Gamanii - Articles


ငြိမ်းချမ်းရေးကို ဖော်ဆောင်နေပုံများ

ဂါမဏိ
ဧပြီ ၂၈၊ ၂၀၁၃

- တပ်မတော်နဲ့ ငြိမ်းချမ်းရေး  
ပြီးခဲ့တဲ့တပ်မတော်စစ်ရေးပြပွဲမှာ တရုတ် မြောက်ကိုးရီးယား စတဲ့ အာဏာရှင်တိုင်းပြည်တွေမှာလို အကြီးစားစစ်လက်နက်ယန္တရားတွေ ထုတ်ပြခဲ့လို့ ဇာတိမာန်တက်သူလည်းတက်၊ နိုင်ငံရဲ့ပကတိဘဝနဲ့ယှဉ်ထိုးပြီးဝမ်းနည်းသူလည်း ဝမ်းနည်း ဖြစ်ခဲ့ကြပါတယ်။ 

အထူးသဖြင့်ဝမ်ပေါင်ရဲ့မိခင်ကုမ္ပဏီ နော်ရင်ကိုစက်မှုလုပ်ငန်းကြီးကထုတ်လုပ်တဲ့ ၁၀၅မမ တင့်ဖျက်တိုက်ခိုက်ရေးယာဉ်နဲ့ ၁၅၅မမ ယာဉ်တင်ဟောင်ဝစ်ဇာတွေဟာ လက်ပန်တောင်းပြည်သူတွေနဲ့သံဃာတော်တွေရဲ့ မျက်ရည်တွေသွေးတွေနဲ့ လဲယူထားတာဖြစ်လို့ ရင်နာစရာဖြစ်နေပါတယ်။ နော်ရင်ကိုထုတ်လက်နက်တွေ မြန်မာ့တပ်မတော်မှာအများအပြားရှိပေမဲ့ အခုပြတဲ့နှစ်မျိုးက ကြေးနီစီမံကိန်းကို တရုတ်လက်ထိုးအပ်ပြီးမှ နောက်ဆုံးရောက်လာတာတွေဖြစ်လို့မြန်မာပြည်သူတွေ ကို တမင်စော်ကားပြတဲ့သဘောပါဘဲ။ 

၁၀၅ မမ တင့်ဖျက်

အကြမ်းဖျင်းအားဖြင့်၁၀၅မမ တင့်ဖျက်ယာဉ်တစီး တန်ဖိုးက ဒေါ်လာ နှစ်သန်းခွဲ ($ ၂,၅၀၀,၀၀၀)၊ ၁၅၅မမ တစီး ရဲ့တန်ဖိုးကဒေါ်လာ သုံးသန်းခွဲ ($ ၃,၅၀၀,၀၀၀) ရှိပါတယ်။ တင့်ဖျက်ယာဉ် ၂၄ စီး ပြခဲ့တော့ ဒေါ်လာ သန်း၆၀ ဖိုး၊ ၁၅၅မမ ၆ စီးဆိုတော့ ဒေါ်လာ ၂၁ သန်းဖိုး၊ တော်လှန်ရေးနေ့ ထုတ်ရှိုးပွဲအတွက်တင်နော်ရင်ကိုကုမ္ပဏီက ဒေါ်လာ ၈၁ သန်း ရသွားခဲ့တဲ့သဘောပါဘဲ။ မပြဘဲချန်ထားတဲ့ လက်နက်ယန္တရားတွေလည်းရှိသေးတာ အသေအချာပါဘဲ။
[တခြားပြခဲ့တဲ့လက်နက်ကြီးတွေမှာမြောက်ကိုးရီးယား လုပ် ၁၂၂မမ ယာဉ်ဆွဲဟောင်ဝစ်ဇာ တန်ဖိုးက ဒေါ်လာ တစ်သန်း ($ ၁,၀၀၀,၀၀၀)၆ စီးဆိုတော့ ဒေါ်လာ ၆ သန်း၊ ရုရှားလုပ် ပက်ချိုရာ လေယာဉ်ပစ်ဒုံး တန်ဖိုးက ဒေါ်လာ ၇ သန်းခွဲ($ ၇,၅၀၀,၀၀၀) ၆ စီးဆိုတော့ ဒေါ်လာ ၄၅ သန်း ဖြစ်ပါတယ်။]

၁၅၅ မမ ဟောင်ဝစ်ဇာ

တဖက်မှာတော့နော်ရင်ကို့လက်အောက်ခံ ဝန်ပေါင်ကုမ္ပဏီက လက်ပန်တောင်းလယ်သမားတွေကို ဒီနှစ်မတ်လအတွင်းမှာ လျော်ကြေးပေးလိုက်တာက မတ်လ ၁၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာအဆိုအရ ကျပ် ၈၉၅ သန်းနီးပါးသို့မ ဟုတ် ဒေါ်လာ တစ်သန်းတသောင်းငါးထောင်ကျော်လို့ ဆိုပါတယ်။ (ဒေါ်လာငွေ ပေးတာမဟုတ်ဘဲမြန်မာငွေစက္ကူနဲ့ ပေး တာဖြစ်ပါတယ်။)

လက်ပန်တောင်း စစ်မြေပြင်

လက်ပန်တောင်း စည်းအပြင်က ဒဿဂီရိများ

ဒါကတပ်မတော် နဲ့ လက်ပန်တောင်းဒေသ ငြိမ်းချမ်းရေး ဆက်နွယ်နေပုံပါ။

တပ်မတော်နဲ့ တိုင်းရင်းသားဒေသများ၊ အထူးသဖြင့် ဘယ်လိုမှဖုံးဖိမရအောင် ပေါက်ကွဲတောက်လောက်ခဲ့တဲ့ကချင်စစ်ပွဲ ဆက်နွယ်ပုံကို ကြည့်ရင်လည်း အခုလိုတွေ့ရပါတယ်။

တရုတ်နိုင်ငံရွှေလီမှာ ဒီနှစ် မတ်လ ၁၁-၁၂ ရက်နေ့က နောက်ဆုံးလုပ်ခဲ့တဲ့ အစိုးရ-ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဆုပ်ဆုပ်ကိုင်ကိုင် သဘောတူညီချက် တခုမှမရဘဲ ‘ပွင့်လင်းရင်းနှီးစွာဆွေးနွေးခဲ့’ တဲ့အကြောင်းနဲ့’ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွား’ ဖို့ သဘောတူကြောင်းနဲ့ဘဲ ပြီးသွားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာအစိုးရဘက်က ငြိမ်းချမ်းရေးဝန်ကြီးဖြစ်နေ တဲ့ ဦးအောင်မင်းက မြန်မာပြည်မြောက်ပိုင်းစစ်မြေပြင်တခုလုံးကိုဦးစီးကွပ်ကဲတဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိဦးမြင့်စိုး နဲ့ ကချင် ဘက်က စစ်ဘက်မှာသြဇာအကြီးဆုံးဗိုလ်ချုပ်ဂွမ်မော်တို့ကို ညှိပေးတဲ့ပုံရှိပါတယ်။ နှစ်ဖက်အကြား အဓိကပြဿနာက တပ်တွေပြဿနာဖြစ်နေတော့နှစ်ဖက်စလုံးက တပ်ကိုင်တဲ့အဓိကလူတွေကြားမှာ အဓိကဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီလိုဆွေးနွေးပွဲ မတင်မကျနဲ့ပြီးသွားတာကို မြေပြင်အခြေအနေတွေနဲ့ ဆက်စပ်ကြည့်လိုက်တော့ ခုလိုတွေ့ရပါတယ်။
မြန်မာစစ်တပ်ဟာပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကို ၂၀၁၂ ဒီဇင်ဘာလမှာ ကချင်ပြည်ကိုပို့ပြီး လိုင်ဇာစစ်ဆင်ရေးမှာနွှဲခိုင်းခဲ့ပါတယ်။ အခုအချိန်ထိ လိုင်ဇာပတ်ဝန်းကျင်မှာ စိုးမိုးလှုပ်ရှားနေဆဲဖြစ်ပါတယ်။
ကချင်ပြည်ကိုစစ်ဆင်ရေးဝင်နေတာတနှစ်ကျော်ပြီဖြစ်တဲ့ တပ်မ ၈၈ ဟာလည်း လိုင်ဇာပတ်ဝန်းကျင်နဲ့ လိုင်ဇာမြောက်ခြမ်း မြစ်ကြီးနားအရှေ့ခြမ်းမှာKIA တပ်မဟာ ၅ ကို စစ်ဆင်နေဆဲဖြစ်သလို ပန်ဝါဒေသဘက်မှာလည်း KIA တပ်မဟာ ၁ ကိုစစ်ဆင်နေပါတယ်။လိုင်ဇာနဲ့အနီးကပ်ဆုံးနေရာတွေမှာဘဲ တိုက်ပွဲတွေဟာ လူအများအမြင်ကောင်းရုံ ရပ်စဲသွားတာဖြစ်ပါတယ်။

အဝေးကလာတဲ့တပ်မတပ်တွေအပြင် ဒေသခံဖြစ်တဲ့ ဗန်းမော်အခြေစိုက် စကခ (၂၁) လည်း လိုင်ဇာဝန်းကျင်တိုက်ပွဲတွေမှာပါခဲ့ပြီး KIA တပ်မဟာ ၃ ကို ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ မြောက်ပိုင်းတိုင်း လက်အောက်ခံတိုင်းတပ်တွေကလည်းမြစ်ကြီးနားအရှေ့ဘက်က တပ်မဟာ ၅၊ ချီဖွေဘက်က တပ်မဟာ ၁၊ ဗန်းမော်တောင်ဘက်က တပ်မဟာ ၃၊ဖားကန့်-တနိုင်းဘက်က တပ်မဟာ ၂ တို့ကို တိုက်နေဆဲ ဖြစ်ပါတယ်။ ဒေသခံဖြစ်တဲ့ မိုးကောင်းအခြေစိုက်စကခ (၃) ကတော့ မြစ်ကြီးနားတောင်ဘက် ဧရာဝတီမြစ်အနောက်ခြမ်း မိုးကောင်း-ကာမိုင်းနယ်တွေမှာတပ်မဟာ ၂ ကို တိုက်ရင်း ရထား လမ်းလုံခြုံရေးပေးနေပါတယ်။

၂၀၁၂နိုဝင်ဘာလမှာ ကချင်ပြည်ကိုရောက်လာတဲ့ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ ဟာ ဆွမ်ပရာဘွမ်နယ်မြေ၊အင်ဂျန်း ယန် တရိဂံနယ်မြေတွေမှာရှိတဲ့ KIA တပ်မဟာ ၁ ကို စစ်ဆင်နေဆဲ ဖြစ်ပါတယ်။ ဖားကန့်-တနိုင်းဘက်ကတပ်မဟာ ၂ ကို မြစ်ကြီးနားမြောက်ဘက်က တပ်မဟာ ၁၊ မြစ်ကြီးနားအရှေ့ဘက်က တပ်မဟာ ၅ တို့နဲ့အဆက်ပြတ်အောင်၊ လိုင်ဇာ ဌာနချုပ်နဲ့ အဆက်ပြတ်အောင် လုပ်နေတာဖြစ်ပါတယ်။

ကချင် စစ်ရှောင်

ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမှာအခြေစိုက်တဲ့စကခ (၇) ဟာ ကချင်ပြည် ဖားကန့်ဒေသကို သွားပြီး KIA တပ်မဟာ (၂) အပေါ် စစ်ဆင်ရေးဝင်နေပါတယ်။စကခ (၇) နဲ့ မြောက်ပိုင်းတိုင်းတပ်တွေတင်မက အနောက်မြောက်တိုင်း (မုံရွာ) လက် အောက်ခံတပ်၇ ရင်း သို့မဟုတ် ၁၀ ရင်း ကလည်း ဖားကန့် နဲ့ တနိုင်းနယ်မြေတွေမှာ KIA တပ်မဟာ ၂ ကိုတိုက်နေဆဲ ဖြစ်ပါတယ်။ 

မိတ္ထီလာမှာအခြေစိုက်တဲ့တပ်မ ၉၉ ကတော့ လိုင်ဇာတောင်ဖက်၊ ဗန်းမော်အရှေ့ဘက်နဲ့ ရှမ်း-ကချင်နယ်စပ်မှာ KIA တပ်မဟာ၃ ကို စစ်ဆင်နေတာ တနှစ်ကျော်ပြီဖြစ်ပါတယ်။ ကွတ်ခိုင်-မူဆယ်-နမ်းခမ်းကို အခြေခံတဲ့ တပ်မဟာ၎ ကို တပ်မဟာ ၃ နဲ့ အဆက်ပြတ်အောင်၊ လိုင်ဇာဌာနချုပ်နဲ့ အဆက်ပြတ်အောင် ဖြတ်နေတာလည်းဖြစ်ပါတယ်။ ကျောက်မဲအခြေစိုက် စကခ (၁)၊ သိန္နီအခြေစိုက် စကခ (၁၆) နဲ့ အရှေ့မြောက်တိုင်းလက်အောက်ခံတပ်ရင်းတွေက လည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ်းခမ်း နဲ့ နမ္မတူနယ်တွေမှာKIA တပ်မဟာ (၄)၊ မဟာမိတ် ပလောင်တပ်ဖွဲ့၊ ရှမ်း တပ်ဖွဲ့တွေကို စစ်ဆင်တိုက်ခိုက်နေကြပါတယ်။

တပ်မ၁၁ နဲ့ လက်အောက်ခံတပ်ရင်း ၁၀ ရင်းဟာ ကိုးကန့်ဒေသမှာ တပ်စွဲထားပါတယ်။ ကိုးကန့်အဖွဲ့ဟာ၂၀၀၉ ခု သြဂုတ်လမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးလက်မခံလို့ နအဖ အစိုးရတပ်တွေနဲ့ပြန်တိုက်ရာမှာ ရှုံးသွားပြီးနောက် ကျန်တဲ့သူတွေက နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး၂၀၀၈ အခြေခံဥပဒေအောက်ကို အကြွင်းမဲ့ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစလို့ အခုထက်တိုင်ကိုးကန့်နယ်မှာ တပ်မတွေကို တောက်လျှောက်ချထားခဲ့ပါတယ်။ ဒီနှစ် ဇန်နဝါရီ လအထိ အဲဒီနယ်မြေမှာစစ်ကိုင်းတိုင်း ကလေးမြို့အခြေစိုက် စကခ (၁၀) နဲ့ လက်အောက်ခံတပ်တွေကို တာဝန်ချ ထားခဲ့ပြီးအခုမှ ရန်ကုန်တိုင်း အင်းတိုင်အခြေစိုက် တပ်မ ၁၁ နဲ့ လဲလိုက်တာဖြစ်ပါတယ်။

အဲဒီတပ်မထဲမှာလည်းတဝက်လောက်ကို UWSA ဝ နယ်မြေရဲ့ မြောက်ဖက်နယ်နိမိတ်တလျှောက်မှာ အဟန့်အတား အဖြစ်ချထားပါတယ်။UWSA အဖွဲ့ဟာ အစိုးရနဲ့ ၂၀၁၁ ခု အောက်တိုဘာလမှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ထိုးထားပြီး ပြည်ထောင်စုမြန်မာနိုင်ငံကနေ ခွဲထွက်မှာမဟုတ်ဘူးလို့လည်း တရားဝင်ကြေညာထားတဲ့အဖွဲ့ဖြစ်ပါတယ်။

၂၀၁၂ဇန်နဝါရီလကုန်မှာ ပြည်နယ်အဆင့် လက်မှတ်ထိုးပြီးသွားတဲ့ SSA (မြောက်ပိုင်း) ကို အရှေ့မြောက်တိုင်းလက် အောက်ခံတပ်တွေနဲ့ မိုးနဲအခြေစိုက် စကခ (၂)၊ သိန္နီအခြေစိုက် စကခ (၁၆) တို့က ကြိုကြားကြိုကြားတိုက်နေပါတယ်။
စကခ(၂) နဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မှာအခြေစိုက်တဲ့ စကခ (၁၇) ဟာ ၂၀၁၁ ဒီဇင်ဘာလမှာပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူလက်မှတ်ထိုးထားတဲ့ SSA (တောင်ပိုင်း) ကိုလည်း ရှမ်းပြည်နယ်ထဲမှာဆက်လက်ရင်ဆိုင် တိုက် ခိုက်နေပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းက မိုင်းဆတ် နဲ့ မိုင်းဖြတ်မှာအခြေစိုက်ထားတဲ့ စကခ (၁၄) နဲ့ စကခ (၁၈) တို့ဟာလည်း SSA (တောင်ပိုင်း)နဲ့ UWSA တောင်ပိုင်းစစ်ဒေသအပြင်၂၀၁၁ စက်တင်ဘာ-အောက်တိုဘာမှာ ပြည်နယ်အ ဆင့်ငြိမ်းချမ်းရေး သဘောတူလက်မှတ်ထိုးထားတဲ့မိုင်းလား အထူးဒေသ-၄ အဖွဲ့ကို ရင်ဆိုင်ထားပါတယ်။

၂၀၁၂ဇန်နဝါရီလမှာ KNU အဖွဲ့နဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူလက်မှတ်ထိုးခဲ့ပေမဲ့ မွန်ပြည်နယ်သထုံ မှာအခြေစိုက်ထားတဲ့ တပ်မ ၄၄ ဟာ ကရင်ပြည်နယ် ဖာပွန်ဒေသနဲ့ ရွှေကျင်-ကျောက်ကြီး-ညောင်လေးပင်ဒေသတွေမှာတပ်စွဲနေဆဲဖြစ်ပါတယ်။ ပြည်-အင်းမမှာအခြေစိုက်တဲ့ တပ်မ ၆၆ ဟာ တောင်ငူအရှေ့ဘက် သံတောင်-ဘောဂလိဒေသမှာစစ်ဆင်ရေးကာလ တနှစ်ကျော်ပြီဖြစ်တာတောင် နောက်တန်းမပြန်ရသေးဘဲ စိုးမိုးလှုပ်ရှားနေဆဲဖြစ်ပါတယ်။ 

ဒါ့အပြင် ကော့ကရိတ်အခြေစိုက် စကခ (၁၂) ဟာ ၂၀၁၁ နိုဝင်ဘာမှာ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ DKBA ကို ရင်ဆိုင်ထားသလို ရေးမြို့အခြေစိုက် စကခ(၁၉) ကလည်း ၂၀၁၂ ဖေဖော်ဝါရီလမှာ ပြည်နယ်အဆင့် ပြီးထားတဲ့ မွန်ပြည်သစ်ပါတီကို ထိန်းချုပ်ထားပါတယ်။တနသာင်္ရီတိုင်းမှာတော့ ထားဝယ်အခြေစိုက် စကခ (၈)၊ ဘုတ်ပြင်း အခြေစိုက် စကခ (၁၃) နဲ့ ခမောက်ကြီးအခြေစိုက်စကခ (၂၀) တို့က KNU တပ်မဟာ ၄ ကို ရင်ဆိုင်ထိန်းချုပ်နေပါတယ်။

KNPPကရင်နီအဖွဲ့နဲ့ ၂၀၁၂ မတ်လ ၇ ရက်မှာ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးသဘောတူလက်မှတ် ထိုးခဲ့ပေမဲ့ရှမ်းပြည်နယ် ကလောအခြေစိုက် တပ်မ ၅၅ ဟာ ကယားပြည်နယ်ထဲမှာ တပ်စွဲနေတုံးဖြစ်ပါတယ်။ 

ကရင်ပြည်နယ်ဖားအံမြို့မှာအခြေစိုက်တဲ့ တပ်မ ၂၂ ဟာ မကြာသေးခင်က တပ်မ ၇၇ ကို နေရာလဲလိုက်ပြီး အခုအခါသင်္ဃန်းညီနောင်ဘက်မှာ တပ်စွဲထားရပါတယ်။ ရှေ့တန်းမှာ တနှစ်ကျော်နေခဲ့ရတဲ့ တပ်မ ၇၇ ဟာနောက်တန်းဖြစ်တဲ့ ပဲခူးမှာ ပြန်နားလို့မကြာခင် မိတ္ထီလာက ကုလား-ဗမာအဓိကရုဏ်းကို သွားထိန်းရပြန်ပါတယ်။အခုမှ ပြန်နားရတဲ့ရဲ ဘော်တွေ အုံကြွမှာစိုးတော့ တခါနောက်တန်းပြန်ခေါ်ပြီး ရန်ကုန်တိုင်းလုံခြုံရေးထားတဲ့ဖူးကြီးအခြေစိုက် စကခ (၄) ကို မိတ္ထီလာပို့ပေးရပြန်ပါတယ်။

ကုလား-ဗမာပြဿနာအဆိုးဆုံးဖြစ်ရာဒေသတွေဟာ ရှေ့တန်းထွက်နေရတဲ့ တပ်မ ၉၉ နဲ့ တပ်မ ၆၆ ဌာနချုပ်စိုက်ရာ နယ်မြေတွေဖြစ်နေတာ ထူးခြားနေပါတယ်။

ပဏာမအဆင့်၊ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆိုတဲ့ ငြိမ်းချမ်းရေးစာချုပ်တွေ ချုပ်ခဲ့ပေမဲ့ အစိုးရရဲ့တပ်မတွေ အပါအဝင် တပ်ပေါင်းစုံဟာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို လည်ပင်းညှစ်နေဆဲဖြစ်သလိုကချင် ပြည်နယ်မှာ အတိုက်အခိုက်တွေ ရပ်စဲတယ်ဆိုပေမဲ့ လူမသိသူမသိနေရာတွေမှာ ထိုးစစ်တွေဆင်နေဆဲ၊တပ်အင်အားတွေ ပုံထားနေဆဲ ဖြစ်နေတာဟာ တပ်မတော်စစ်ရေးပြပွဲက အဓိပ္ပာယ်ဖော်ဆောင်နေတဲ့ ထိပ်တိုက်ရင်ဆိုင်ရေးစစ်ဝါဒကိုသက်သေပြနေပါတယ်။ ဒီလိုနဲ့ တပ်မတော်ရဲ့ အရည်အသွေးမြှင့်တင်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့စစ်တန်းလျားပြန် ပြုပြင် ပြောင်းလဲရေးကို မျက်ကွယ်ပြုနေပါတော့တယ်။

(ရန်ကုန်ထုတ်ဂျာနယ်တစောင်မှာ ဧပြီလဆန်းက ဖော်ပြခဲ့သောဆောင်းပါး)

ဤဆောင်းပါးအား ဂါမဏိ ဖေ့ဘုတ်ခ် စာမျက်နှာမှ ပြန်လည်ကူးယူဖော်ပြပါသည်။

Comments