Kamarpale - Poem


ဘ၀ ... ကဗျာ
ကမာပုလဲ
ဧပြီ ၃၀၊ ၂၀၁၃



ကျနော်၏ စာသင်ခန်းထဲတွင်
ကျောက်သင်ပုန်း အကွဲတချပ်ရှိခဲ့၏။

ထို ... ကျနော် မခွဲခဲ့သော
ကျောက်သင်ပုန်း အကွဲတချပ်ကြောင့်
ကျနော့် မုန့်ဖိုးကလေးများအား
မိုက်ကြေးခွဲသူ အတန်းတူ ကျောင်းသားအား 
မျက်ရည်ဖြင့် လျော်ကြေးငွေ ပေးဆက်ခဲ့ရ၏
တတန်း ကျောင်းသားအရွယ် ဖြစ်၏။

သူ့တွင် တပည့်တပန်းများ အလွန်ပေါများပြီး
ကျနော့်တွင် သူငယ်ချင်းစစ်စစ် တယောက်တည်းသာရှိ၏
သူလည်း ကျနော့်လို မိုက်ကြေးဆက်သနေရသူ ဖြစ်၏။

ဇီးစေ့ချွံချွံပေါ် ဒူးထောက်ကာ မျက်လုံးကို မှိတ်ခိုင်း၏
သားရေကွင်းနှင့် မျက်နှာကို ပစ်သောအခါ ကျနော် ငို၏
ငိုသော ကျနော့်ကို ရယ်ခိုင်း၏
ကျနော် ရယ်ရင်း ငိုရ၏ ... သို့မဟုတ် ကျနော် ငိုရင်း ရယ်ရ၏
နှစ်တန်းကျောင်းသား အရွယ် ဖြစ်၏။

အဖြစ်မှန်ကို ဆရာ့ထံ တိုင်ကြားဖို့အတွက်
ဆရာ့ ကြိမ်လုံးပြူးနှင့် မိုက်ကြေးခွဲသူ လူအုပ်၏ လက်သီးကို ကြောက်ရွံ့ခဲ့၏။

ကျနော်၏ မုန့်ပဲ သွားရည်စာသည်
နေ့လည်ကျောင်းဆင်းချိန် အိမ်မှ ထမင်းကျန် ဟင်းကျန်ဖြစ်ခဲ့၏
တတိယတန်း ကျောင်းသားအရွယ် ဖြစ်၏။

ဤသဲလွန်စမှသည် အဖေဖြစ်သူမှ မသင်္ကာဖြစ်ကာ
ကျနော့် မုန့်ဖိုးကလေးများ ကျနော် မုန့်ပြန်ဝယ်စားဖို့ အခွင့်ကို ပြန်ရခဲ့၏
ကျနော် မဖြေရှင်းရဲခဲ့သည့် ပြဿနာကို အိမ်က ဖြေရှင်းပေးခဲ့၏။

ကျောင်းကို ပြောင်းတက်စေခဲ့၏
ဂျာနယ်ကျော် မမလေး နေခဲ့သော ဒွန်ဆင်ဘဏ်တိုက်ကြီးကျောင်း
အ ထ က ၂ ဟု အမည်တွင်၏
ထိုကျောင်းမှပင် ဆယ်တန်းအောင်ခဲ့၏
ဆယ်တန်းအောင်သည့်နေ့က သူများတွေ ပျော်ကြ၏
သူငယ်ချင်းတွေ ကျနော့်ကို လိုက်ရှာနေကြ၏
မြစ်ဆိပ်ကမ်းနား ရုံးဆိပ်တွင် မျက်ရည်များနှင့် မြစ်ကို ကြည့်ငေးကာ
ဆည်းဆာရီကို စိတ်အနာဖြင့် ကုန်လွန်စေခဲ့၏
ထိုစဉ်က ဒေသကောလိပ်ကျောင်းကို 
ပုသိမ်မြို့တွင် သွားရောက်တက်ရမည် ဖြစ်၏
ထိုစဉ်ချိန်က တလလျှင် အနည်းဆုံး ငွေ ၄၀၀ ကျပ် လစဉ် ကုန်မည် ဖြစ်၏။

မိဘညီအစ်ကို မောင်နှမများ သဘောမတူဘဲ
စက်မှု သိပ္ပံကျောင်း ၀င်ခွင့်ကို ၀င်ရောက်ဖြေဆိုခဲ့၏
ရှမ်းပြည် ကလောတွင် တက်ရောက်ခွင့်ရ၏
မြေလွှာကိုဖွင့် တိုင်းပြည်မြှင့် မတဲ့
သတ္ထုတူးဖေါ်ရေး ပညာရပ်အား သုံးနှစ်သုံးမိုး သင်ကြားခဲ့ရ၏
ထားဝယ် ဟိန္ဒား သတ္ထုတွင်းတွင် အလုပ်ဝင်လုပ်ခဲ့၏
မန်နေဂျာနှင့် မဆလ အရာရှိဆိုးများနှင့် ခဏခဏ ကွိုင်၏
အလုပ်သမားတွေ ရသင့်ရထိုက်တာ တင်ပြ တောင်းဆို၍ဖြစ်၏
ငွေစက္ကူ တရားမ၀င်မှုနှင့် ကြုံ၏
အလုပ်သမားတယောက် သူ့သမီးလေး နံ့သာနှင့်ရေချိုးဖို့မှာ
လစာငွေ ရာတန်များဖြင့် တရားမ၀င် ၀ယ်မရဖြစ်ခဲ့၏
သူ့မျက်ရည်ဖြင့် သူ့သမီးလေး အလောင်းကို ရေချိုးလိုက်ရ၏
ကျနော့် “ တက် ” ခေါက်သံကြောင့်
စုတ်ထိုးနေသည့် အိမ်မြှောင် ကြောင်ရပ် ရပ်သွား၏
အဆုတ်နာ သံသယ ရောဂါ ရခဲ့၏
အောက်ခြေအလုပ်သမားများ အဆုတ်နာရောဂါဖြင့် သေချိန်စောင့်နေရ၏
မိုင်းဆေးရုံတွင် ယူနီဆက်မှ ပေးသော စက်ထရိုမိုင်ဆင် ထိုးဆေးများ ပျောက်ဆုံးနေ၏။

ဆေးကုဖို့ အိမ်ပြန်လာခဲ့သည်
အမေက အလုပ်မှ ထွက်ခိုင်းသည်
ဂျွန် ၂၂ ၊ ၁၉၈၈ မှာ အလုပ်ကနေ တရားဝင်ထွက်လိုက်သည်
၈၈၈၈ အရေးတော်ပုံနှင့်တိုးသည်
ကျောင်းသား ပါတီတွင် ၀င်လှုပ်ရှားသည်
ထောင်တန်း ကျသည်
တောခိုသည်
ကျနော် ကျောင်းသား သူပုန်ဖြစ်ခဲ့သည် ...။ ။

ဝန်ခံချက်။ ။ ဤကဗျာသည် ကျနော်၏ “ အချစ် ကဗျာ ” အဆက်ဖြစ်ပါသည်။ ကဗျာ ဖြစ်မဖြစ်ကို ကျနော် အသေအချာ မပြောနိုင်ပါ ...

Comments