းလုပ်ဟန်တွေက ဗကပနဲ့တပုံစံတည်းပဲ။ အခုလည်း တရား တဲ့ ဥပဒေမှလိုက်နာမယ်။ မတရားတဲ့ဥပဒေဆိုရင် အာဏာဖီဆန်မယ်လို့ လှုံ့ဆော်နေတယ်။ အာဏာဖီဆန်ရေးပြီးရင် အာဏာနီတည် ဆောက်ရေးပဲလို့ စွပ်စွဲပါတယ်။ နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လူငယ်က စစ်ကိုနိုင် ခေါ် စိုးသိန်းဟာ မိန်းကလေးတယောက်နဲ့ ညိစွန်းပြီး ကိုယ်ဝန်ဖျက်ချလို့ ရာဇ၀တ်မှုအရ သက်ဆိုင်သူတွေကို စုံစမ်းအရေးယူနေတာမှာ အဖွဲ့ ချုပ်က လူကြီး အချို့ က တရားခံကို ကူ ညီနေတာတွေ့လို့ အရေးယူမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။
၂၄. ၆. ၈၉ နေ့ သတင်းစာ ရှင်းလင်းပွဲသတင်းကို ၂၆. ၆. ၈၉နေ့ လုပ်သားသတင်းစာတစ်စောင်အနေနဲ့ ထပ်မံထုတ်ဝေပါတယ်။ အဓိပ္ပါယ် ကတော့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ကိုတိုက်ခိုက်ဖို့ ဦးတည်လိုက်တာပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကလည်း န၀တရဲ့ မှတ်ပုံတင် ဥပဒေဟာ ပါတီစုံဒီမိုကရေစီဆိုတဲ့သဘောထားနဲ့မညီဘဲ နိုင်ငံရေးပါတီများကို ဒီမိုကရေစီအခွင့်အရေး ပိတ်ပင်တဲ့သဘောဖြစ်နေလို့ ဒီအ မိန့်ကိုတော့ အာဏာဖီဆန်မယ်လို့ ကြေညာလိုက်ပါတယ်။ မှတ်ပုံမတင်ပဲ စာရွက်စာတမ်း၊ သတင်းလွှာ စာစောင်များ ထုတ်ဝေမယ်။ ဒါနဲ့ ပတ်သက်လို့ တာဝန်ခံရမယ့် တာဝန်ခံနှစ်ဦးကို တာဝန်ပေးလိုက်ပါတယ်။ ကိုလှအုံးနဲ့ ကိုစံမြင့်တို့ ဖြစ်ပါတယ်။ အဖွဲ့ ရဲ့  စာရွက်စာတမ်း မှန်သမျှ သူတို့ထုတ်ဝေမယ်။ သူတို့တာဝန်ယူမယ်လို့ ကြေညာပါတယ်။
ဇွန်လ (၂၈) ရက်နေ့သတင်းစာများမှာတော့ မျက်နှာဖုံးမှာကို န၀တ အမိန့်အမှတ် (၃/၈၉) ကို ဗိုလ်မှူးချုပ်ခင်ညွန့် လက်မှတ်ထိုး ကြေညာ လိုက်ပါတယ်။ အဓိကအချက်ကတော့ အသင်းအဖွဲ့များဟာ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနမှာမှတ်ပုံတင်တဲ့ သာရေးနာရေး အဖွဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးအဖွဲ့ရယ်လို့ (၂) မျိုးရှိတဲ့အနက် နှစ်မျိုးစလုံးဟာ မိမိတို့အဖွဲ့ အစည်း အတွက် စာရွက်စာတမ်းများ၊ စာအုပ်မှတ်တမ်းလွှာ စသည်တို့ကို ထုတ်ဝေချင်ရင် ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနမှာ ကင်းလွတ်ခွင့်
လျှောက်ရမယ်။ ကင်းလွတ်ခွင့် ရရင်တောင်မှ န၀တကို ဆန့်ကျင်တဲ့၊အစိုးရကို ဆန့်ကျင်တဲ့၊ တပ်မတော်ကို ထိပါးပုပ်ခတ် သွေးခွဲတဲ့ တရားဥပဒေစိုးမိုးရေးကို ထိပါးစေတဲ့၊ ထုတ်ပြန်ထားတဲ့အမိန့်များကို ဆန့်ကျင်တဲ့အချက်တွေမပါဘဲ မိမိတို့ပါတီရွေးကောက်ပွဲမှာ အနိုင်ရ ရေးအတွက်ပဲ ရေးသားထုတ်ဝေနိုင်တယ်။ ဒီလိုကင်းလွတ်ခွင့် မလျှောက်ပဲ အာဏာဖီဆန်ပြီး ထုတ်ဝေမယ့်အဖွဲ့ အစည်းကို မာရှယ်လောနဲ့
အရေးယူမယ်လို့ပါရှိပါတယ်။
အဲဒီနေ့မှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ပြန်ကြားရေးဌာနကြီးတာဝန်ခံ ရုပ်ရှင်မင်းသားကြီး ဦးအောင် လွင်ကိုဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးပုံ ဖမ်းဆီးနည်းက ရိုင်းစိုင်းလှပါတယ်။ ခေါင်းကိုအ၀တ်အိတ်စွပ်ပြီး လက်ကိုကြိုးတုတ်ခေါ်သွားတာမျိုး ပါ။ ဒီနေ့မှာပဲ အခြားနိုင်ငံရေးပါတီ အဖွဲ့ အစည်းတွေက ဦးခင်မောင်မြင့်၊ ဦးလှရေ (ပီသုံးလုံး) နဲ့ ဒေါက်တာမောင်မောင်ကျော်တို့အပြင် ကျောင်းသားခေါင်းဆောင် ကိုညိုထွန်း၊ ကိုဇော်ဇော်အောင်၊ ကိုမျိုးသိမ်းနဲ့ ကိုသန့်ဇင်တို့ကိုလည်း ဖမ်းဆီးလိုက်ပြန်ပါတယ်။ န၀တကတော့ ဗိန်းဗောင်းတိုက်နေပါပြီ။
(ရေးခဲ့မိသော မှတ်တမ်းများ (၁၉) မှာ “ဦးဝင်းတင်ကို မတရားထောင်ချပြီ” ကို ဆက်ပါမယ်။)
(စာရေးသူ အုန်းနိုင်ဟာ ..ဒီမိုကရေစီအရေးတော်ပုံခေါင်းစဉ်နဲ့ မှတ်တမ်းများကို ရေးခဲ့ရာမှာ အပိုင်း (၆) ပိုင်းခွဲပြီး ရေးထားပါတယ်။ ဒီ မှတ်တမ်းများကို ဒုတိယပိုင်းမှစတင်ပြီး ရေးခဲ့မိသောမှတ်တမ်းများဆိုတဲ့ခေါင်းစဉ်များနဲ့ ပြန်လည်ဖော်ပြနေတာပါ။ အခု ရေးခဲ့မိသော မှတ် တမ်းများ (၁၈) ကနေပြီး တတိယပိုင်းကို စတင်တာပါ။)
● ပထမအပိုင်း - ရှစ်လေးလုံးအရေးတော်ပုံ
● ဒုတိယပိုင်း - အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဖွဲ့ စည်းခြင်း
● တတိယပိုင်း - ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အဖမ်းခံရခြင်း
● စတုတ္ထပိုင်း - စစ်အုပ်ချုပ်ရေးအောက်မှ ပါတီစုံရွေးကောက်ပွဲ
● ပဉ္စမပိုင်း - ဂန္ဒီခန်းမကြေညာစာတမ်း
● ဆဌမပိုင်း - ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှထုတ်ပယ်ခြင်း။
Comments