Eikyar Aww - Stire


ဖွတ်ကလေး၊ “ပီအိပ်ခ်ျဒီ” နှင့် သမတဂျီး၏ မေတ္တာဖုန်းကဒ်
အီကြာအော်
ဧပြီ ၂၇၊ ၂၀၁၃



“ဟတ်ချိုး ဆိတ်သား…….

ဟတ်ချိုး ဆိတ်သား……..

အသက် တစ်ရာ….. အနာမရှိ”

ဖွတ်ကလေးကား အအေးမိ၍ နှာတချေချေနှင့် ရှိတော့သည်။ တနေ့က နေပူပူမှ ပြန်လာပြီး ရေခဲရေ အ၀သောက်ကာ ရေခေါင်းလောင်းချိုး၍ အပူရှပ်တော့သည်။ ခက်သေးရွာသားပြီပြီ အကြောက်က လွန်သည်မို့ ဟတ်ချိုးဆိတ်ဖွား ဟုတောင် မရွတ်ရဲချေ။ ခက်သေးရွာ ရွာလူကြီးများက သူတို့၏ အတင်းအဖျင်းများ ပြောသည်ဆိုကာ ဆိတ်ဖွားကို လိုက်ရှာနေကြလည် မဟုတ်ပါလား။ ယခုတော့ ဆိတ်ဖွားကို တွေ့ပြီဟု ဆိုကြသည်။

“ဟေ့ကောင် ဖွတ်ကလေး…….၊ မင်းလည်း မင်းလည်း အသွားအလာ အနေအထိုင် ဆင်ခြင်ဦး၊ မင်းက ဆိတ်ဖွားကို မိသွားတာနဲ့ နှာတော်တော်စေးနေပါလား”

“ဆိတ်ဖွားတော့ မင်း ယောင်သလိုပဲ ဆိတ်သားဖြစ်တော့မယ် ထင်တယ်”

“တို့ ခက်သေးရွာက ရွာလူကြီးတွေများ ဆိတ်ဖွားကို အရေးလုပ်လို့ကွာ၊၊ သူတို့မှာ ဒီထက် အရေးပါတာ လုပ်စရာမရှိတော့ဘူးလား”

“ငါတို့ ရွာက ကျောင်းတွေများ စုတ်ပြတ်သပ်လို့၊ စာသင်တဲ့ ဆရာ၊ဆရာမ ဆိုသူတွေကလည်း မတတ်တတတ်တွေက များတော့ ရွာက ကလေးတွေလည်း ကကြီး ခကွေးတောင် ကောင်းကောင်း မတတ်ကြတော့ဘူးလေ”

“ဟုတ်တယ် ဆရာအော်ရေ၊ ကျွန်တော့ညီ ကြွက်နီတစ်ယောက် တနေ့က ကျောင်းမှာ ကကြီး ခကွေးသင်လို့ ကျွန်တော်က ဇမျဉ်းဆွဲ (ဈ) ဆိုပြီး သင်ပေးလိုက်တာ ဆရာမက သူသင်ပေးတဲ့အတိုင်း စလုံးယပင်း (ဈ)ဆိုပြီး မပြောလို့ ခေါင်းခေါက်ခံရသတဲ့”

“ဟေ့ကောင် ဖွတ်ကလေး ဆရာမက အဲဒီလောက်တော့ မညံ့လောက်ပါဘူးကွာ…၊ ကြွက်နီက သူ့ဆီမှာ ကျူရှင်မယူလို့ များလားကွ”

“ဆရာအော်ပြောတာ ဟုတ်လောက်တယ်၊ ကြွက်နီရဲ့ အပြောအရ သူ့ဆီမှာ ကျူရှင်ယူတဲ့ သူတွေဆိုရင်တော့ ဆရာမက မျက်နှာကို ချိုနေတာပဲလို့ ပြောတယ်”

“အေးကွာ ဖွတ်ကလေးရာ၊ လွန်ခဲ့တဲ့ အနှစ် အစိတ်အတွင်း ဘာတွေများ ဖြစ်ကုန်ကြလည်း မသိပါဘူး၊ ငါတို့ ငယ်ငယ်က ဆရာ၊ ဆရာမတွေက စေတနာ အရမ်းရှိတာမဟုတ်လား၊ အခုထက်ထိ ငါ့  ဆရာ၊ဆရာမတွေ တွေ့ရင် ထိုင်ရှိခိုးတဲ့အထိ ရိုသေ လေးစားတုန်းပဲ”

“ကြွက်နီကတော့ သူ.. ကြီးလာပြီး ကားမ၀ယ်နိုင်လို့ ကားဒရိုင်ဘာဖြစ်ရင်တောင် အဲဒီ ဆရာမကို ကားနဲ့ သွားတိုက်မယ်လို့ ပြောနေတယ်”

“အေးကွာ….၊ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတာ ဒါမျိုးနေမှာပေါ့”

“တို့ရွာက ကလေးတွေကို ကျောင်းစနေကတည်းက လာဘ်ပေးလာဘ်ယူတွေနဲ့ လေ့ကျင့်ပေးနေတာ…..ဒီကလေးတွေ ရွာလူုကြီး ဖြစ်လာရင်တော့ ရွာအတွက်တော့ ရင်လေးပါသေးတယ်ကွာ”

အီကြာအော်က စိတ် မသက်မသာဖြင့် သက်ပြင်းချရင်း ဖွတ်ကလေးကို  လှမ်း၍ပြောလိုက်သည်။

“ဆရာအော်ရေ….၊ ကျုပ်တို့ ခက်သေးရွာမှာက “ပီအိပ်ခ်ျဒီ”တွေ အများကြီး မွေးထုတ်ထားပြီမို့လို့ ပညာရေးက အဆင့်မြင့်နေပြီ မဟုတ်ဘူးလား”

“ဟေ့ကောင် ဖွတ်ကလေး…..၊ “ပီအိပ်ခ်ျဒီ” ဆိုတာ ကွာလတီက အရေးကြီးတယ်ကွ၊ “ပီအိပ်ခ်ျဒီ” ရထားတဲ့ ရွာလူကြီးတစ်ယောက်က သူ့အဘအကြိုက် “ပီအိပ်ခ်ျဒီ” တွေကို ဥုံဖွဆိုပြီး ရွှေဥာဏ်တော် စူးရောက်စွာနဲ့ ထုတ်လုပ်ထားတာကိုး….”

“မင်း“ပီအိပ်ခ်ျဒီ”တွေက ဆရာမင်းသိင်္ခရဲ့  “မောင်ဘာဘာစိန်”နဲ့ ထူးမခြားနား ဖြစ်နေပါပေါ့လား”

“မောင်ဘာဘာစိန်” ဆိုတာ ဘယ်သူလည်း ဆရာအော်”

“မောင်ဘာဘာစိန်” ဆိုတာ ဆရာမင်းသိင်္ခရဲ့  ဇာတ်ကောင် တစ်ဦးပေါ့…၊ သူ့ရဲ့  လက်ဆွဲအိတ်မှာ “အမ်ဘီဘီအက်စ်” ဆိုပြီး ရေးထားတော့ မသိတဲ့ သူတွေက အထင်ကြီးကြတာပေါ့”

“တယ်ဟုတ်ပါလား ဆရာအော်ရဲ့ ”

“မင်းကိုလည်း ငါ “ပီအိပ်ခ်ျဒီ” ပေးမယ် ဖွတ်ကလေး”

“ဆရာအော်ကတော့ လုပ်တော့မယ်”

သူ့ဆရာ အီကြာအော်၏ အကြောင်းကို သိနေသော ဖွတ်ကလေးက သူ့ကိုတော့ဖြင့် မဟုတ်ကဟုတ်က ပြောတော့မည်ကို တွေးမိလိုက်သည်။

“မင်းလည်း “ဖွတ် ဟိုရောင် ဒီယောင် (Phut Ho-yaung De-yaung) ယောင်ခြောက်ဆယ် ပီအိပ်ခ်ျဒီ” ပေါ့ကွာ၊ ဟားဟားဟား……”

“အဲဒီ “ပီအိပ်ခ်ျဒီ” တော့ မလုပ်ပါနဲ့ ဆရာအော်ရယ်” ဖွတ်ကလေးက ကြောက်လန့်တကြား ငြင်းလိုက်သည်။

“ရွာလုကြီး ဒေါက်တာရွှေခင်တောင် အမေဂျီးကားရွာက “ပီအိပ်ခ်ျဒီ” ကို လှမ်းပြီး ၀ယ်တပ်ထားတယ်တဲ့ ဆရာအော်”

“တို့ရွာရဲ့  ပြသနာက အတုအယောင်တွေက နေရာတကာမှာ ပေါတာကိုး…၊ ကြက်ဥအတု၊ ဆေးအတု၊ ငွေအတု၊ ရွှေအတု……၊အတုတွေချည်းပဲ၊ မင်းကတော့ ဖွတ်စစ်ပါတယ်နော်”

“စစ်ပါတယ် ဆရာအော်ရဲ့ ….၊ ကျွန်တော်လည်း အရက်တုနဲ့ မိပြီး ဂန့်မှာကြောက်လို့ အရက်တောင် မသောက်တာကြာပြီ”

“ဒါနဲ့ မင်း အခု ဘယ်က ပြန်လာတာလည်း ကွ”

“မေတ္တာဖုန်းကဒ် လျှောက်လွှာ အတွေက် သွားတန်းစီပြီး တိုးရာက ပြန်လာတာပါ”

“ဘာလည်းကွ မေတ္တာဖုန်းကဒ်ဆိုတာ….၊ ပြောစမ်းပါဦး”

“၁၅၀၀ ချစ်မေတ္တာ မဟုတ်လား ဆရာအော်ရဲ့ ၊ သမတဂျီးရဲ့  မေတ္တာနဲ့ ဖုန်းကဒ်တွေကို တစ်အိမ်တစ်ယောက် မဲနှိုက်ခွင့် ပေးတာလေ”

“စိတ်ကုန်ပါတယ် ဖွတ်ကလေးရယ်၊ တို့ ခက်သေးရွာကြီး တိုးတက်ပြောင်းလဲတော့မယ်ဆိုပြီး ငါ့မှာ လူတွေ့တိုင်း ကြွားရတာ အမော….၊တို့ခက်သေးရွာမှာ တန်းစီ တိုးစားတဲ့ ခေတ်က မကုန်သေးပဲကိုးကွ”

“တခြားရွာကြီးတွေ ဘယ်ရွာမှာမှ သမတဂျီးက ဦးဆောင်ပြီး ဖုန်းကဒ်ရောင်းတာ မကြားဘူးပါဘူး”

“ရွာသားအများစုက တောင်းဆိုတာကိုး ဆရာအော်ရဲ့ ၊ ဒီမိုကရေစီ ခေတ်ရောက်နေပြီလေ”

“မင်းကလည်းကွာ၊ ဖုန်းကဒ်နဲ့ ဒီမိုကရေစီနဲ့ ဘာမှမဆိုင်ဘူး၊ အဲဒါ တို့ရွာရဲ့  သမတဂျီးကို မလေးမစား၊ မဖွယ်မရာ လုပ်ခိုင်းတာနဲ့ မတူဘူးလား”

“ဒူးနေရာ ဒူး၊ တော်နေရာ တော် နေရမယ်ကွ”

“ဒီမှာ ဒူးက သူ့နေရာမှာသူ ရှိနေတာပဲ” ဖွတ်ကလေးက သူ့၏ ဒူးခေါင်းကို လှန်၍ အီကြာအော်ကို ပြလိုက်လေသည်။

“ဟေ့ကောင် ဖွတ်ကလေး…၊ မင်းက ဗဟုသုတ အတော်ကို နည်းတာကိုး….၊ဂျာနယ်တွေ၊ ဖွဘုတ်တွေချည်း လုပ်မနေနဲ့၊ စာကောင်း ပေကောင်းတွေလည်း ရှာပြီးဖတ်ဦး”

“ဒူးနေရာ ဒူး၊ တော်နေရာ တော်” ဆိုတာ ရှေးတုန်းက မြန်မာဘုရင်တွေ လက်ထက်မှာ ကိုယ့်ရာထူးနဲ့ ကိုယ် အဆင့်အတန်းနဲ့ လိုက်အောင် ပြောဆို ၀တ်စား နေထိုင်တာကို ပြောတာကွ၊ သူ့ရာထူးနဲ့သူ အဆင့်အတိုင်း နေထိုင်သင့်တာပေါ့”

အီကြာအော်က ခက်သေးရွာသားတို့၏ ဓလေ့အတိုင်း ဆရာကြီးလေသံဖြင့် ရွှီးလေတော့သည်။

ထိုစဉ်အခါတွင် အိမ်ရှေ့ခန်းထဲသို့ ဒေါ်အွန်မေး တစ်ယောက် ပေါက်ချလာပြီး

“ကိုအော်….၊ရှင် တစ်မနက်လုံး ဒေါင်းတောက်အောင် ရှာနေတဲ့ အိမ်ထောင်စုစာရင်းစာအုပ် ဒီမှာ ရှာတွေ့ပြီ၊ နောက်တစ်ခါ သုံးပြီးရင် သူ့နေရာနဲ့ သူ သေချာ ပြန်ထားဦး”

“ရှင် ၁၅၀၀ တန် ဖုန်းကဒ် မဲနှိုက်ဖို့ သွားတန်းစီမယ်ဆိုတာ အခု စာအုပ်တွေ့ပြီလေ၊ မသွားသေးဘူးလား”

“အေးပါကွာ၊ ငါ အခုပဲ သွားတော့မလို့ကွ၊ ဖွတ်ကလေးနဲ့ စကားကောင်းနေလို့”

“ရှင်နော်…၊ ရွာလုကြီးတွေအကြောင်း လျှေက်လျှောက်ပြီး ပြောမနေနဲ့၊ ဆိတ်ဖွားက ဆိတ်သားဖြစ်သွားတာ အကြောင်းမဟုတ်ဘူး၊ ရှင်သာ အီကြာကွေးဖြစ်သွားပြီး ကွေးနေဦးမယ်”

ထိုအခါတွင် အီကြာအော်လည်း အိမ်ထောင်စု စာရင်းစာအုပ်ကို ချိုင်းကြားညှပ်ကာ နေပူကြဲကြဲတွင် သမတဂျီး၏ မေတ္တာဖုန်းကဒ် ရရှိရေးအတွက် ချွေးတလုံးလုံးနှင့် တန်းစီနေကြသော ခက်သေးရွာသားအပေါင်းတို့ကို သွား၍ပူးပေါင်းရန် ဂျောင်းလေတော့သတည်း။  ။

သဗ္ဗေသတ္တာကမ္မသကာ

Comments