အချစ်ကဗျာ ...
ကမာပုလဲ
ဧပြီ ၂၇၊ ၂၀၁၃
ကျနော် ဖွင့်မဖတ်ခဲ့သော
ပန်းနုရောင် စာအိပ်ကလေးထဲတွင်
သူမ၏ သက်ပြင်းများ ပါဝင်၏ ...။
ကျနော် လျှောက်ခွင့်မရခဲ့သော
လမ်းမပေါ်က ခြေရာများတွင်
သူမကို တမ်းတခြင်းများ တဆတ်ဆတ်ခုန်နေ၏။
ကျနော် မတက်ရောက်ခဲ့သော
နွေဦး စာသင်ခန်းထဲတွင်
သူမ၏ ခြေစောင့်နင်းသံအား အသစ်တဖန် ပြန်ကြားရ၏။
ကျနော် ခူးခဲ့သော
အိပ်မက် ခရေဖူးကလေးတွင်
သူမ၏ သနပ်ခါးမှုန်ကလေးများ ကပ်ပါနေ၏။
ကျနော့်၏
ကဗျာမဟုတ် စာမဟုတ် တမ်းချင်းများအား
သူမ၏ မညှပ်သော လက်သည်းရှည်ရှည်များကို ကိုယ်စားပြုခဲ့၏။
ကျနော် သေဆုံးသည့် ညက
သူမ၏ ပစ္စုပ္ပန်တည့်တည့်ရထားသည်
ကျနော့် နှလုံးသား ဘူတာတွင် ထာဝရ ဆိုက်ကပ်ခဲ့လေ၏ ...။
ကျနော့်၏
မဖွယ်မရာ ဤအလွမ်းများအား
ကျနော့် နံနက်ခင်းများ၏ မျက်နှာသစ်ချိန်ထိ
ဥသြငှက်နှင့်အပြိုင် ပွင့်နေလန်းနေပါစေသား ။ ။
Comments