Po Htet - Compassion


ကိုယ်ကျင့်တရားက နောက်၊ ကိုယ်ချင်းစာခြင်းက အရင်
ဖိုးထက်၊ မတ် ၂၆၊ ၂၀၁၃
တစ်မြန်မနေ့က ရင်ဘတ်မိတ်ဆွေ တစ်ယောက်မှ စာအုပ် တစ်အုပ် လက်ဆောင်ပေးလာသည်။ သူနဲ့ ကျွန်တော်နဲ့က ပြောမနာ ဆိုမနာ အပြန်အလှန် စိတ်ကောက်ဘူးကြသူတွေ။ ဒီလူက စိတ်ရှင်း၊ လူရှင်း။ ကိုယ်ကျင့်တရားမှာ၊ စိတ်ချယုံကြည်ရမှုမှာ သံသယရှိစရာ မလိုသောလူ။ ဒီလိုလူနှင့် ကျွန်တော်လို အကုသိုလ်အကောင် အဘယ်ကြောင့် မိတ်ဆွေ သံယောဇဉ်ရှိနေကြသလဲ ဆိုတာတော့ သူ့ ကုသိုလ်ကံ ဆိုးပြီး ကျွန်တော့် ကုသိုလ်ကံ ကောင်းသော ကြောင့်ဟုသာ သတ်မှတ်ချင်သည်။
            သူပေးသော စာအုပ်လေးက မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကဘိဝံသ  ရေးသားတော်မူသည့် “ကိုယ်ကျင့် အဘိဓမ္မာ” စာအုပ်လေး။ ဒီစာအုပ်လေး ကျွန်တော့်ဆီမှာ အပိုင်ရှိနေတာ သေချာသည်။ အိမ်က စာအုပ်စင်ပေါ်မှာလား။ သို့မဟုတ် စာအုပ် သေတ္တာထဲမှာလား။ ဒီလောက်ေ၀၀ါးနေပုံထောက်လျှင် စာဖတ်သူက ကျွန်တော့် ကိုယ်ကျင့်တရားကို ခန့်မှန်းမိလောက်ပြီ ထင်ပါသည်။ စာအုပ်ရေးသားပြုစုတော်မူသည့် ဆရာတော်၏ သာသနာတော်အတွက် ၀ီရိယကြီးမားပုံကို စာအုပ်တွေထဲမှာ မကြာခဏ ဖတ်ဘူးသည်။ စာရေးလျှင် မတ်တပ်စားပွဲကြီးနှင့် ရေးသည့် ဆရာတော်ကို အံ့သြရသည်။ ပျံလွန်တော်မူမည့် နေ့မှာ မနက်စာဝါ ပို့ချသွားသည့် ဆရာတော်ကို တွေးမိပြီး ကြက်သီးများ ထမိခဲ့သည်။
            အခုလဲ ဆရာတော်၏ အနီရောင်အဖုံးနှင့် ကိုယ်ကျင့် အဘိဓမ္မာ စာအုပ်လေးကို ကျွန်တော် ဖတ်ဘူးခဲ့ တာသေချာသည်။ သို့သော် စဉ်းစားဆင်ချင်ခြင်းမပါသော လူပြိန်း စာဖတ်နည်းဖြင့် ကျွန်တော်ဖတ်မိခဲ့ဟန်တူသည်။ အခု ပြန်ဖတ်တော့ စာကြောင်း၊ စာလုံးတွေက ဖတ်ပြီးသား အဟောင်း။ အတွေးတွေက အသစ်။ ပြီးတော့ သူငယ်ချင်းက စာအုပ်ရှေ့ဆုံးမှာ စာတိုလေး တစ်ကြောင်းရေးပေးသွားသည်။ “တစ်ချိန်ချိန်မှာ အသုံးဝင်လိမ့်မယ်” ဟု ရေးပေးခဲ့သည်။ သူပြောသော အချိန်က ဘယ်အချိန်လဲ။ သေမင်း တွင်းဆုံးကျသောအချိန်လား။ လောကဓံတရား၊ အခက်အခဲတွေ စိတ်ခြောက်ခြားလောက်အောင် ဖြစ်နေတဲ့ အချိန်တွေကိုလား။
            စာအုပ်ကို စပြီး မဖတ်သေးခင် ကိုယ့် ကိုယ်ကျင့်တရားကို ပြန်ငှဲ့ကြည့်မိသည်။ တစ်ခါတစ်ရံ လက်မထောင်လောက်သော အကြောင်းအရာများတွေ့ရသည်။ တစ်ခါတစ်ရံ မှန်ပြန်ကြည့်ပြီး ထွီခနဲ့ နေအောင် တံတွေးထွေးပစ်ချင် စိတ်တွေ ပေါက်လာသည်။ တိန်တိန်မြည် ကိုယ်ကျင့်တရား မဟုတ်တာတော့ သေချာသည်။ လူတွေရဲ့ ကိုယ်ကျင့်တရားကို ကြက်ဥ တစ်လုံးဟု ဆိုပါစို့။ တစ်ချို့ရဲ့ ကိုယ်ကျင့်တရားက ကြက်ဥ အစိမ်းနှင့် တူသည်။ ထိမိခိုက်မိပြီး အပြင်ကို အကာ အရည်တွေ၊ အနှစ်တွေပါ ထွက်လာပြီး ပတ်ဝန်းကျင်ကို၊ အ၀တ်အစားတွေကို ပေပွကုန်သည်။ လူမြင်မကောင်းအောင် ဖြစ်စေသည်။ ကိုယ်ကျင့် တရား အလွန်ဆိုးသော သူများကြတော့ ကြက်ဥအပုတ် ကျကွဲတာနှင့် တူမည်ဟု ထင်သည်။ ပတ်ဝန်းကျင်ကို အလွန်ပုတ်စော်နံစေသည်။
            ကျွန်တော့်ရဲ့ ကိုယ်ကျင့်တရားကျတော့ ကြက်ဥပြုတ် တစ်လုံးနှင့် ပမာပြုရမည်ထင်သည်။ ထိမိ ခိုက်မိလျှင် အပြင်ဘက်သို့ စွန်းထင်း အနှောင့်အယှက်ဖြစ်စေမည့် အရာများ ထွက်ကျမလာသော်လည်း အပြင်အကာများကတော့ ကြေမွကုန်သည်။ အပြင်အခွံမာများ မွမွ ကြေနေသော ကြက်ဥပြုတ်တစ်လုံးနှင့် ကျွန်တော့် ကိုယ်ကျင့်တရား တူပါလိမ့်မည်။ တစ်စစီ ကြေမွပြီး စုတ်ပြတ်မသွားအောင် ထပ်ပြီး မထိမိ၊ မခိုက်မိအောင် ကျွန်တော်ကြိုးစားရအုံးမည်။
            ဆရာတော့် စာအုပ်လေးက တစ်ထိုင်တည်း ဖတ်ပြစ်သင့်သော စာအုပ်မဟုတ်။ တစ်ပိုဒ်ဖတ်၊ တစ်ခါတွေး။ မကြေနပ်ရင် မရှင်းလျှင် တစ်ခေါက်ပြန်ဖတ်။ မသေမချင်း အထပ် ထပ် အခါခါ ဖတ်ရမည့် စာအုပ်ဟု ထင်သည်။ ထို့ကြောင့် စာအုပ်ကို စဖတ်ခင်မှာ ကိုယ်ကျင့်တရားနှင့် ပါတ်သက်ပြီး ဥာဏ်မှီသလောက် အတွေးနယ်ချဲ့နေမိသည်။
            ကိုယ်ကျင့်တရားနှင့် ပါတ်သက်လျှင် ဆရာတော်ကြီးကဲ့သို့ အလွန်သိက္ခာ ရှိသော ရဟန်းများကို ကျွန်တော် ထူးပြီး မအံ့သြမိ။ ဘုရားသားတော်တွေ ပီပီ မြတ်စွာဘုရားရှင်၏ အဆုံးမ၊ လမ်းပြမှုအောင်မှာ လူ့လောကကြီးကောင်းကျိုး၊ ငြိမ်ချမ်းသာယာဝပြောအောင် နေထိုင် ပြုမူကြသည်။ ကိုယ်၊ စိတ်၊ နှုတ်သုံးပါးကို သတိကပ်ပြီး မေတ္တာတရားတော်များ ထုံမွှန်းပြီး ဒါမှ ဗုဒ္ဓသားတော်ကွဟု စံပြုလောက်အောင် နေနိုင်သော အရှင်တွေ။ ဒါကြောင့် ထူးထူးခြားခြားကြီး မအံ့သြမိခြင်း ဖြစ်သည်။
            သို့သော် လူတောထဲမှာနေ၊ လူတွေနဲ့ အလုပ် လုပ် သာမန်လူသားတစ်ယောက်အတွက် ကိုယ်ကျင့်တရား ကောင်းဖို့ဆိုတာ အလွန်ရှင်းလင်း ပြတ်သားသော ဥာဏ်ပညာနှင့် အလွန်ခိုင်မာသော ယုံကြည်ချက်တွေ ရှိရမည် ထင်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုပါစို့။ အငြိမ့်မင်းသမီးကို ဗိုလ်ချုပ်သူငယ်ချင်းများက မြှောင့်ပင့်ပေးပြီး စနောက်ခိုင်းသည်ကို ဗိုလ်ချုပ်တုံ့ပြန်ပုံက ပြုံးချင်စရာ။ ကျွန်တော်သာ ဆိုလျှင် ငါ့ကို ချွန်တွန်း လုပ်နေကြပြီဟု တွေးမိနိုင်သေးပေမယ့် နယား ပါးယား စကားတွေ ပြောမိနိုင်တာ သေချာသည်။ ကိုယ်ကျင့်တရား ကောင်းမွန်သော ဗိုလ်ချုပ်ကို ဘယ်သူတွေ ဘယ်လောက် ၀န်တိုမစ္ဆိရိယ စိတ်တွေများနေပါစေ။ မြန်မာနိုင်ငံကြီး မပျက်မခြင်း၊ ကမ္ဘာကြီး မပျက်မခြင်း တည်တံနေမည့် လူဖြစ်သည်။
            ကိုယ်ကျင့်တရားနှင့် ပါတ်သက်ပြီး ဆရာကြီး သော်တာဆွေ၏ “မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း” (ခေါင်းစဉ် အမှတ်မှားနိုင်ပါသည်။) ဆိုသည့် ၀တ္ထုတိုလေးကို သတိတရ ရှိမိသည်။ တစ်သက်လုံး မှန်ကန်တည်ကြည်လာခဲ့သော၊ အလွန်သတ္တိရှိ ရဲရင့်သော ရွာလူကြီး သူကြီးက ဆေးသမား မိန်းမကို လိုချင်တပ်မက်သော စိတ်ဇောကြောင့် မလုပ်သင့် မလုပ်ထိုက်သော အပြုအမူများ လုပ်ခဲ့သည်။ တစ်ရပ်လုံး အသိ။ တစ်ရွာလုံး အသိ။ မတရားဘူးဆိုတာ သိကြသော်လည်း ကြောက်စိတ်ကြောင့် စောဒက မတက်ရဲကြ။ သို့သော် ဆေးသမား၏ အမေ အမယ်အိုကြီးက ဓားကြိမ်း လာကြိမ်းသော အခါ အိမ်ထဲက အိမ်အပြင်မထွက်ရဲလောက်အောင် ဖြစ်ခဲ့ရသည်။ ရပ်ရွာထဲကလဲ အဖွားကြီးကို ဆွဲမည့် တားမည့်သူ မရှိ။ နောက်တော့ တစ်ရပ်တစ်ပါးသို့ ပြောင်းပြေးရပြီး မထင်မရှား ဘ၀နှင့် ဘ၀သေသွားခဲ့ရသည်။
            ကျွန်တော့်အတွေးကို တစ်ဆင့်မြှင့်ကြည့်သည်။ ကျွန်တော်တို့ နိုင်ငံ သမိုင်းမှာရော။ အဖေကိုသတ်ပြီး ဘုရင်ဖြစ်လာသည့် နရသီဟပတေ့မင်း၊ ကြက်တိုက် ဘုရင် ပုဂံမင်း အလွန်အရုပ်ဆိုးသော သမိုင်းထဲက ဘုရင်တွေ။ ဒီဘုရင်တွေပေါ့ကွာဟု သေသွားသည့်တိုင်အောင် မေးငေါ့ခံနေရဆဲ။ ကျွန်တော်တို့ အသက်အရွယ် အပိုင်းအခြားမှာ နိုင်ငံလွတ်လပ်ရေးအတွက် ဒုက္ခဆင်းရဲခံလာသည့်တိုင်အောင် အာဏာ၊ လုပ်ပိုင်ခွင့် တွေပေါ်မှာ သာယာပြီး မိုးပေါ်ထောင်မပြစ်ဘူး၊ တည့်တည့်ဘဲ ပြစ်တယ်ဟု လူမိုက်စကားပြောသော လူကြီး၏ ကိုယ်ကျင့်တရားကတော့ ဟုတ်တာတွေကော၊ မဟုတ်တာတွေပါ သပုတ်လေလွင့် အပြောခံရသည်။
            ကိုယ့်ကျင့်တရားဆိုတာကို အကန့်တွေခွဲထုတ်ဖို့ ဆရာ့တော်စာအုပ်ကို ကျော်ပြီး ကျွန်တော် မလုပ်ရဲပါ။ သူများ ပစ္စည်းမခိုးရ ဆိုသည့် ကိုယ်ကျင့်တရားကို ဖောက်ဖျက်ပြီး လူကြားထဲမှာ မျက်နှာမပြရဲတော့ဘဲ ရှင်လျက်နဲ့ သေနေကြသော လူကြီးတွေ။ လူ့လောကကြီးက အလွန်ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကိုယ့်ကျင့်ကောင်းမွန်မှုကို တောင်းဆိုလွန်းလှသည်။
            ကိုယ်ကျင့်တရား ကောင်းသောသူတွေ ကျတော့ရော။ ဘာလုပ်လုပ် အောင်မြင်တာလား။ ဒီလိုလဲ မဟုတ်ပြန်။ ကိုယ်ကျင့်တရား ကောင်းကောင်း၊ ပညာဥာဏ်ကြီးကြီးဖြင့် ဦးဆောင်နေပါလျက်နှင့် ခါးအောက်ပိုင်း လက်သီးတွေ ထိုးချင်နေကြတာ စိတ်ဆင်းရဲစရာ။ ကျွန်တော်တို့က ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ စာအုပ်တွေထဲမှာ ကိုယ်ကျင့်တရား ကောင်းသောသူက ယုတ်မာ ကောက်ကျစ်သော လူတွေကို အနိုင်ရသွားခြင်းတွေမှာ ကြေနပ်အားရကြသည်။ အပြင်လောကမှာတော့ စုတ်ပဲ့သော လူများက အနိုင်ရသွားခြင်းတွေလဲ အများကြီးရှိပါသည်။
            ကိုယ်ကျင့်တရားနှင့် ပါတ်သက်ပြီး ယခု ကမ္ဘာမှာ ပြောနေကြသည့် လူ့အခွင့်အရေးကို နှိုင်းယှဉ်ကြည့်မိသည်။ လူဆိုသည့် သတ္တ၀ါ ဖြစ်တည်လာလျှင် အသားမဲတာ၊ မမဲတာ၊ ၀ါတာ ၊ မ၀ါတာ ဘေးချိတ်။ ရသင့်ရထိုက်သော အခွင့်အရေး အပြည့်ရ ရမည်ဟု ဆိုကြသည်။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်၊ လွတ်လပ်စွာ တောင်းဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေပိုင်ခွင့်၊ လွတ်လပ်စွာ…လွတ်လပ်စွာ။ လွတ်လပ်စွာတွေ အလွန်များသော အကြောင်းခြင်းရာတွေပေါ်မှာ အကျင့်ကောင်းသော လူများ ဦးဆောင်လျှင် ပိုပြီး နေသော ထိုင်သာရှိသော လူ့ပါတ်ဝန်းကျင် ဖြစ်လာသည်။ ပိုပြီး ခြေခင်း လက်ခင်းသာသော နေ့များ ဖြစ်လာသည်။ သို့သော် အကျင့်တန်သော ဗီဇနှင့် လွတ်လပ်စွာတွေ ရောရှက်လာသော အခါ အလွန်စိတ်ညစ်ဖွယ်ကောင်းသော အမှုအခင်းများ ဖြစ်လာကြသည်။ ထိုအပေါ်ကိုမှ မာန်မာန တစ်လွဲတွေ၊ အတွေးအခေါ် အမှားတွေ ပေါင်းထည့်ပြန်သောအခါ ရှင်းမနိုင်တော့သော၊ ဘယ်တော့မှ မပြီးဆုံးတော့သော ပြဿနာပေါင်း သောင်းခြောက်ထောင်။
            ဆိုကြပါစို့။ ပြီးခဲ့သော မိထ္ထီလာ အရေး အခင်းကြီး ဆိုပါစို့။ ဘေးပရောဂတွေ၊ လူတွေ အလန့်တကြား ဖြစ်မှ၊ သေကြ ကြေကြမှ စိတ်ချမ်းသာကြသော လူ့အန္ဓများကို ဘေးချိတ်။ အရေးအခင်း စဖြစ်သည် ဆိုသည့် အကြောင်းအရာပေါ်မှာ ရိုးရိုးရှင်းရှင်းတွေးကြည့်မိသည်။ မွတ်ဆလင်တွေ၊ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာတွေ ခဏဘေးဖယ်ထား။ ကိုယ်ကျင့်တရား စုတ်ပဲ့သော လူ့လောဘ၊ ဒေါသ၊ မောဟတွေကြောင့် ဖြစ်လာသည်လို့ တွေးလို့ရမည်။
            ထိုအခြင်းအရာကိုမှ ကိုယ်ကျင့်တရား စုတ်ပဲ့သော လူများက ဟုတ်တာတွေကော၊ မဟုတ်တာတွေပါ ထပ်မံပြီး ဖွကြသော အခါ တည်ငြိမ်ခြင်းပျက်ပြားရသည်။ ဘယ်လိုမှ မဖြစ်သင့်သော အမုန်းတရားတွေ လက်ဆင့်ကမ်းကြသည်။ အားပေးအားမြှောက်ပြုကြပြန်သည်။
            ကျွန်တော်က ဆရာတော်ကြီး၏ စာအုပ်ကို မဖတ်သေးဘဲ အတွေးနယ်ချဲ့မိနေခြင်းဖြစ်သည်။ ကိုယ်ကျင့်တရားဆိုသော ဘာသာရပ်ကို သရုပ်ခွဲပြဖို့ ကျွန်တော်လို လူသာမာန်များ ဥာဏ်မမှီတာ သေချာပါသည်။ လူ့အခွင့်အရေးတွေ အော်ကြီး ဟစ်ကျယ်ပြောနေကြသော နိုင်ငံကြီးတွေက နိုင်ငံသားတွေကရော နိုင်ငံသား အချင်းချင်း လူ့အခွင့်အရေး အပြည့်အ၀ ပေးနိုင်ကြသလား။ သံသယ၀င်စရာ၊ ထောက်ပြစရာတွေ အများကြီးရှိပါသည်။
ကိုယ်ကျင့်တရားဟူသည့် စကားလုံးကို ထပ်ခါ ထပ်ခါ စာစီနေရသော ကျွန်တော့်လက်တွေက ယားယံလာသည်။ လူ့အခွင့်အရေးဗျ ဟု ပြောနေကြသော လူတွေကို ဟားတိုက်ချင်သည်။ ကျွန်တော်တို့ လူတိုင်း လိုက်နာနိုင်သော အလွန်ရိုးရှင်းသော စကားလုံးရှိပါသည်။ ဒီစကားလုံးက အလာအရှင်မြတ်ရဲ့ သားတော်တွေ၊ ယေရှုခရစ်ရဲ့ သားတော်တွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ ဘယ်ဘာသာကိုမှ မယုံကြည်သော လူတွေ အားလုံးအတွက် အကျုံးဝင်ပါလိမ့်မည်။ ထိုစကားလုံးကတော့ ကိုယ့်ကို သူများ လာလုပ်လျှင် မကြိုက်သော အပြုအမူတွေ၊ ကိုယ့်ကို သူများက တွေးလျှင် မကြိုက်သော အတွေးတွေ ကို သတိပေးနေသည့် “ကိုယ်ချင်းစာစိတ်” ဖြစ်ပါသည်။ ကိုယ်ကျင့်တရားတည်းဟူသည့် အလွန်ခက်ခဲ့သော စကားလုံးကို မပြောခင် ကိုယ်ချင်းစာစိတ်လေး အရင်မွေးဖို့ ကျွန်တော်အများကြီး ကြိုးစားရပေအုံးမည်။

Comments