Ohm Naing - Articles


ရေးခဲ့မိသော မှတ်တမ်းများ (၂၃)
အုန်းနိုင်
မတ်လ ၃၁၊ ၂၀၁၃



● တစညပန်းခွေကြီး အလိုလို လဲကျသွားခြင်း
ဇူလိုင် (၁၉) ရက်နေ့  မနက်လင်းရင်ပဲ ပေါင်းတည်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စောစောဖွင့်ပြီး (၄၂) နှစ်မြောက် အာဇာ နည်နေ့အခမ်းအနားကျင်းပဖို့  နေရာထိုင်ခင်း ပြင်ဆင်ပါတယ်။ အသံချဲ့စက်အစား ဆောင်းဘောက်ကိုပဲ သုံးပါတယ်။ ရုံးခန်းအပြည့် ဖျာ တွေခင်းပါတယ်။ ကုလားထိုင်တွေကိုတော့  အပြင်ဘက် ခြံထဲမှာ ချထားပေးတယ်။ တဖြည်းဖြည်း  ရပ်ကျေးကိုယ်စားလှယ်တွေ ရောက် လာကြပါတယ်..။

မနက် (၈) နာရီလောက်မှာ  လူတစ်ရာလောက်စုမိနေပါပြီ..။ ချီတက်ဖို့အစီအစဉ်တွေ စလုပ်ကြတယ်တကယ်တော့ ကျနော်တို့အဖွဲ့ဟာ   (၁၀) နာရီမှာ အာဇာနည်ကျောက်တိုင်ကိုရောက်ရမယ်။ ဒါက မ၀တနဲ့ ညှိနှိုင်းထားတဲ့အချိန်ပါ..။ ဒါပေမယ့် အာဇာနည်ကျောက်တိုင်ဘက် ကို    လူလွှတ်ပြီးစုံစမ်းကြည့်တော့  မနက်  ၇ နာရီ ၁၅ မိနစ်မှာ  တ.စ.ည လေးဖွဲ့က တဖွဲ့စီ ၀င်မနေတော့ပဲ   လေးဖွဲ့စလုံး ပေါင်းဝင်လိုက်တော့ အချိန်စောပြီး  ပြီးသွားတယ်..။ ကျန်တဲ့ အဖွဲ့တွေကလည်း သတ်မှတ်တဲ့ အချိန်ထက်ပိုပြီး မြန်မြန်ပြီး   သွားကြတယ်..။

ဒါကြောင့် အဲဒီအဖွဲ့တွေ  အားလုံး ပြီးရမယ့်အချိန်ကို  ၉နာရီ၅၅မိနစ်လို့ သတ်မှတ်ထားပေမယ့်  ၉နာရီသာသာမှာ အားလုံးပြီးသွားကြ တယ်။ ဒီတော့ ကျနော်တို့ အဖွဲ့ကစောစောထွက်ဖို့ လိုလာတယ်။ ခက်တာက  ပန်းခွေက  ခုထိ  ရုံးကို ရောက်မလာသေးဘူး..။ ၉ နာရီထိုး တော့  လူငယ်သုံးလေးယောက်ကို   ပန်းခွေ လုပ်တဲ့ နေရာကို  ကားနဲ့လွှတ်ရတယ်..။ ၆ လမ်းက  နောင်ရိုးစာပေကိုပါ..။

၉ နာရီခွဲလောက်  ကားပြန်လာတော့ ပန်းခွေတော့ ပါလာပါတယ်..။ ပန်းခွေ စီစဉ်လုပ်ကိုင်တဲ့ ဦးဖေမြင့်တို့လေးဦး ပါမလာသေးပါဘူး..။ ရေ ချိုးပြီးမှလာမယ်ပြောပါတယ်..။ ပန်းခွေကတော့  အပျံစားပါဘဲ..။ တကယ့်  အလံပုံစံအတိုင်း ပေါ်လွင်ပါတယ်..။  အောက်ခံပုဏ္ဍရိတ်ပန်း နီနီတွေပေါ်မှာ အ၀ါရောင်ပန်းတွေနဲ့ ခွပ်ဒေါင်းပုံစံ..။ အဖြူရောင်ပန်းပွင့်တွေနဲ့ ကြယ်ဖြူပုံစံတွေကို လှလှပပ ပုံဖော်ထားတဲ့  ပန်းခွေကြီးကို ဦးသန်းထွန်းနဲ့ ဦးဝင်းနိုင်ဦးတို့နှစ်ယောက်က ကိုင်လိုက်ကြတယ်..။

သူတို့နှစ်ယောက်က ပန်းခွေကိုကိုင်ပြီး လမ်းမပေါ် ရပ်လိုက်ရင်ပဲ  သူတို့ နောက်မှာ အလံကိုင်တဲ့သူ..။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စာတမ်းကိုင်တဲ့သူတွေဟာ..သူ့နေရာနဲ့သူ  ဆက်တိုက်  နေရာယူလိုက်ကြတယ်..။ နောက်ကလိုက်ပါမဲ့  အဖွဲ့ဝင်တွေကလည်း   လေး ယောက်တတွဲ ချီတက်မဲ့ပုံစံအတိုင်း  နေရာဆက်ယူကြတယ်..။ ဒီလိုနဲ့ ကျနော်တို့လူတန်းကြီးဟာ  ရုံးရှေ့မှာတင်  လူ (၂၀၀) လောက် ရှိနေ ပါပြီ..။ ဒီအချိန်မှာပဲ  ကြက်ခြေနီဝတ်စုံနဲ့ ကလေးတယောက် ဘိုင်စကယ်နဲ့  ရောက်လာပါတယ်..။

အာဇာနည်ကျောက်တိုင်မှာ အလေးပြုမဲ့ အဖွဲ့တွေ  အားလုံး ပြီးသွားပြီ..။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ စောင့်နေရလို့ လာအကြောင်း ကြားတာလို့ ပြောပါတယ်..။ နာရီကိုကြည့်တော့  (၉) နာရီ ခွဲနေပါပြီ..။ အေး..လာခဲ့မယ်..။ တို့ကသတ်မှတ်တဲ့အချိန်ကို ရောက်အောင် လာ မှာပါ.. လို့ဆိုတော့ သူက ..အခု အားလုံးပြီးနေလို့ပါလို့ အထွန့်တက်ပါတယ်..။ ကျနော်ကလဲ “အေးပါကွာ..။ အချိန်မှန်ရောက်ရမယ်..။ သွားတော့”   လို့ ပြောပြီး  ပန်းခွေအဖွဲ့ကို  မျှော်ပါတယ်။ ကိုယ့်လူတွေက  မလာသေးဘူး..။ ကျနော်လဲ  သူတို့ကိုစောင့်ရင်းနဲ့ ချီတက်မယ့် လူတန်းကြီးကို  လိုက်နာရမယ့်စည်းကမ်းတွေကို ပြောပါတယ်..။

ငြိမ်ငြိမ်သက်သက် ချီတက်ပါ.။
တဦးနဲ့တဦး စကားမပြောပါနဲ့။
ဘေးကလူတွေကို လှမ်းမခေါ်ပါနဲ့။
မိမိတို့အနားဝင်လာရင်လဲ  နောက်ဆုံးကပဲလိုက်ဖို့ ပြောပါ...။
ဘေးက ပရိသတ်က  လက်ခုပ်တီးရင်လဲ ပြန်မတီးပါနဲ့..။ 
စည်းကမ်း ရှိဖို့ အရေးကြီးပါတယ်လို့ပြောပြီးသည်အထိ ပန်းခွေ အဖွဲ့က ရောက်မလာသေးပါ..။ နာရီကြည့်လိုက်တော့ (၉) နာရီ (၄၅) မိနစ်
ရှိပါပြီ။

ကဲ..စချီတက်ကြမယ်..။ သူတို့လိုက်လာရင်လဲ  နောက်ကပဲ  လိုက်ခဲ့ပစေတော့ပေါ့..။ စတင်ချီတက်လာပါပြီ..။ လူတန်းကြီးက ရုံးတည်ရှိရာ  ၃၇ လမ်းကနေ  မှတ်တိုင်လမ်းကိုကွေ့မိတော့ မီးရထားတံခါးပိတ်ထားတာကို  တွေ့ရပါတယ်..။ ဥသြသံကိုလဲကြားရပြီး..။ မီးရထားတစင်းဝင် လာပါတယ်..။ ကျနော်တို့ချီတက်လာတဲ့လမ်းကြောင်းနဲ့ ကန့်လန့်ဖြတ်ပါပဲ..။ ကျနော်တို့လဲ ဆက်ချီတက်လာပါတယ်..။

ရထားကလည်း  ပြည်ဖက်ကနေ၀င်လာပါတယ်..။ မီးရထားစက်ခေါင်းဟာ  ကျနော်တို့ ချီတက်ရာလမ်းကြောင်းရဲ့ ရှေ့တည့်တည့်မှာ ပိတ် ရပ်လိုက်ပါတယ်..။ ဒါပေမယ့်  မီးရထားစက်ခေါင်းမောင်းသမားက  ကျနော်တို့ချီတက်လာတဲ့လူတန်းနဲ့ ရှေ့ကအလံတ၀က်ထူထားတဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အလံ..။၊နောက်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပုံသဏ္ဍန်  အရောင်အသွေး အတိုင်း    ပုံဖော်ထား တဲ့ပန်းခွေ (တကယ်တော့  ပန်းအလံ) ကြီးကို  မြင်သွားပါတယ်..။ဥသြ တချက် ဆွဲလိုက်ပြီးရထားကြီးကို နောက်ပြန်ဆုတ်  လိုက်ပါတယ်..။  ကျနော်တို့ ချီတက်ရာလမ်းမပိတ်အောင်  နောက်ဆုတ်ပေးတဲ့ သဘောပါ..။

ဒီတော့ ကျနော်လဲ  လူအုပ်ထဲက  ထွက်ပြီး ရထားလမ်းတံခါးထိန်းဆီကို ခပ် မြန်မြန်သွားပါတယ်။ တံခါး ဖွင့်ပေးဖို့ ပြောတော့   သူက  ..ရထား ရှိနေတယ်..လို့ပြန်ပြောပါတယ်..။ ဒီအချိန်မှာပဲစက်ခေါင်းမောင်းသမားက  ခေါင်းတွဲထဲကဆင်းပြီး ကျနော်တို့ ဆီကို  ပြေးလာပါ တယ်..။

“ဟေ့..ဖွင့်ပေးလိုက်..။ ငါ  ..မောင်းတဲ့သူမရှိဘဲရထားကြီး မထွက်ဘူးကွ”  ဆိုတော့မှ  ရထားသံလမ်းတံခါးပွင့်သွားပါတယ်..။ကျနော်တို့  လူတန်းကြီးလဲ အရှိန် မပျက် ဆက်လက်ချီတက်နိုင်ပါတယ်..။ဒီအဖြစ်အပျက်ကိုမြင်လိုက်တဲ့အခါ ဘေးပရိသတ်ရဲ့လက်ခုပ်သံဟာ တ ဖြောင်း ဖြောင်း  ဖြစ်သွားပါတယ်..။ မီးရထားကဆင်းလာတဲ့ သူတွေပါလက်ခုပ်သြဘာ ပေးကြပါတယ်..။ကျနော် တို့  လူတန်းကြီးကတော့ စည်းကမ်းအတိုင်းဘာမှ ပြန်မတုန့်ပြန်ကြပဲ  စည်းကမ်းတကျ ဆက်ချီတက် ခဲ့ကြပါတယ်..။မီးရထားလမ်း ကျော်ပြီးဘုရားကြီးလမ်းတလျှောက် လုံးလဲ  လမ်းဘေးကပရိသတ်ရဲ့  လက်ခုပ်တီး အားပေးသံက တဖြောင်းဖြောင်းပါပဲ..။

ဘုရားကြီး လမ်းဆုံးတော့  အာဇာနည်ကျောက်တိုင်ကိုရောက်ပါပြီ..။ အာဇာနည်ကျောက်တိုင် ရှေ့မှာ တန်းစီပြီးရပ်လိုက်ကြပါတယ်..။ ကျောက်တိုင်ရှေ့ ပန်းခွေတင်တဲ့  ဒေါက်တိုင်အလွတ်ပေါ်ကိုကျနော်တို့ ပန်းအလံကြီးကို  တင်လိုက်ပါတယ်..။

ကျောက်တိုင်ရဲ့ ဘေးနှစ်ဘက် မှာတော့အရင်အဖွဲ့တွေချသွားတဲ့  ပန်းခွေတွေကို စနစ်တကျ ရွှေ့ချိတ်ထားပြီးပါပြီ..။ကျောက်တိုင်ရဲ့ ဘေး နှစ်ဖက် လမ်းပေါ်မှာတော့  ကြက်ခြေနီနဲ့မီးသတ် တပ်ဖွဲ့ဝင်တွေပဲ  ရှိပါတယ်..။ကျနော်တို့  ပန်းအလံကြီးကိုပန်းခွေဒေါက်ပေါ်  တင်ပြီး  ပန်းခွေကိုင်သူနှစ်ယောက်က  လူတန်းထဲကိုပြန်စီပါတယ်..။ကျနော်က ရှေ့ကို ခြေနှစ်လှမ်း ထွက်လိုက်ပါတယ်..။

“အားလုံး..သတိ” လို့  ကျနော်ကအော်ပြီး အမိန့်ပေးလိုက်ပါတယ်..။အားလုံး သတိဆွဲကြတဲ့  အသံ..။ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရဲ့ ဖိနပ်ချင်း ရိုက်သံတွေကို  တဖြောင်းဖြောင်း ကြားလိုက်ပါတယ်..။ ဒီအချိန်မှာပဲ  ချသွားပြီးသား ပန်းခွေတွေကို  စနစ်တကျ တင်ထားတဲ့  ပန်းခွေဒေါက်တခုဟာ ၀ုန်းခနဲလဲကျသွားတာကို   အသံလဲကြား၊ မျက်စိထောင့်မှာလဲ  ရိပ်ခနဲ  မြင်လိုက်ရပါတယ်..။

“နိုင်ငံတော်အလံကို  အလေးပြု..”

“ကျဆုံးလေပြီးသော  အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ကျောင်းသား ကျောင်းသူ ရဟန်းရှင်လူအပေါင်းတို့အား  အလေး..ပြု”

ကျနော်  ကိုယ့်အဖွဲ့ကိုယ်  အမိန့်ပေးမယ်လို့ တာဝန်ယူခဲ့တာမှာ ..ဒီလို  ကျောင်းသားကျောင်းသူ ရဟန်းရှင်လူဆိုတာကို ထည့်ချင်လို့ပါ..။

“ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်  ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသောကျောင်းသား  ကျောင်းသူ  ရဟန်း ရှင်လူများအား သတိရအောက်မေ့သည့်အနေဖြင့်    ...ရှစ်စက္ကန့်ငြိမ်”

ဒီမှာလည်း  မ၀တရဲ့ အမိန့်စာသားကကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား သတိရသည့်အနေဖြင့်  ၂ မိနစ်ငြိမ် ..ဖြစ်ပါ တယ်..။ ကျနော်က ကျဆုံးသွားတဲ့ ကျောင်းသားကျောင်းသူ ရဟန်းရှင်လူလို့  ထပ်ထည့်လိုက်တယ်..။ပြီးတော့  ရှစ်လေးလုံး အရေးတော်ပုံကို အထူးပြု တဲ့ အနေနဲ့ ..ရှစ်စက္ကန့်ငြိမ် လို့လုပ်လိုက်တာပါ..။

နောက်ထပ် အမိန့်ပေးရမယ့်  တန်းဖြုတ်ဆိုတာကိုတော့ ကျနော်မေ့သွားပါတယ်..။ ကျနော့် ပရိသတ်ဘက်ကိုလှည့်ပြီး  အလာတုန်းကလိုပဲ
စည်းကမ်းတကျ ရုံးဘက်ကို  ပြန်လည်ချီတက်ကြပါ..လို့အမိန့်ပေးတဲ့ လေသံမဟုတ်ပဲ  စကားပြောသလိုပဲ ပြောပြီး ကျနော်တို့ ပြန်လှည့် ထွက်ကြပါတယ်..။ ဒီတော့မှ..

“တန်းဖြုတ်” ဆိုတဲ့ အမိန့်သံကြားလိုက်ရပြီး  ကြက်ခြေနီနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားသံတွေကို ကြားလိုက်ရပါတယ်..။သူတို့ အ လုပ်က ကျနော်တို့ ချသွားတဲ့ ပန်းခွေကိုသက်ဆိုင်ရာ ဘေးဖက်က ဒေါက်တခုစီကို သွားတင်ပေးရမယ်..။ အဲလိုသွားတင်ရာမှာပန်းခွေရှေ့ ရောက်ရင် ဖနောင့်ချင်းရိုက်၊ အလေးပြု ပြီးမှရွှေ့ယူရတယ်..။ပြီးရင် သက်ဆိုင်ရာ ဒေါက်တိုင်ပေါ်ကို တင်  ..။ခြေချင်းရိုက်..။အလေးပြု..။ပြန်လှည့်..။ဒါတွေလုပ်ကြပါတယ်..။

ဒါပေမယ့်  ခုန သူ့အလိုလို လဲကျသွားတဲ့ပန်းခွေကြီးကိုတော့  ထုံးစံအတိုင်းလုပ်မနေနိုင်ကြပါဘူး..။တယောက်က ပန်းခွေကို အမြန်ဆွဲလှန်..။တယောက်ကဒေါက်တိုင်ကိုထူပြီး ပြန်တင်ရပါတယ်..။ကြည့်လိုက်တော့မှ  လဲကျသွားတဲ့ ပန်းခွေရဲ့ အလယ်မှာ “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ”      ဆိုတဲ့ စာတမ်းကို တွေ့လိုက်ရပါတယ်..။ဖြစ်မှ ဖြစ်ရလေ..။တမြို့လုံးမှာတော့  အဲဒီဖြစ်ရပ်ဟာပြောစရာအုတ်အော် သောင်းနင်း ဖြစ်သွားတော့တာပါပဲ..။

ရုံးကို ပြန်ရောက်တော့ပန်းခွေအဖွဲ့  လေးယောက်ကို  ရုံးရှေ့ခုံတန်းမှာ  ထိုင်လျက်တွေ့ရပါတယ်..။သူတို့ ဆက်လိုက်လာရင် ရရဲ့သားနဲ့ လိုက်မလာကြဘူး...။ကဲ..ထားတော့ မလိုက်ချင်တဲ့သူ..အတင်းမခေါ်ရဘူးဆိုတဲ့စည်းကမ်းလဲ ရှိပြီး မဟုတ်လား..။ ဒါကို ပြောမနေနဲ့ တော့..။၁၀နာရီ ၃၇မိနစ်မှာ  ဥသြဆွဲတာစောင့်ရမယ်..။ပြီးရင် ရုံးမှာ အာဇာနည့်နေ့အခမ်းအနား ဆက်လုပ်ဖို့ ရှိသေးတယ်..။

၁၀ နာရီ ၃၇ မိနစ်မှာ  ဥသြဆွဲတော့ အားလုံးမတ်တပ်ရပ်ပြီး ငြိမ်သက်စွာ နေကြပါတယ်..။ဥသြသံရပ်သွားမှကျနော်တို့ ရဲ့ ရုံးတွင်း (၄၂)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို    စပါတယ်..။အခမ်းအနားမှူးက  ဦးဖေမြင့်ဖြစ်ပြီး..သဘာပတိက ဦးမြင့်သိန်းပါ..။

အခမ်းအနား အစီအစဉ် အရ
(၁) သွေးစွန်းသော နိုင်ငံတော်ကို အလေးပြုပါတယ်..။
(၂) အာဇာနည်ခေါင်းဆောင်ကြီး တွေကို အလေးပြုပါတယ်..။
(၃) ဒီမိုကရေစီ အရေးတော်ပုံတွင် ကျဆုံးသော သူများကို အလေးပြုပါတယ်...။
(၄) သဘာပတိ ဦးမြင့်သိန်းက  မိန့်ခွန်းပြောပါတယ်..။
(၅) လက်နက်အားကိုးတဲ့နည်းနဲ့ လူသတ်ဝါဒအစဉ်အလာကို  ရှုံ့ချကြောင်း ဦးအေးသန်းက ပြောပါတယ်..။
(၆) ၄၂ နှစ်မြောက်  အာဇာနည်နေ့ ကြေညာစာတမ်းကို  ပေါက်တောရွာက ဦးအောင်မြိုင်က ဖတ်ပါတယ်။
(၇) ဇူလိုင် (၁၉) ရက်  အဓိဌာန်စာတမ်းကို  လူငယ် ကိုယ်စားလှယ် ဦးဌေးလွင် (ကျူရှင်)  က ဖတ်ပါတယ်..။

(၁၁) နာရီသာသာမှာ  အခမ်းအနားပြီးဆုံးပါတယ်..။အခမ်းအနားပြီးဆုံးတော့  ရွာပြန်တဲ့သူတွေကပြန်သွားကြပေမယ့်  မြို့ပေါ်က  လူတွေက   တော်တော် နဲ့လူစုမကွဲကြသေးပဲအာဇာနည်ကျောက်တိုင်ကို ချီတက်ခဲ့ တဲ့ အကြောင်းတွေကိုပြန်ပြောနေကြပါတယ်..။မီးရထားကြီးကနောက်ဆုတ်ပေးသွားတာ..။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  လူတွေအလေးပြုဖို့သတိဆွဲလိုက်တာနဲ့  တိုက်တိုက်ဆိုင်ဆိုင် တ.စ.ည ပန်း ခွေကြီး သူ့ဖာသာသူ  လဲကျသွားတာ..။အနီးက  ကြက်ခြေနီတွေ  မီးသတ်တွေလဲ သတိဆွဲထားတဲ့အနေအထားမို့  ဘာမှ မလုပ်နိုင်ပဲ ဒီအတိုင်း ကြည့်နေရတာ..။ချီတက် သွားစဉ် ပရိသတ်ရဲ့အားပေးမှု..။အုပ်ချုပ်ရေး အာဏာပိုင်တွေက လူ(၂၀)ပဲ ခွင့်ပြုတာကို  အာဏာ ဖီဆန်ပြီး လူ(၂၀၀)ကျော်နဲ့အလေးသွားပြုခဲ့ကြတာမှာ ဘာအနှောင့် အယှက် မှမရှိခဲ့တာ..။မီးရထား စက်ခေါင်းမောင်းတဲ့ သူက တောင်  အောက်ဆင်းလာပြီးတံခါးဖွင့်ပေး ခိုင်းခဲ့တာတွေကို   အားရပါးရ ပြောလို့ကောင်းနေကြတာပေါ့..။ချီတက်ရာမှာ ပါတဲ့ သူတွေ အတွက်  အားရပါးရ ပြောလို့ကောင်းနေပေမယ့် ချီတက်ရာမှာ မပါခဲ့ရတဲ့ ပန်းခွေအဖွဲ့က  ဦးဖေမြင့်ကတော့တော်တော် မကျေမနပ် ဖြစ်နေတယ်ဆို တဲ့ သတင်းက ကျနော့်ဆီ ရောက်လာပါတယ်..။

ဒါကြောင့် ညနေပိုင်းမှာ ပန်းခွေလုပ်ပေးတဲ့အဖွဲ့ လေးယောက်စီကို တဦးချင်းရဲ့ အိမ်တွေကိုသွားပြီးကျနော်တောင်းပန်လိုက်ပါတယ်..။ဦးဖေမြင့်က  လွဲလို့ ကျန်တဲ့သူတွေ ကကျေကျေလည်လည်ပါပဲ..။ဦးဖေမြင့်ကတော့  ဒါဟာ သူတို့လေးယောက်ကို တမင်သက်သက် ခွဲထုတ် လိုက်သလို ခံစားရတယ်လို့..ကျနော့်ကို ပြောပြပါတယ်..။ ကျနော့် စိတ်ထဲမှာတော့  ပန်းခွေကို ကားလွှတ်ယူကတည်းက  သူတို့ တခါတည်း လိုက်ခဲ့ဖို့ ကောင်းတယ်..။ဒီ ချီတက်ရေး ကိစ္စမှာ ရေချိုးတာကို ဒီလောက်ကြီး အချိန်ယူမနေသင့်ဘူး..လို့ထင်ပါတယ်.။

ဒါပေမယ့် ကျနော့်အတွေးကို စိတ်ထဲမှာပဲ  ထားပါတယ်..။အဲဒီအချိန်ကသတင်းတွေထဲမှာ  ကြားနေ၇တဲ့  ရန်ကုန်အခြေအနေတွေ ရယ်..။ကျနော်တို့ ရုံးရှေ့မှာ ရောက်နေတဲ့ လူကလဲ အတော်များနေတာရယ်..။အာဇာနည် ကျောက်တိုင်က  လူလွှတ်ခေါ်နေပြီး..အဲဒီလူက မနေနိုင် မထိုင်နိုင် NLD ရုံးရှေ့မှာ အင်အားများနေတာကို သွားအကြောင်းကြားရင်..။မ.၀.တ ကနေ  ကျနော်တို့ မချီတက်ရသေးခင်  လာတားမြစ်မှာကိုလဲ စိုးရိမ်နေမိလို့  ။သူတို့ကိုမစောင့်ပဲ ချီတက်လိုက်ရတဲ့အခြေအနေတွေကို  ပြောပြပြီး ကျနော့်ကိုခွင့်လွှတ်ပါလို့ပဲတောင်းပန်ရပါတယ်..။ဒီထက်တော့ကျနော် လည်း  ဘာတတ်နိုင်မှာလဲ..။

ပေါင်းတည်အာဇာနည်နေ့ကို တဆက်တည်း ဖော်ပြချင်တာနဲ့ရန်ကုန်မှာ  အာဇာနည်နေ့နဲ့ အဲဒီ ရက်မတိုင်ခင်မှာ  ဖြစ်ပျက်နေတာတွေကို
ထားခဲ့ရတယ်..။ပြန်ပြီး ဖော်ပြရရင်တော့  ဇူလိုင်လ (၁၁) ရက်နေ့ထုတ်သတင်းစာထဲမှာပါတဲ့ သတင်းက စရမယ် ထင်ပါတယ်..။

 (ရေးခဲ့မိသော မှတ်တမ်းများ(၂၄)ကို ဆက်လက်ဖော်ပြပါမယ်)

Comments