Saung Win Latt settling in USA


မြန်မာပြည်က ၀တ္ထုရေးတဲ့ စာရေးဆရာ ဆောင်းဝင်းလတ် အမေရိကန်ရောက်ပြီ
မိုးမခအထောက်တော် ၀၀၂၊ မတ် ၁၅၊ ၂၀၁၃
မြန်မာပြည်တွင် ၀တ္ထုတိုစာရေးဆရာတဦးအဖြစ် ထင်ရှားသူ စာရေးဆရာ ဆောင်းဝင်းလတ်နှင့် ဇနီးသည်တို့သည် သားသမီးများနှင့်အတူ နေထိုင်ရန်အတွက် အမေရိကန်ပြည်သို့ ပြောင်းရွှေ့လာပြီ ဖြစ်သည်။ မိနီဆိုးတားပြည်နယ်တွင် နေထိုင်ရန် မတ်လပထမပတ်ခန့်ကို ရောက်ရှိလာသည်ဟု သိရသည်။ အမေရိကန်ပြည်၊ မီချီကန်ပြည်နယ်တွင် နေထိုင်သည့် ကဗျာဆရာ အောင်ဝေးက ဆောင်း ရောက်ပြီဟု သူ့ဖေစ်ဘွတ်ကနေ ထုတ်ပြန်ပြီး မိတ်ဆွစာရေးဆရာကို ကြိုဆိုလိုက်သည်။
ဆရာဆောင်းဝင်းလတ်က မိုးမခသို့ ပြောကြားရာတွင် မိမိ၏ စာရေးသားခြင်းကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။ မဂ္ဂဇင်းအချို့နှင့် အပတ်စဉ်ဂျာနယ်များတွင် အဆက်မပြတ်ရေးသားဆဲဖြစ်သည်ဟု သိရသည်။ ၁၉ ၇၃ ခုနှစ်ကတည်းက ယခုအထိ စာရေးသားခြင်းဖြင့် အသက်မွေးခဲ့သည့် စာရေးဆရာဖြစ်သည်။ ၁၉ ၉ ၀ - ၉ ၄ ခုနှစ်အတွင်း မဟေသီမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ မြန်မာပြည်တွင် အစိုးရပေးသည့် စာပေဆုများသာမက စာဖတ်သူများ၊ စာပေချစ်သူများက ပေးသော စာပေဆုများစွာဖြင့်လည်း ဂုဏ်ပြုခံရသော စာရေးဆရာဖြစ်သည်။ ၁၉၈၀ ခုနှစ်များအတွင်း ရှုမ၀မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သော ဆောင်းဝင်းလတ်၏ ဘ၀သရုပ်ဖော်ဝတ္ထုများမှာ အထူးထင်ရှားသည်။
ထင်ရှားသောစာမူများမှာ - ရေစက် (၉၀ခုနှစ်၊ ပေဖူးလွှာ)၊ သူတို့ခေါ်တော့ ဒုံးပျံပေါ့ (၁၉ ၈၆၊ ရှုမ၀)၊ ဘာကိုရွေးမလဲ ရွာကလေးရယ် (၁၉ ၈၄၊ ရှုမ၀)၊ လွမ်းလောက်ပေသည် (၂၀၀၁၊ အမျိုးသားစာပေဆု)၊ နံနက် ၃ နာရီ (၂၀၀၃ အမျိုးသားစာပေဆု) တို့မှာ ထင်ရှားသော စာမူများဖြစ်သည်။ လုံးချင်းဝတ္ထုနှင့် စာအုပ် ၁၀ အုပ်ကျော် ထုတ်ဝေခဲ့သည်။
မြန်မာပြည်ပြင်ပတွင် တင်ဆက်နေသော မြန်မာဝက်ဆိုက်များကိုလည်း ဖတ်ရှုမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းမှာတော့ ပြည်ပက မြန်မာသတင်းတင်ဆက်သည့် ၀က်ဆိုက်များကိုပဲ ကြည့်ရှုဖြစ်ကြောင်း ဆရာဆောင်းဝင်းလတ်က မိုးမခကို ပြောသည်။ ဆရာအောင်ဝေးတိုက်တွန်းလို့ မိုးမခလည်း ဖတ်ကြည့်ဦးမည်ဟု ဆရာဆောင်းဝင်းလတ်က မှတ်ချက်ပြုလိုက်သည်။ (email to writer @ winterlatt@gmail.com )
(Photo – Myanmar Times)

Comments