ရေးခဲ့မိသော မှတ်တမ်းများ (၂၂)
အုန်းနိုင်
မတ်လ ၂၈၊ ၂၀၁၃
● အာဇာနည်နေ့ အလေးပြုကြဖို့
ဇူလိုင်လမှာတော့ နေ့ကြီး ရက်ကြီးတွေများပါတယ်..။ ဇူလိုင်လ (၇) ရက်နေ့မှာ ဗိုလ်နေ၀င်းစစ်အစိုးရက ပထမဆုံး ကျောင်းသားတွေကို ရက်ရက်စက်စက် ပစ်သတ်ပြီး နောက်တနေ့မှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂအဆောက်အဦကြီးကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့ကို အဖွဲ့ချုပ့်ရဲ့ ဌာနချုပ်မှာကျင်းပသလို ကျနော်တို့မြို့မှာလည်း ကျင်းပခဲ့ပါတယ်။ အဖွဲ့ချုပ် ဗဟို့ရဲ့ ညွှန်ကြားချက်အရ..အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) က ကြီးမှူးကျင်းပပါတယ်..။ ဘာမျှ ထူးထူးခြားခြား မဖြစ်လောက်ဖူးလို့ ထင်ရလောက်ပေမယ့် ဒီမြို့နယ့်ရဲ့ လူငယ်အဖွဲ့ဝင်ဦးခင်မောင်ဇော်က ဒီအခမ်းအနားနဲ့ ပတ်သက်ပြီး မကျေနပ်ချက် ရှိကြောင်း စာတမ်း တခုကို နောက်မကြာမီ ကျင်းပမဲ့အာဇာနည်နေ့အတွက် ညှိ နှိုင်းတဲ့ဇူလိုင် (၁၅)ရက် နေ့ အစည်းအဝေးမှာ တင်ပြလာပါတယ်..။ ဒါကို နောက်ပိုင်းမှာ တင်ပြသွားပါမယ်..။
ဇူလိုင် (၈) ရက်နေ့ သတင်းစာမှာတော့ (၄၂) ကြိမ်မြောက်အာဇာနည်နေ့ကို နိုင်ငံရေးပါတီများက တက်ရောက်အလေးပြုမယ်ဆိုရင် တစ်ပါတီကို (၁၀) ယောက် နှုန်းသာအလေးပြုခွင့်ပေးမယ့် အကြောင်းနဲ့ တက်ရောက်မယ့် (၁၀) ယောက့်ရဲ့ အမည်စာရင်းကို ဇူလိုင်(၉) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ပေးပို့ရမယ့်အကြောင်း ကြေညာလိုက်ပါတယ်..။ ဒါဟာ ဗိုလ်ချုပ်ကြီးစောမောင်က ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဖရန်တေးရှင်း မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံတယ်လို့ပြောပြီး..တကယ်တမ်းမှာ သူ့ဘက်ကစပြီး ကွန်ဖရန်တေးရှင်း ဖန်တီးလိုက်တာပါ ဘဲ..။ အစဉ်အလာအားဖြင့် အာဇာနည်နေ့မှာရန်ကုန်မြို့ က အာဇာနည်ကုန်းမှာဖြစ်ဖြစ် နယ်မြို့တွေက အာဇာနည်ကျောက်တိုင်တွေ မှာ ဖြစ်ဖြစ်အများပြည်သူလွတ်လွတ်လပ်လပ် အလေးပြုခဲ့ကြတာပါဘဲ..။ အဲဒီအချိန်မှာ သက်ဆိုင်ရာ နေရာတွေမှာ တာဝန်ကျတဲ့ရဲဖြစ်စေ..။မီး သတ်တပ်ဖွဲ့ဝင်ဖြစ်စေ၊ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေ ဖြစ်စေ..။ လာရောက်သူ ပြည်သူတွေ အဖွဲ့အစည်းတွေ တလှည့်စီ အလေးပြုနိုင်အောင် မေတ္တာရပ်ခံ စီစဉ်ကူညီပေးကြတာပါဘဲ..။
အခုမှ တပါတီကို (၁၀)ဦးပဲ အလေးပြု ရမယ်ဆိုတာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန့်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နားရွက်တံတွေးဆွတ်လိုက်တာပါ..။ဗိုလ်ချုပ်ကြီး စောမောင်ဘက်ကစပြီး ကွန်ဖရန်တေးရှင်းလုပ်လိုက်တာပါ..။
ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ့်ရဲ့ လက်အောက်ခံမျိုးချစ်ရဲဘော်ဟောင်းကြီးများကထုတ်ဝေလိုက်တဲ့ “ဒီမိုကရေစီ တိုက်ပွဲ အောင်မြင် ရေးအတွက် အကြံပေးတင်ပြချက် “ဆိုတဲ့ထုတ်ပြန်ချက်စာတမ့်း ရဲ့အကျိုးသက်ရောက်မှု လို့ ယူဆနိုင်ပါတယ်..။သူတို့ရဲ့ ကြေညာချက်ဟာ
တစ်ခြားအဖွဲ့အစည်းတွေကို ဝေဖန်သလိုလိုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ့် ရဲ့ အဓိကခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် လိုက်တာဖြစ်တော့ တဖက်က န၀တက ဆက်ပြီး နင်းလိုက်လာတာပေါ့။
ပထမဆုံး ဦးအောင်ကြီးက လမ်းခင်းပေးတယ်..။ န၀တက လိုက်နင်းတယ်..။ ဒုတိယ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေက မလွယ်ပေါက် ဖွင့်ပေး တယ်..။ န၀တက ဒါမှ လိုက်မနင်းရင် ညံ့ရာကျသွားမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း မျိုးချစ်ရဲဘော်ဟောင်းကြီးမျာ့း ရဲ့ခြေ ယောင်ကို ရိပ်မိပုံရပါတယ်..။ ဒီရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ လူထုကိုဟောပြောတဲ့ မိန့်ခွန်းတွေမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေ၀င်း ကို ထိထိရောက်ရောက် ဝေဖန်ထိုးနှက်တော့တာပါပဲ..။
လက်ရှိ ဗိုလ်ချုပ်ကြီးစောမောင်ကိုလည်း ဦးနေ၀င်းသြဇာအောက်က လွတ်အောင်နေပါ..လို့ ပြောလိုက်ပြီး. .” နောက်ဆုံးတော့ ရှင်းရှင်းပဲ ပြောလိုက်မယ်..။ တပ်မတော်မှာ ဖခင်နှစ်ယောက် မရှိဘူး..။ တပ်မတော်ကို တိုင်းပြည်လွတ်လပ်ရေးရအောင် မှန်မှန်ကန်ကန် ဖွဲ့စည်းခဲ့ တာ..ဗိုလ်အောင်ဆန်းဘဲ..။ အဲဒီ တပ်မတော်ကို လူတစု့ရဲ့ခါးပိုက်ဆောင် တပ်ဖြစ်အောင် လမ်းလွဲပေါ်တင်ပေးတာကဗိုလ်နေ၀င်းပဲ..။မှန်ကန် တဲ့ တပ်မတော် ဖြစ်ချင်ရင် ဗိုလ်နေ၀င်း သြဇာ နဲ့ ကင်းအောင်နေပါ။တပ်မတော်ကိုအရှင်းဆုံးမေးလိုက်မယ်..။ဗိုလ်အောင်ဆန်း တပ်မတော်လား..။
ဗိုလ်နေ၀င်း တပ်မတော်လား..။ဗမာပြည့် ရဲ့ အာဇာနည်ကြီးတွေကိုဗမာပြည်သားတွေ လွပ်လွပ်လပ်လပ်အလေးပြု နိုင်တယ်..။ဂါရ၀ပြုနိုင်တယ်..။ကျမ ဗိုလ်အောင်ဆန်း မိသားစုအနေနဲ့ အာဇာနည်ကုန်းကို မသွားဘူး..။
ဗမာပြည်သူ တယောက်အနေနဲ့ ဗမာပြည်သူ လူထုကြီး နဲ့ အတူတူအာဇာနည်ကုန်းကို သွားပြီး အာဇာနည်ကြီးတွေကို အလေးပြုမယ်” လို့ပြောချလိုက် ပါတော့တယ်..။
● ပေါင်းတည်မြို့က ၄၂ ကြိမ်မြောက် အာဇာနည်နေ့
ပေါင်းတည် မြို့နယ် အနေနဲ့တော့ ဇူလိုင်လ (၁၀)ရက် နေ့မှာ မ၀တဥက္ကဌက နိုင်ငံရေးပါတီများ ကိုအစည်းအဝေးခေါ်ပါတယ်..။(၄၂)ကြိမ်မြောက် အာဇာနည်နေ့ ကျင်းပရေးအတွက်ပါ..။တက်ရောက်တဲ့ နိုင်ငံရေး ပါတီတွေကတော့ အမျိုးသားပြန်လည်တည်ဆောက်ရေး (၀ိဓူရ) က ငါးဖွဲ့..။တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက လေးဖွဲ့..။
ဦးအောင်ကြီ့း ရဲ့ ယူအင်န်ဒီပီ နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရယ်ဆိုတော့စုစုပေါင်း (၁၁)ဖွဲ့ တက်ရောက်ပါတယ်..။
မ၀တ ဥက္ကဌက အာဇာနည်နေ့ကို အာဇာနည်ကျောက်တိုင်မှာအလေးပြုမယ့်အစီအစဉ်ကို မ၀တက ကြီးကြပ်မယ်..။
နံနက်(၆)နာရီမှာ မ၀တရုံးမှာ ဆွမ်းကျွေးမယ်..။(၈)နာရီမှာအာဇာနည်ကျောက်တိုင်ကို မ၀တ က ဦးဆောင်ပြီး ဌာနဆိုင်ရာများက တဦးစီ..။မြို့ပေါ်ရ၀တ များနဲ့ မ၀တ က ပထမဆုံးအလေးပြုမယ်..။နိုင်ငံရေး ပါတီတွေကိုတော့ အလှည့်ကျ လာရောက်အလေးပြု ခွင့်ပေးမယ်..။တစ်ဖွဲ့ ကို (၁၀)ယောက်ကျစာရင်းပေးပါ..။နီးရင် ဘယ်အဖွဲ့ပထမအလေးပြုရမယ် ဆိုတာ မဲနှိုက်ပြီး အစီအစဉ် အတိုင်း
ချီတက်လာကြပါ..။မိမိ တို့ အဖွဲ့ရုံး မှာ အလံတ၀က် ထူနိုင်တယ်..။မိမိ တို့ ရုံးတွင်း အခမ်းအနားများကိုလည်း (၂/၈၈)(၈/၈၈) တို့နဲ့ အညီ ကျင်းပနိုင်တယ်..။ကျဆုံးချိန် မှာ ဥသြဆွဲမယ်..။စတာတွေကို ပြောပြပါတယ်..။
ကျနော်က တဖွဲ့ကို (၁၀)ယောက်စီ ဆိုရာမှာတခြား အဖွဲ့တွေကတဖွဲ့ကို အဖွဲ့ခွဲ လေး..ငါးခု ရှိနေလို့ လူများများ ပိုတက်ခွင့်ရမယ်..။ကျနော်တို့အဖွဲ့ချုပ်မှာလည်းလူငယ်အဖွဲ့၊တတ်သိအဖွဲ့၊အမျိုးသမီး အဖွဲ့၊စီးပွါး ကုန်သွယ် အဖွဲ့ ဆိုတာတွေ ရှိလို့အဲဒီ အဖွဲ့တွေ အလိုက်လူဦးရေ တိုးချဲ့တက်ခွင့်ပြု ပါလို့ တောင်းဆိုပါတယ်..။မ၀တ ဥက္ကဌက အထက်ကို ဆက်လက် တင်ပြပေးပါမယ် လို့ပြောပါတယ်..။
အဲဒီမှာ အမျိုးသားပြန်လည်တည်ဆောက်ရေး တပ်ပေါင်းစုအဖွဲ့ ရဲ့အမျိုးသမီးအဖွဲ့ခွဲ ဥက္ကဌ ဒေါ်တင်လှက အလံတ၀က်ထူရမယ် ဆိုတာ နိုင်ငံတော် အလံလား၊အဖွဲ့အလံလား လို့ဗလုံးဗထွေး မေးပါတယ်..။မ၀တ ဥက္ကဌကနားမလည် လို့ပြန်မေးပါတယ်..။(နားမလည်ချင်ယောင် ဆောင်တာလည်း ဖြစ်နိုင်ပါတယ်..။)
ကျနော်က ပဲ ကြားဖြတ်ပြီး အလံဆိုတာ အလံပေါ့ဗျာ..လို့ဆိုပြီးတဆက်တည်း မ၀တဥက္ကဌကို စာရင်းဘယ်နေ့ ပေးရမလဲ လို့ စကားလမ်းကြောင်းလွှဲလိုက်ပါတယ်..။အပြင် ရောက်တော့မှကိုယ့်ပါတီက မဟုတ်ပေမယ့် ဒေါ်တင်လှကို ..တချို့ဟာတွေက ရှင်းရှင်းလင်းလင်း သူက မပြောရင် ကိုယ်က လုပ်ချင်သလို လုပ်နိုင်တယ်..။ကိုယ့်ပါတီ ဆိုင်းဘုတ်ရှေ့မှာ ကိုယ့်ပါတီအလံပဲ ထူမှာပေါ့ဗျ” လို့ပြောလိုက်တော့
ဒေါ်တင်လှလည်း လက်ခံသွားပါတယ်..။
(၄၂) နှစ်မြောက် အာဇာနည်ေ န့နဲ့ ပတ်သက်လို့လဲ အဖွဲ့ချုပ် ဗဟိုက ညွှန်ကြားချက်များနဲ့ ကြွေးကြော်သံများ ပေးပို့လာပါတယ်..။မြို့နယ် တိုင်း၊မြို့နယ်စုတိုင်း ၊တိုင်းနဲ့ပြည်နယ် တိုင်း၊မြန်မာ့သမိုင်းမှာ သွေးစွန်းခဲ့တဲ့ ဒီနေ့ကိုအလေးအနက် ထားပြီး ကျင်းပဖို့ ညွှန်ကြားလာပါတယ်..။အခမ်းအနားကိုမိမိရုံးမှာကျင်းပ ဖို့ အတွက် ကျနော်တို့မြို့မှာအခက်အခဲ မရှိပါဘူး..။ဒီမြို့မှာတင် မဟုတ်ပဲ ဗဟိုမှာပါ အခက်အခဲရှိနေ တာက ချီတက် အလေးပြု ရေးပါ..။ဒါကို မြို့နယ် ကော်မတီ အစည်းအဝေးထိုင်ပြီး ဆွေးနွေးကြပါတယ်..။
ဗဟို ညွှန်ကြားချက် အရ (၄၂)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား လုပ်ဖို့ ရပ်/ကျေးကော်မတီတွေကိုလည်း အခမ်းအနား တက်ရောက် ရန် ဖိတ်ဖို့..။ အခမ်းအနာ့း ရဲ့အနှစ်သာရကတော့ လုပ်ကြံသတ်ဖြတ်မှုအစဉ်အလာ ကြီးထွားလာနေခြင်း နဲ့ နိုင်ငံရေး အာဏာကို နိုင်ငံရေးနည်း နဲ့မဖြေရှင်းပဲ၊လက်နက်နည်းနဲ့ဖြေရှင်းတဲ့ အစဉ်အလာ ပပျောက်ရေး ကို အဓိက ထားဖို့ ။ လူကို သတ်နိုင်ရုံမျှ နဲ့နိုင်ငံရေးသိက္ခာ မသေနိုင် တာကို ထင်ရှားစေဖို့ ဦးတည်ပြီး လုပ်ရမှာ ဖြစ်တဲ့ အကြောင်း ဆွေးနွေးပြီး ခေါင်းစဉ်အလိုက် အခမ်းအနားမှာ သဘာပတိလုပ်မဲ့သူ ၊ဟောပြောမဲ့သူ ၊ဗဟိုက ပေးပို့မဲ့ အာဇာနည်နေ့ကြေညာစာတမ်း နဲ့ဇူလိုင်လ (၁၉)ရက် နေ့ အဓိဌာန် စာတမ်းဖတ်ကြားမဲ့သူ ၊စတာတွေရွေးချယ်ပါတယ်..။
အာဇာနည် ကျောက်တိုင် ချီတက်ရေးကိစ္စမှာ ကျနော်က မ၀တမှာ ဆွေးနွေးခဲ့တဲ့ ကိစ္စတင်ပြပြီး မရရင် ဘယ်လို လုပ်မလဲ..။အခမ်းအနား တက်ရအောင် လာတဲ့လူတွေကလည်းအခမ်းအနားမစခင် ကတည်းက ရောက်နေမှာ..။
ချီတက်မဲ့ အချိန်မှာ သူတို့လည်း လိုက်ချင်မှာပဲ..။ဒါကို မ၀တကခွင့်မပြုရင် အာဏာဖီဆန်ရေး လမ်းကြောင်း နဲ့ ချီတက်မှာလား..။စသဖြင့် ဆွေးနွေးပြီး မြို့နယ်စည်းကော်မတီက ပဲ ထပ်ပြီးအာဏာကုန်လွှဲတဲ့ ငါးဦးကော်မတီ တခု ထပ်ပြီး ဖွဲ့လိုက်ပါတယ်..။(၁) ဦးအုန်းနိုင်(၂)ဦးမြင့်သိန်း (၃) ဦးသန်းထွန်း(၄)ဦးအေးသန်း (၅) ဦးမြင့်စိုး တို့ဖြစ်ပါတယ်..။
နောက်တနေ့ကျတော့ မ၀တက အစည်းအဝေး ဖိတ်ပြန်ပါတယ်..။ကျနော်ပဲသွားတက်ရပါတယ်..။ကျန်တဲ့ပါတီတွေကလည်း တပါတီကို တဦးကျ တက်ကြတယ်..။ကျနော်က အချိန်ကိုက် တမင်တကာသွားတာမို့ ကျန်တဲ့သူတွေ စုံနေပါပြီ...။ဥက္ကဌ ဗိုလ်မှူးက ဆရာကြီး ဒီဘက်ကို ကြွပါလို့...ထုံးစံအတိုင်း သူ့အနားကို ခေါ်ပါတယ်..။နေရာမှာ ထိုင်မိတော့ လက်ဘက်ရည်မုန့်များ နဲ့ ဧည့်ခံပါတယ်..။.ကျနော်က ကွမ်းစားသူဆိုတော့ ပလုပ်ကျင်းဦးမယ် ဆိုပြီး ရေအိုးစင်ဆီသွားတော့ ..ဗိုလ်မှူးက “ သောက်ရေအိုးစင်ဒီဘက်မှာ ဗျ” ဆိုပြီး နောက်က
ကပ်လိုက်လာပါတယ်..။
ဒီရုံးမှာ သောက်ရေအိုးစင် ဘယ်နေရာ ရှိတယ်..ဆိုတာ ကျနော်သိပြီးသားပါ..။သူရုံးမထိုင်ခင် ကတည်းက ကျနော် ဒီရုံးမှာ ထိုင်လာတာ..၀င်ထွက်သွားလာလာတာ သူလဲ အသိပါ..။တကယ်တော့သူကတမင်တကာ လိုက်လာတာပါ...။
..ပြီးမှ...”ဆရာကြီးတင်ပြတဲ့ အဖွဲ့ခွဲတွေ အလိုက် တော့ လူတိုးပေးလို့တော့ မရဘူး..။အားလုံး (၂၀)စီ အထိပဲ ခွင့်ပြုတယ်..။
ဒါပေမဲ့ ခင်ဗျားတို့အဖွဲ့ကိုတော့ ကျနော်နားလည်မှု နဲ့ လူ (၄၀) လောက်အထိ ခွင့်ပြုလိုက်မယ်..။” လို့ပြောပါတယ်..။
ကျနော်က “ မရဘူး..ဗိုလ်မှူး။ ကျနော် တို့ အဖွဲ့ကရပ်ကျေးတွေပါ ဖိတ်ထားတာ..။ဒီတော့ အကုန်တက်ရမှာပဲ..။
ခင်ဗျားလည်း တာဝန်ရှိတဲ့ အတိုင်းလုပ်..။ကျနော် လည်း တာဝန်ရှိတဲ့အတိုင်း လုပ်ရမှာပဲ” လို့ ဆိုတော့သူက “ ခက်တာပဲ ဗျာ..။ ခင်ဗျား တို့ အဖွဲ့က လူများမယ် ဆိုတာ ကျနော်သိတယ်..။အဲဒါကြောင့် ခင်ဗျားတို့ အဖွဲ့ အင်အားပြမှာ စိုးလို့ ဒီအမိန့် ထုတ်ထားတာ..။အဲဒီတော့ ဒီလိုလုပ်ဗျာ..။အစည်းအဝေးမှာတော့ခင်ဗျားက အတင်းချီတက်မယ် ဘာညာ မပြောနဲ့တော့..။အစီအစဉ်အတိုင်း လက်ခံလိုက်ပြီး..ခင်ဗျားလည်းခင်ဗျားတာဝန်လုပ်..။ကျနော်လည်း ကျနော့်တာဝန်လုပ်မယ်..။ဟုတ်လား” ..လို့ကျနော့်လက်ကို သူ့လက်နဲ့ ညှစ်ပြီး ပြောပါတယ်..။
ဒါဟာ အဓိပါယ် ရှိတယ် လို့ ကျနော် ထင်တယ်..။ဟုတ်ချင်မှလည်းဟုတ်မယ်..။ဒါပေမယ့် သူပြောသလို အစည်းအဝေးတွင်းမှာ ကျနော် ကြိုက်သလောက် လူဦးရေ နဲ့ တက်မယ်လို့ကြိုပြောလို့ကတော့ ကိုယ်ပဲ မိုက်ရာကျမှာပေါ့..။ဒါကြောင့် အိုကေ လို့ ပြောလိုက်ပြီး..အစည်းအဝေးခန်းဆီပြန်သွားကြပါတယ်..။
အစည်းအဝေးမှာတော့ ချီတက်မယ့် လူဦးရေ ပြသနာကိုအကျယ်မဆွေးနွေးတော့ပါဘူး..။အလေးပြု လာရောက်မယ့်အစီအစဉ်နဲ့ အလေးပြုရာမှာ ပြုလုပ်ထားမဲ့ အစီအစဉ်များအကြောင်းကိုပဲပြောပါတယ်..။အာဇာနည် ကျောက်တိုင် တ၀ိုက် မီးသတ်တပ်ဖွဲ့နဲ့ ကြက်ခြေနီတပ်ဖွဲ့များက အစီအစဉ်တကျဖြစ်အောင်ကြပ်မတ်ပေးမယ်..။၁၀နာရီ၃၇မိနစ် မတိုင်မီ ပြီးစီးအောင် ပြုလုပ်မှာ ဖြစ်လို့ အချိန်အလေးထား လာရောက်ကြဖို့အစီအစဉ် အလိုက် မဲနှိုက်ကြပါဆိုတော့ ကျနော်က ကျနော်တို့အဖွဲ့နောက်ဆုံးမှ အလေးပြုပါမယ်..။မဲနှိုက်မနေတော့ပါဘူး..လို့ပြောလိုက်ပါတယ်..။
အားလုံးကလည်း လက်ခံပါတယ်..။ဒါကြောင့် အစီအစဉ်အရ.. (နံနက် ၇နာရီ၃၅မိနစ်မှ နံနက် ၈နာရီ ၂၀မိနစ်အထိ ) တစည ပါတီ လေးဖွဲ့ (နံနက် ၈နာရီ၂၅မိနစ်မှ နံနက် ၈နာရီ ၄၀အထိ) မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ (နံနက် ၈နာရီ ၄၅မိနစ်မှ နံနက် ၈နာရီ ၅၅မိနစ်အထိ)ပြည်ထောင်စု အမျိုးသားများဒီမိုကရေစီပါတီ(နံနက် ၉နာရီမှ ၉နာရီ ၅၅မိနစ်အထိ)
၁။ အမျိုးသားပြန်လည်တည်ဆောက်ရေး
၂။ အလုပ်သမားညီညွတ်ရေးသမဂ္ဂ
၃။ တောင်သူလယ်သမား သမဂ္ဂ
၎။ အမျိုးသားတိုးတက်ရေး လူငယ်
၅။ အမျိုးသမီး တိုးတက်ရေး သမဂ္ဂ
(နံနက် ၁၀နာရီမှ ၁၀နာရီ ၁၀မိနစ်အထိ) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်... လို့ အချိန်သတ်မှတ်လိုက်ပါတယ်..။
အာဇာနည်ကျောက်တိုင်ရှေ့ရောက်ရင် ကျောက်တိုင်ဘက်ကိုမျက်နှာမူပြီး စီတန်းရပ်မယ်..။နောက်..ကျောက်တိုင်ရှေ့တည့်တည့် မှာ အဆင်သင့်ရှိတဲ့ ပန်းခွေတင်ရန်ဒေါက်ခုံပေါ်မှာ ပန်းခွေကိုရိုရိုသေသေ သွားတင်မယ်..။ပြန်လှည့်ပြီး လူတန်းထဲ ပြန်ဝင်ရပ်ပြီးရင် စစ်မိန့်နဲ့ အလေးပြုမယ်..။
(၁) နိုင်ငံတော် အလံကို ..အလေးပြု.....နေမြဲ
(၂) ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု......နေမြဲ
(၃) ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား သတိရသည့်အနေဖြင့် ၂မိနစ်ငြိမ်..နေမြဲ (
၎) တန်းဖြုတ်
ဒီအစီအစဉ်မှာ မ၀တ ဥက္ကဌက တခုဖွင့်ပေးပါတယ်..။ဒီအစီအစဉ်အတိုင်း ကိုယ့်ပါတီကိုယ် အမိန့်ပေးမလား..။
မီးသတ် တပ်ဖွဲ့ဝင် တဦးဦးက အမိန့် ပေးပေးရမလား..လို့မေးပါတယ်..။ကျနော်က ကျနော်တို့ဖာသာ အမိန့်ပေးမယ်..လို့ ပြောလိုက်တယ်..။ပြသနာမရှိပါ..။
ပန်းခွေချရမယ့် အစီအစဉ်မှာ ကျောက်တိုင်ရှေ့ကပန်းခွေတင်ရန် ထောက်ခုံ အပြင် ကျောက်တိုင့်ရဲ့ ဘေးဘက်မှာ ချမဲ့ပန်းခွေ အရေအတွက် အတိုင်း ထောက်ခုံတွေ ချထားပေးမယ်..။အဖွဲ့တဖွဲ့က ပန်းခွေချပြီးလို့ပြန်သွားရင် နောက်တဖွဲ့မလာခင်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေက ဒီပန်းခွေကို ယူပြီး နောက်နားကအဆင်သင့် စီထားတဲ့ ချပြီးသားပန်းခွေတင်ဖို့ ထောက်ခုံပေါ်ကို ရွှေ့တင်ပေးမယ်..။ဒီတော့ နောက်ဖက်မှာချပြီးသား ပန်းခွေတင်ဖို့ ထောက်ခုံဘယ်နှစ်ခုံ လုပ်ထားရမလဲ သေချာအောင် အဖွဲ့တိုင်းပန်းခွေပါမှာလား..။ဒါမှ မဟုတ်...တချို့အဖွဲ့တွေ (ဥပမာ) တစညလေးဖွဲ့က ပန်းခွေတခုထဲ ချမှာလား..။စသဖြင့် မေးကြ ညှိကြပါတယ်..။ဒီတော့မှ ပန်းခွေ လုပ်ရမယ့် စရိတ်စက နဲ့ တာဝန်တွေကို တွက်ပြီး အမျိုးသားပြန်လည်တည်ဆောက်ရေး အဖွဲ့နဲ့ တဖွဲ့တည်း ဖြစ်တဲ့ ငါးဖွဲ့ကလည်း ပန်းခွေတခုပဲ ချမယ် လို့ ရီကျဲကျဲ နဲ့ ပြောလာတယ်..။ဒါ့ကြောင့် နောက်ဖက်မှာ ပန်းခွေတင်ဖို့ ထောက်ခုံရှစ်ခုံ လုပ်ထားမယ် လို့ ဆုံးဖြတ်ပါတယ်..။
ကျနော်တို့ မြို့နယ် စည်း ကော်မတီက တာဝန်လွှဲအပ်ထားတဲ့ ဦးမြင့်သိန်း၊ဦးသန်းထွန်း၊ဦးအေးသန်းနဲ့ ဦးမြင့်စိုးတို့ကို ကျနော့်အိမ်မှာ ဖိတ်ပြီးစည်းဝေးပါတယ်..။ မ၀တ ဗိုလ်မှူ့းရဲ့ သဘောထားကို ကျနော်အကဲခတ်ရသလောက် (ကျနော့် အကဲခတ်ချက်က မှန်ချင်မှလည်း မှန်မယ့်အကြောင်း)ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျနော်တို့သူများအဖွဲ့တွေ့ ရဲ့ နောက်ဆုံးမှာ ပန်းခွေချဖို့ အလှည့်ယူခဲ့တာ့ရဲ့ ရည်ရွယ်ချက်က ကိုယ်က နောက်ဆုံးဖြစ်တော့ ပြသနာပြီး ပြီးတာဘဲ လို့ သဘောထားနိုင်ကောင့်းရဲ့ လို့ ယူဆခဲ့တာဖြစ်တဲ့အကြောင်း၊အမိန့်ပေးတာကို ကိုယ့်ဖာသာ ပေးဖို့တာဝန်ယူခဲ့တာကလည်း ဒီမိုကရေစီ တိုက်ပွဲ အတွင်းမှာ ကျဆုံးခဲ့တဲ့ကျောင်းသူကျောင်းသား ရဟန်းရှင်လူများကို သတိရ အထိမ်းအမှတ်ရှစ်စက္ကန့် ငြိမ်..ဆိုတာကိုထဲ့ပြီး အမိန့်ပေးချင်လို့ ဖြစ်ကြောင်း..ပြောပြတော့ အားလုံး သဘောတူကြပါတယ်..။.
မြို့နယ် စည်း ကော်မတီ အစည်းအဝေးမှာ တင်ပြတော့ ကျနော်တို့ ချီတက်မယ့် အစီအစဉ်ကိုတော့သဘောတူတယ်..။
ချမဲ့ပန်းခွေကိုတော့ ရိုးရိုးပန်းခွေ မလုပ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံပုံသဏ္ဍန်လုပ်ချင်ကြောင်း ဦးဖေမြင့်ကတင်ပြလာပါတယ်..။ခွပ်ဒေါင်း ပုံ ဖော်ရာမှာ အခက်အခဲ နဲနဲ ရှိနိုင်တာကိုထောက်ပြပြီး ဆွေးနွေးပေမယ့် ဦးဖေမြင့်က ပဲ ဖြစ်အောင် လုပ်ဖို့တာဝန်ယူတာမို့ (၁) ဦးဖေမြင့်၊(၂) ဦးစိုင်းနေညွန့်(၃) ဦးဌေးလွင်(ရှေ့နေ) ၊(၄) ဦးတင့်လွင် တို့လေးယောက်ကို ပန်းခွေလုပ်ဖို့တာဝန်ပေးလိုက်ပါတယ်..။
အာဇာနည် နေ့နီးလာလို့ အဲဒီအတွက် ပြင်ဆင်မှုတွေလုပ်ကြပါတယ်..။ကျနော်တို့ ငါးဦးကော်မတီက မ၀တ ကသတ်မှတ်ပေးထားတဲ့ အချိန်ဇယားအရ (၁၀)နာရီမှာ ချီတက်ရမှာမို့ ရုံးတွင်းအခမ်းအနားကို (၁၁)နာရီမှာ စမယ်လို့ ရပ်ကျေး အဖွဲ့အစည်းများကို ဖိတ်ကြား ထားပါတယ်..။ဒါပေမယ့် ကျနော်တို့ခန့်မှန်းချက် အတိုင်း ကျနော်တို့ အရပ်က ရပ်ကျေးအဖွဲ့ဝင်တွေဟာ မိုးလင်းရင်ကို ရုံးရှေ့ရောက်နေမှာ ဆိုတော့ သူတို့ကိုလည်း ချီတက်ရာမှာ ချန်ထားခဲ့လို့ မဖြစ်ပါ..။ခေါ်သွားရင်လည်း အရေအတွက် က များမှာပါပဲ..။ဘာပဲဖြစ်ဖြစ်လူကုန်ချီတက်ကြမယ်..။နိုင်ငံရေး လုပ်နေတာပဲ..။ရှစ်လေးလုံးကိုတောင်ကျော်ဖြတ်ခဲ့ပြီး..ကျောင်းသားကလေးတွေ တောင် ရင်ဆိုင်ခဲ့ရဲတဲ့ကိစ္စမျိုး ကို ကျနော်တို့လည်း ရင်ဆိုင်ကြစို့လို့ အားလုံးသဘောတူဆုံးဖြတ်ကြတယ်..။
ချီတက်မဲ့ အချိန်မှာ လိုက်ပါလိုသူ မှန်သမျှ လိုက်ပါစေဘို့..။ဘယ်သူ့ကိုမှလိုက်ပါဖို့ လှုံ့ဆော် တိုက်တွန်းမှုမျိုးမလုပ်ဖို့ ..ကျနော်တို့ ငါးဦးက ဆုံးဖြတ်လိုက်ပါတယ်..။ကျောက်တိုင်ရှေ့မှာ အမိန့်ပေးဖို့နဲ့ ချီတက်ပွဲ တခုလုံးကို ဦးဆောင်ဖို့ကိုလည်းကျနော့်ကို တာဝန်ပေးအပ်လိုက်ကြ ပါတယ်..။ ။
(ရေးခဲ့မိသော မှတ်တမ်းများ (၂၃) တွင် ...”တ.စ.ည ပန်းခွေကြီးအလိုလို လဲကျသွားခြင်း “ ကို ဖော်ပြပါမယ်)
Comments