Phoe Htet - Articles


မြူမှောင်ဝေကင်း နိုင်ငံသို့ …
ဖိုးထက်
မတ်လ ၄၊ ၂၀၁၃


စင်္ကာပူမှာ မြန်မာတွေ ဦးဆောင်ပြီး ပြုလုပ်သော စာပေဟောပြောပွဲ၊ စင်တင်ရှိုးပွဲ၊ ဂီတပဒေသာ၊ တရားပွဲ၊ အငြိမ့် စသည့် ပွဲ အမျိုးအစား စုံစုံလင်လင်ရှိလှသည်။ ဖောင်ဒေးရှင်းတွေ၊ အဖွဲ့အစည်းတွေလဲ အများကြီး ရှိကြသည်။ တစ်ချို့က အမှန်အကန်။ တစ်ချို့က အကြံအဖန်။ တစ်ချို့က စီးပွားရေး တွက် တွက်လွန်းသည်။ တစ်ချို့က အနစ်နာ ခံလွန်းသည်။ လူ့လောကမှာ တွေ့ရကြုံရသည့် သိပ်ပြီး မထူးဆန်းသော အလွန် အငြင်းပွားဖွယ် ကိစ္စများတွေ့ရသည်။

တစ်ခါတစ်ရံ စီစဉ်သူများကြောင့် အလွန်လှပသော ပွဲလေးများ ဖြစ်သွားတတ်ကြသလို၊ တစ်ခါတစ်ရံ စီစဉ်သူများကြောင့် မအီမသာကြီးဖြင့် ပွဲပြီးသွားရသည်များလဲ ကြုံရသည်။ စီစဉ်သူများ ပါးနပ်လျှင် ပါးနပ်သလို၊ ငွေရေး ကြေးရေး သိပ်တွက်ချက်မနေဘဲ စေတနာရှေ့ထားသော ပွဲတွေဆိုလျှင် အလွန်တန်ဖိုးရှိသော ပွဲတွေ ဖြစ်သွားတတ်တာ တွေ့ရသည်။ သို့သော် မင်းသား၊ မင်းသမီး အလွန် လုပ်လိုလှသူများ၊ ငွေကြေးနှင့် ဈေးကွက်သဘောမှ လွဲပြီး ကျန်တာ စိတ်ဝင်စားမှု မရှိပါဘဲ စင်ပေါ် တက် တက်ပြီး ကဗျာ ရွတ်သူများ၊ စာရေးဆရာကြီးတွေ ရှေ့ကနေ လေး ငါး ပြန်လောက် အရင် ကြိုတက်ပြီး ဖိုးဟောပြောချင် များကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသော ပွဲများလဲ တွေ့ရသည်။

တစ်လောက စာပေဟောပြောပွဲ တစ်ခု ဆိုပါစို့။ ဖိတ်ထားသော စာရေးဆရာကြီးတွေက လေးယောက်။ ပွဲစတော့ နောက်ကျမှ စဖြစ်သည်။ ဟောပြောမည့် ဆရာမကြီးတစ်ဦးကို စီစဉ်သူများကပင် ခေါင်းစဉ်သတ်မှတ်ပြီး ဘောင်ကန့်လိုက်ကြသေး၏။ ဘောင်မ၀င့် ၀င်အောင် ဟောပြောနေသည့် ဆရာမကြီးကို ကြည့်ပြီး အားနာရသည်။ စာပေဟောပြောပွဲဆိုတာ ဟောပြောမည့် စာရေးဆရာတွေကို ဦးစားပေးရတာလို့ မှတ်သားထားသည့် ပရိတ်သတ်က အထပ်ထပ်အခါခါ ကြော်ငြာနေသော ကြော်ငြာများကို သီးခံရသည်။ အပိုဆားဒါး စကားတွေ အများကြီး ပြောနေသော ချာတိတ်၊ ချာတိတ်မများ၊ အသက်ကြီးပေမယ့် နောက်မဆုတ်ချင်ကြသေးသော လူကြီးများ ကြောင့် အချိန်က မလောက်မငှဖြစ်သွားသည်။ နောက်ဆုံးပိတ် အိတ်နှင့်လွယ်မည့် ဆရာကြီး အလှည့်အရောက်မှာ အချိန်က ပြည့်နေပြီ။ မြန်မြန်လက်စသပ်သွားရသည်။ ပရိတ်သတ်က သိပ်မများတော့ ပွဲစီစဉ်သူများက ခန်းမကို ဆက်ပြီး အချိန်တိုးလိုဟန် မရှိတော့ ။ ဟောပြောလို့မှ မပြီးသေးခင် ရုပ်ရှင်ဇာတ်ကားပြီးချိန် မီးတွေ ထိန်နေအောင်ပွင့်လာသလို မီးတွေ ပွင့်လာသည်။ မြန်မာစာပေ၊ မြန်မာ့ ကဗျာ၊ မြန်မာ့ အနုပညာကို မခံစားတတ်ရှာသည့် ခန်းမ ၀န်ထမ်း စလုံးများ၏ လောဆော်နေသည့် မျက်နှာတွေကလဲ နေမထိ ထိုင်မသာ ဖြစ်စေပြန်သည်။ အလွန်အရုပ်ဆိုးသည့် စာပေဟောပြောပွဲတစ်ခု ကြုံကြိုက်လိုက်ရသည်။

တစ်မြန်မနေ့က အမေဒေါ်မာမာအေး၏ ဂီတပဒေသာ ရှိသည်ဆိုသဖြင့် အရင် စာပေဟောပြောပွဲလို ဖြစ်မှာ စိုးရိမ်နေမိခဲ့သည်။ ဒေါ်မာမာအေးကြီးဆိုတာ ကျွန်တော်တို့ အတွက် အလွန်တန်ဖိုးမဖြတ်နိုင်သော အနုပညာရှင်ကြီး။ ကလေးစိတ် ကလေးဥာဏ်များဖြင့် သူ့အနုပညာတွေကို အပိတ် အဆီးခံရကတည်းက ဒေါ်မာမာအေးကြီးကို မဖြစ်မနေ သွားရောက် အားပေး လက်ခုပ်တီးပေးသင့်သည် ဆိုသည့် ခံစားချက်နှင့် အရောက်ချီတက်သွားဖြစ်ခဲ့သည်။ တကယ်တော့ ကျွန်တော်တို့က လူငယ်ပီပီ မြန်မာသံတွေကို လှိုက်လှိုက်လှဲလှဲ မခံစားတတ်သော်လည်း မနီးစပ်တာတော့ မဟုတ်။ ဟင်္သာတထွန်းရင်၊ တွံ့တေးသိန်းတန်၊ သန်းဖေလေး၊ ကိုမင်းနောင်၊ ကိုမြကြီး၊ စန္ဒရားလှထွဋ်၊ တင်တင်မြ၊ ရီရီသန့် စသည့် အဆိုကျော်ကြီးများ၏ သီချင်းများကို မြန်မာပီပီ ခံစားတတ်သည်။ ဘာကောင်းတာလဲဟု မေးလျှင် ဘာကောင်းမှန်း မဖြေတတ်ပေမယ့် မြန်မာသီချင်းတွေကို ကြိုက်ကြသည်။ “ တို့သွေးလဲ မဟုတ် ၊တို့သားလဲမဟုတ်၊ တို့အမျိုးလဲ မဟုတ်ပေ” ဆိုသည့် သီချင်းကိုဆိုပြီး လုပ်စားသွားသော အဆိုတော်ကြီးတွေကို မကြိုက်ပေမယ့် လေးစားရသည်။

အခုလဲ ဒေါ်မာမာအေး ပွဲဟု ဆိုကတည်းက ငယ်ငယ်က ကောက်ရိုးစဉ်အောက်မှာ လေတဖြူးဖြူးနှင့် နားထောင်ခဲ့သော အသံကြည်ကြည်မြမြ သီချင်းတွေကို သတိရလာသည်။ ချမ်းမြေ့ပါစေ၊ တုံးကျော်မ၊ ချစ်သူ့နယ်မြေ၊ မောင့်အချစ်များ ဆူး စသည့် သီချင်းတွေက ပါးစပ်ဖျားကို ရောက်လာသည်။ ဘီဘီစီက အမြဲလွှင့်နေသော “ပြောပြစရာတွေ တပုံကြီး ရှိသေးတယ်” ဆိုသည့် အစီအစဉ်များကတော့ အနှစ်သာရ အလွန်ပြည့်ပြီး အလွန်ဗဟုသုတတိုးစေသည်။ အနုပညာဝမ်းစာ ပြည့်ရုံမျှ မက လျှံထွက်နေသော အမေကြီးကို ကြည့်ချင် မြင်ချင်လွန်းလှသည်။

မျှော်လင့်ထားခဲ့သလို အမေကြီး၏ အသံတွေက ငယ်ရွယ်စဉ်က အသံကို မမှီတော့။ ၇၁ နှစ်ဆိုသည့် လူ့သက်တမ်းသည် အမေကြီး၏ အသံကို ဆုတ်ယုတ်အောင် တားဆီးနိုင်သည်။ သို့သော် အမေကြီး၏ စေတနာ၊ ပညာ၊ သဘာ ကိုတော့ အောက်တန်းကျသွားအောင် မစွမ်းဆောင်နိုင်။ “ ရုပ်ဆိုးသလောက် အသံအလွန်ကောင်းတဲ့ အမျိုးသမီးဟဲ့” ဟု ငယ်ငယ်က မကြာ မကြာကြားရသော  အမေ၏ ချီးကျူး ထောပနာသံကို သဘောမတူနိုင်ဖြစ်ရသည်။ ရုပ်ဆိုးခြင်း၊ ရုပ်မလှခြင်းကို မေတ္တာဓာတ်အခံက အနိုင်ယူသောအခါ အလွန်ကျက်သရေရှိသော အသံသြဇာနှင့် ရုပ်ခံကို ဖြစ်စေသည်။ ကြည်လင်အေးမြသော အမေကြီး ဒေါ်မာမာအေးကိုကြည့်ပြီး အလွန်ကျက်သရေမဲ့သော ရုပ်ကြီးတွေကို သတိရကာ စိတ်အကြည်ဓာတ်ပင် ပျက်သလိုလို ရှိသွားခဲ့သည်။

အမေကြီးက အသက်အရွယ်နှင့် မလိုက်ဖက်စွာ သီချင်းတွေ မမောနိုင် မပန်းနိုင် တစ်ပုဒ်ပြီး တစ်ပုဒ် သီဆိုသွားသည်။ ချမ်းမြေ့ပါစေ၊ ယောင်နောက်ဆံထုံးပါ၊ ချစ်သူ့နယ်မြေ၊ စပျစ်သီးလေးတွေ ချိုပါတယ်၊ ဒီည ကဗျာရေးပါအုံး၊ မောင့်အချစ်များဆူး၊ တူနှစ်ကိုယ်၊ ပန်းလိုမွှေးပါတယ် စသည့် သီချင်းတွေကို တစ်ကိုယ်တော်ဟဲသွားသည်သာ မက ဦးသန်းမြတ်စိုး၊ ဦးမင်းအောင်ခိုင်တို့နှင့် တွဲဖက်ပြီး ပိတောက်ချစ်သူ၊ ချစ်မှာလား၊ သည်နွေ သည်မိုး သည်ဆောင်း တို့ကိုလဲ မမောနိုင် မပန်းနိုင် အသက်အရွယ်နှင့် မမျှ သီဆိုသွားသည်။ အမေကြီး မောလို့ နားစဉ်မှာ အန်တီခင်ညွှန့်ရီ၊ ဦးသန်းမြတ်စိုး၊ ဦးမင်းအောင်ခိုင်တို့၏ မြန်မာသံ သီချင်းတွေက နားဝင်ပီယံ ရှိလှပါဘိ။

အမေကြီးက သီချင်း တစ်ပုဒ် မဆိုခင် ထိုသီချင်း၏ သမိုင်းနောက်ခံ၊ ရေးသူ စသည့် သမိုင်းကြောင်းလေးတွေကို ပြန်ပြောပြသွားသည်ကလဲ နလပိန်းတုံး ကျွန်တော့်အတွက် အလွန်တန်ဖိုး ရှိလှသည်။ လူထု ဒေါ်အမာ၏ “အငြိမ့်” စာအုပ်ကြီးလို အမေကြီး၏ အနုပညာ၊ ဘ၀ဖြတ် သန်းမှုကို သေသေချာချာ စာထက် အက္ခရာတင်နိုင်ကြလျှင် အလွန်ကောင်းမည်။ နောင်လာ နောင်သား ကျွန်တော်တို့ မျိုးဆက်အတွက် မြန်မာ့ ဂီတ၊ မြန်မာ့ အနုပညာဆိုတာ မခေလှဘူးဆိုသည့် အသိကို ရစေမှာ သေချာလှသည်။

အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ရေအလျင်ကို ရပ်ကြည့်နေရသကဲ့သို့ သံသရာစက်ဝန်းကြီး လည်ပါတ်နေတာကို ရပ်ထားလို့ မရကောင်းဘူး ထင်ပါရဲ့။ တစ်ချို့က မသိလိုက် မသိဘာသာ ၀င်လာရင်း မသိလိုက် မသိဘာသာ ပြန်ထွက်သွားကြသည်။ တစ်ချို့က ဘယ်မှာ မွေးမှန်းတောင် မသိရပေမယ့် လူ့လောကကြီးကို အလှဆင်ပြီး ပြန်ထွက်သွားကြသည်။ တစ်ချို့က လူသာ သေသွားသော်လည်း နာမည် ဂုဏ်သတင်းက မွှေးပျံ့ကျန်နေရစ်ခဲ့ကြသည်။ တစ်ချို့က မသေခင်ကတည်းက ပုပ် ဟောင် နံစော်နေခဲ့ကြပြီ။ ဆရာကြီး မြသန်းတင့်က လူထုဒေါ်အမာနှင့် ပါတ်သက်ပြီး ရေး ဘူးသော စာလေး တစ်ကြောင်းကို ကျွန်တော် မှတ်မှတ်ရရ ရှိနေခဲ့သည်။

“အိုလာတာနဲ့အမျှ သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိ  သေသွားဖို့ အရေးကြီးပါတယ်။ မြန်မာ့ယဉ်ကျေးမှု မြန်မာစာပေကို ထိန်းသိမ်းစောင့်ရှောက်ရင်း အိုရသေရတာဟာ ဂုဏ်ရှိပါတယ်။ မသေခင်မှာတော့ တတ်နိုင်သမျှ လုပ်ကြရဦးမှာပါပဲ။ ကျနော်လည်း အဲဒီလို နေနိုင်အောင်ကြိုးစားနေပါ တယ်။” ဟု ဆိုခဲ့သည်။

အမေကြီး ဒေါ်မာမာအေး၏ အသက် ၇၁ နှစ်ဆိုမှာ အိုလာနေပြီဟုသာ ဆိုရပေမည်။ သို့သော် မအို၊ မပျက်၊ မဆီး၊ မယို့ယွင်းနိုင်သည့် အနုပညာရှင်ကြီး ဘ၀ကို ကျွန်တော်တို့အတွက် ခိုင်ခိုင်မာမာကြီး ချန်ထားရစ်နေသည်။ တန်ဖိုးရှိသော ဘ၀၊ အေးမြကြည်လင်သော သံသရာ ဘ၀တစ်ကွေ့ကို ဖြတ်ကျော်သွားပေအုံးတော့မည်။

အမေကြီး၏ အသံချိုချိုနှင့် တွဲဖက်ပြီး မြန်မာအကကို ပိုင်နိုင်လှသည့် ညီမတွေ က အပြီးမှာတော့ ခန်းမ ငှားချိန် ထပ်တိုးထားတာလဲ ပြည့်ခါနီးပြီ ထင်သည်။ ကိုမေတ္တာ၊ ကိုကုသိုလ်တို့က အခန်းအနားကို ခပ်သုတ်သုတ်လေး လက်စသပ်ပေးနေသည်။ “ဆယ်တန်းအောင်ပြီး ဆိုတော့ ကျောင်းပြီးပြီပေါ့နော်” ဆိုသည့် နိုင်ငံကျော် ထေ့လုံး၊ ငေါ့လုံး ဖြင့် ကျွန်တော် အားကျရသည့် ကိုမေတ္တာတို့က ပွဲကို ရုပ်ပျက်ဆင်း ပျက်ကြီး မဖြစ်အောင် အနားသပ်ပေးလိုက်သည်။

အခမ်းအနားပြီးတော့ ညကိုးနာရီကျော်ပေပြီ။ မနက်ဖြန် အလုပ် လုပ်ရအုံးမှာဘဲဆိုသည့် စိတ်ဇောကြောင့် မပြေးရုံတစ်မယ် အိမ်သို့ ခြေဦးလှည့်မိတော့သည်။ အိမ်အပြန်လမ်း ရထားပေါ်မှာ ကျွန်တော့်ပါးစပ်ဖျားသို့ ရောက်လာသည့် သီချင်းက အမေကြီး၏ သီချင်းမဟုတ်။ ဦးသန်းမြတ်စိုး၏ သင်္ကြန်မိုး ဇာတ်ကားထဲမှာ သီဆိုသွားသော သူ၏ Master Piece ဟု ဆိုရမည့် “မြူမှောင်ဝေကင်း”။

“မြူမှောင်ဝေကင်း ငွေအဆင်းဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု သွန်းခါရေ အေးစေကြောင်း လောင်းတဲ့ လုံမေ၊ ထူးထူးကဲကဲ လှကြပါစေ…”

သြော်..သင်္ကြန်ရောက်ပြန်ပေအုံးတော့မည်။ အမေကြီးက အမေရိကန်တိုင်းပြည်ကြီးကို ပြန်မည်။ ကျွန်တော်တို့က ကျွန်းနိုင်ငံငယ်လေးမှာ ဘယ်အချိန်ထိ ကျွန်သက်ရှည်နေအုံးမည် မသိတတ်။

“ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု သွန်းခါရေ အေးစေကြောင်း ရှိကြပါစေ” ရယ်လို့ ထူးထူးခြားခြား မေတ္တာစိတ်တွေ ပွားများနေမိလေရဲ့။

Comments