နိုင်ငံရေးပဲ လုပ် လုပ် ဇာတ်ပဲ က က ပြည်သူချစ်ဖို့ လိုသည်
တူမောင်ညို (၂၀၁၃ ခုနှစ်၊
မတ် ၁၆ ရက်)
(နဝတ-နအဖ) စစ်အစိုးရနှင့် အာဏာအမွေခံ
(ဗိုလ်)ဦးသိန်းစိန်အစိုးရတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်ကို ဖြိုခွဲနှိမ်နင်းရမည့်ဗျူဟာနှင့်ပရိယာယ်ပေါင်းစုံရှိသည်။သတင်းစာများတွင်အပုတ်ချဆောင်းပါးများရေးသားဖေါ်ပြသည်မှအစ၊
အိမ်ချုပ်ချခြင်း၊ ထောင်ချ ခြင်းများအလယ် ဒီပဲယင်းတွင်အကြမ်းဖက်သတ်ဖြတ်သည်အဆုံး
အတွေ့အကြုံများစွာရှိသည်။ လက်မရွံ့သူတွေပေါလှသည်။
ယခုတစ်ခေါက် လက်ပံတောင်းဒေသသို့ သွားသည့်ခရီးစဉ်တွင်
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည် “မီးလောင်ဗုံး” ကဲ့သို့ ဖြစ်ခဲ့ရပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို“မီးလောင်ဗုံး”အဖြစ်
(ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက လှလှကြီးအသုံးချခဲ့ခြင်းဖြစ်သည်။ “အသုံးချ ခံမည်”ဟု
တဖွဖွပြောဆိုနေသဖြင့် ကြုံကြိုက်တုန်း အသုံးချလိုက်ပုံရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မျက်လုံး၊စကားလုံးများ၊ ဟန်ပန်အမူအရာများသည်
လက်ပံတောင်းဒေသခံ ပြည်သူများ၏အသည်း နှလုံးကို အလျှံညည်းညည်းလောင်ကျွမ်းစေခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်၏
ထိုသို့သောမီးလောင်မျက်လုံး၊ မီးလောင်စကားလုံးများ၊ မီးလောင်ဟန်ပန် အမူအရာများကို ယနေ့ခေတ်မီ
ဆက်သွယ်ရေးနည်းပညာတန်ခိုးဖြင့် ကမ္ဘာအနှံ့ပျံ့နှံ့စေခဲ့ပြီ။ ကြားသိကြည့်မြင်ခဲ့ကြရ ပြီ။
လက်ပံတောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏
စစ်ဆေးတွေ့ရှိချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်စီမံကိန်း တည်ရှိရာဒေသသို့
သွားရောက်ရှင်းလင်းပြောဆိုရန် လိုအပ်ပါသလား။ အပြီးသတ်စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို သမ္မတထံတင်ပြပြီးလျှင်
ကော်မရှင်ဥက္ကဋ္ဌ၏တာဝန်မှာ ပြီးဆုံးပြီဟုထင်ပါသည်။
အခုတော့ “နိုင်ငံရေးဆိုတာ
အချစ်ခံဖို့မှမဟုတ်ဘဲ..အချစ်ခံချင်ရင် ကျမ ဇာတ်ကမှာပေါ့” ဟူသောစကားကို ငေါ့တော့တော့
ပြောရသည့်ဘဝရောက်သွားခဲ့ရပြီ။
“ဒီမိုကရေစီ”ဆိုသည်ကို အများနားလည်မည့်စကားဖြင့်ခပ်လွယ်လွယ်
ပြောရမည်ဆိုလျှင် “ပြည်သူ့အချစ်”ဖြင့်ရွေးချယ်သည့် စနစ်ဖြစ်သည်။ ပြည်သူကလည်း ပြည်သူ့အကျိုးဆောင်မည့်သူ/
ဆောင်မည့် ပေါ်လစီမူဝါဒများ ချမှတ်ဖေါ်ဆောင်မည့် လူပုဂ္ဂိုလ်/ပါတီကို ရွေးချယ်လိမ့်မည်သာဖြစ်သည်။
ဤသို့သောအချစ်ဖြင့် တိုင်းရင်းသားပြည်သူများသည် ၁၉၉၀
ပြည့်ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ်ပါတီ ကို တခဲနက်မဲပေးခဲ့ကြသည်။
ထိုနည်းတူပင် “ပြည်တွင်းငြိမ်းချမ်းရေး၊
ဥပဒေစိုးမိုးရေး၊၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး” စသောကိစ္စကြီးအတွက် ၂၀၁၂ ခုနှစ်၊ “ကြားဖြတ်ရွေးကောက်ပွဲ”တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်ဒီချုပ် ကိုယ်စားလှယ်များကို ပြည်သူများကမဲပေးခဲ့ကြခြင်းဖြစ်သည်။
အတန်းပညာ၊
တက္ကသိုလ်ပညာမတတ်ကြရှာသော အများစုပြည်သူများ၏အချစ်ကို ပေါ့ပေါ့တန်တန်သဘောမထားသင့်ပါ။
ပြည်သူများသည် “ချစ်ရမည့်သူနှင့်မချစ်ရမည့်သူ”ကို
သူတို့ဘဝကိုယ်တွေ့အတွေ့အကြုံများအရ ရှင်းရှင်းလင်းလင်း၊ခွဲခွဲခြားခြား သိရှိနားလည်သဘောပေါက်ကြသူများဖြစ်ပါသည်။
၂၀၁၅ မတိုင်မီ “၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး”
နှင့် “၂၀၁၅ရွေးကောက်ပွဲ” တွင် သူတို့ချစ်သော ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် သူတို့ရင်တွင်းဆန္ဒဖြစ်သည်။
“၂၀၀၈အခြေခံဥပဒေ” အသစ် ပြန်လည်ရေးဆွဲနိုင်မှ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီ နှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု
ဖော်ဆောင်နိုင်မည်ဟု သူတို့လေးလေးနက်နက်ယုံကြည်နေကြသည်။ သူတို့၏ထိုဆန္ဒများကို အကောင်အထည်ဖေါ်ပေးနိုင်မည့်သူအဖြစ်
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကိုးကြသည်။
ပိတောက်ပွင့်သစ်
မောင်စိမ်းနီ၏ ဆောင်ပုဒ်ကလေးကို ကိုးကားပါရစေ။ “ပြည်သူချစ်လျှင် ကမ္ပည်းတင်မည်” သာဖြစ်သည်။
ဗိုလ်နေဝင်း၊
ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့၏ (မဆလ)နှင့် (နဝတ-နအဖ) စစ်အစိုးရများကို တိုင်းရင်းသားပြည်သူများက
မချစ်ပါ။ မချစ်သည့်အပြင် မုန်းတီးရွံရှာ အော့နှလုံးနာပါသည်။ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရကိုလည်း ပြည်သူများက
မချစ်မနှစ်သက်ပါ။
“၂၀၀၈အခြေခံဥပဒေ”အသစ် ပြန်လည်ရေးဆွဲနိုင်ရန်နှင့်
စစ်မှန်ပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင် နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့်
ဒီချုပ်ပါတီအတွက် တိုင်းရင်းသားပြည်သူများ၏ အချစ်စစ်၊ မေတ္တာစစ်လိုအပ်ပါသည်။
သို့အတွက် နိုင်ငံရေးပဲလုပ်လုပ်၊
ဇာတ်ပဲ ကက ပြည်သူချစ်ဖို့တော့ လိုကို လိုအပ်ပါသည်။
Comments