ကမ္ဘာမှာ
ကလေးတွေသေနေတာဟာ ရေမသန့်လို့
မောင်လူရေး၊
ဧပြီ ၄၊ ၂၀၁၃
(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၇)
ရေနဲ့ကင်းပြီး ရှင်သန်လို့ရတဲ့သတ္တဝါမရှိနိုင်။ အထူးသဖြင့်
လူ။ လူကတော့ ရေနဲ့တရက်ကလေးမှ ကင်းလို့မရ။ တနေ့လဲကင်းလို့မရပါဘူး။ နောက်ဆုံး လှုပ်ရှားသွားလာလုပ်ဆောင်နေသူတွေအဖို့
တမနက်တောင်ကင်းလို့မရပါဘူး။
ခေတ်ကာလအခြေအနေအရ မြို့ပြလူအများစုမှာ ရေသန့်သောက်နေတာ နှစ်တော်တော်ကြာပြီ။
ရိုးရိုးရေမသောက်ရဲသူပေါင်း မြန်မာပြည် မှာ သန်းပေါင်းဘယ်လောက်ရှိနေပြီလဲ။ သောက်ဖို့ထား၊
ပလုတ်တောင်မကျင်းရဲသူတွေ ဒုနဲ့ဒေး။ ကိုယ့်နိုင်ငံရဲ့ရေသန့်စင်မှု အခြေအနေဟာ ရေသန့်လုပ်ငန်းတွေ
မှိုလိုပေါက်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။
ရေမသောက်ရင် သေနိုင်သလို ရေသောက်လို့လဲ သေနိုင်ပါတယ်။ ရေထဲမှာ
ပိုးမွှားတွေ၊ ဓာတုဗေဒအဆိပ်တွေအပြည့်ရှိနေတာကိုး။ ရေမသန့်မှုကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေ
မရေမတွက်နိုင်ပါဘူး။
ကမ္ဘာမှာ ကလေးတွေသေနေတာဟာ ရေမသန့်လို့တဲ့။
လက်ပံတောင်းအစီရင်ခံစာမှာ ပညာရှင်တွေလေ့လာတွေ့ရှိထားတာတွေက
အလွန်ကြောက်စရာကောင်းတယ်။ စီမံကိန်းက ဒေသခံတွေ တမြည့်မြည့်သေစေဆိုပြီး သေဒဏ်စီစဉ်ထားသလားအောက်မေ့ရတယ်။
ခက်တာက ပညာရှင်တွေရေးထားတာတွေကို ဒေါ်စုကလဲ ကောင်းကောင်းမဖတ်ဘဲ မိုးနတ်မင်းကြီးတို့အလိုအတိုင်း
အဖြေထုတ်ပေးလိုက်ရတယ်ဆိုဘဲ။ သူကတော့ ဒေသခံတွေ သတင်းစာမဖတ်လို့ စွတ်အပြစ်တင်နေတာ။ အင်း
သတင်းစာများဖတ်မိလို့ကတော့ ရွာထဲတောင်အဝင်ခံမှာမဟုတ်ဘူး။ ဖြိုးမင်းသိန်းအင်တာဗျူးပါတဲ့ဂျာနယ်ပါ
ဖတ်မိလို့ကတော့ ဒေသခံတွေ ကိုယ့်ဖာသာ သတ်သေသွားချင်စိတ်ပေါက်ပြီး ကျော်မကောင်း ကြားမကောင်းတွေဖြစ်ကုန်အုံးမယ်။
သူ့တပည့်ကျော်ကတော့ ဒေါ်စုက လယ်ပံတောင်းစီမံကိန်းဆက်စေဆိုလို့ အခြေခံဥပဒေပြင်ဆင်ရေးဆုတော်လာဘ်တော်ပေးသနား
လိုက်တယ်လို့ ပြောထားတယ်။
အစီရင်ခံစာမှာ ပညာရှင်တို့ပြောထားတာတွေ ဖတ်ကြပါအုံး၊ ပီးရင်
ဘာလုပ်သင့်တယ်ဆိုတာလဲ ပြောကြပါအုံးဗျာ။ စိတ်မချမ်းသာလွန်းလို့ပါ။
“ ရေစီမံခန့်ခွဲမှု (Water Management ) နှင့် ပတ်သက်၍ အများသုံးရေချိုကို
ကြေးနီစီမံကိန်းက ရယူသုံးစွဲထားသဖြင့် သတ္တုသန့်စင်မှုနှင့် စွန့်ပစ်ပစ္စည်းများကြောင့်
ရေညစ်ညမ်းခြင်း (Water Pollution )ဖြစ်ပေါ်နိုင်သည်ဟု သုံးသပ်ရပါသည်။ ထို့အပြင် လုံလောက်သော
ကြိုတင် ကာကွယ်မှုများ ပြုလုပ်နိုင်ခြင်း မရှိခဲ့လျှင် ရုတ်ခြည်းရေလျှံခြင်း (ဝါ) လျှပ်တစ်ပြတ်
ရေကြီးခြင်း (FlashFlood) ဖြစ်ပေါ်လာပါက
စွန့်ပစ်ရေ သို့မဟုတ် သတ္တု / အက်စစ် ပါဝင်သော ချင်းတွင်းမြစ်နှင့် ချောင်းလက်တတ်များသာမက
မြေအောက်ရေအောင်းလွှာများ (Aquifer) ကိုလည်း ထိခိုက်ညစ်ညမ်းစေခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု
သုံးသပ်ရပါသည် “ တဲ့။
ဘယ်လောက်များဆိုးလိုက်သလဲ။
“ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေနှင့်
အနီးဝန်းကျင်ဒေသမှ ကောက်ယူစုဆောင်းခဲ့သော မြေအောက်ရေ နမူနာ ၁၀ ခုနှင့် မျက်နှာပြင်ရေနမူနာ
(Surface Water) ( ကန်ရေ / မြစ်ချောင်းရေ ) ၅ ခုအား ဓာတ်ခွဲစမ်းသပ်ချက် ရလဒ်များအပေါ်
အကဲဖြတ် ချက်များအရ မြေအောက်ရေတွင် စီမံကိန်းနယ်မြေပြင်ပရှိ တွင်းများထက်လည်းကောင်း၊
မြစ်ရေ ချောင်းရေများထက်လည်းကောင်း၊ အက်စစ်ဓာတ် ပိုမိုများနေခြင်း၊ စုစုပေါင်း ပျော်ဝင်နေသည့်
သတ္တုပမာဏသည် စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတောင်ဘက်ရှိ တွင်းများတွင် ပိုမိုများပြားနေခြင်း၊
ကော်လီဖောမ်းဗက်တီးရီးယားများသည် ယမားချောင်း အောက်ပိုင်းရှိ ချောင်းရေတွင် စီမံကိန်းနယ်မြေ
မတိုင်မီ မြစ်ညှာပိုင်းထက် ပိုမိုများပြားနေခြင်း၊ ပြဒါးနှင့် သံဓာတ်ပါဝင်မှုသည် အချို့နေရာများတွင်
အထူးသဖြင့် ကြေးစင်တောင်သတ္တုတွင်း၊ သတ္တုသန့်စင်သည့်လုပ်ငန်း၏ ရေနုတ်မြောင်း၊ ယမားချောင်းနှင့်
ချင်းတွင်မြစ်များတွင် နိုင်ငံတကာစံနှုန်းပမာဏမှ သွေဖည်နေကြောင်း တွေ့ရှိ ရပါသည် “ တဲ့။
ပိုပိုဆိုးလာပြီနော်။
“ စံပယ်တောင်နှင့်ကြေးစင်တောင် ကြေးနီစီမံကိန်း၏ မြောက်ဘက်တွင်ရှိသော
ယမားချောင်းနှင့် ချင်းတွင်းမြစ်တစ်လျှောက် ကြေးနီစီမံကိန်းနယ်မြေ အနီးတစ်ဝိုက်တွင်
ဗက်တီးရီးယားပါဝင်မှုများနေခြင်းသည် ရေထုညစ်ညမ်းမှုရှိနေပြီဖြစ်ကြောင်း သုံးသပ်ရပါသည်။
ထို့ကြောင့် လက်ရှိဆောင်ရွက်နေသော စံပယ်တောင်နှင့် ကြေးစင်တောင်သတ္တုသန့်စင်မှုတွင်လည်းကောင်း၊
လက်ပံတောင်းတောင်တွင် သတ္တုသန့်စင်သည့် လုပ်ငန်းဖြစ်လာသည့်အခါတွင်လည်းကောင်း၊ ရေးဆိုးထုတ်မှုနှင့်
အက်စစ်ဖျော်နည်းစဉ်မှ မြေအောက်ရေအောင်းလွှာသို့ စိမ့်ဝင်နိုင်မှုကို ယခုရှိပြီးဖြစ်သည့်စီမံချက်များထက်
ပိုမိုမြင့်မားသောနည်းလမ်းများဖြင့် ကာကွယ်သင့်ကြောင်း အကြံပြုအပ်ပါသည် ” တဲ့ဗျား။
ကဲ ဒီရေမျိုးဦးပိုင်သောက်မလား၊ ဝမ်ပေါင်သောက်မလား။ နိုင်ငံတော်ဆိုတာရောသောက်မလား။
“ ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကြေးနီစီမံကိန်းနယ်မြေဒေသတွင်
ဝန်းကျင်ရှိကျေးရွာများ မှီခိုအားထားနေရသည့် ဖောင်းကတာဆည်၊ ကျောက်ဖြူတိုင်တမံနှင့်
မိုးကြိုးပြင်တမံတို့ကို တွေ့ရှိရပြီး ယင်းတို့ကို ရေရှည်အတွက် စနစ်တကျထိန်းသိမ်းခြင်း၊
ပိုမိုကောင်းမွန်သန့်စင်အောင် ဆောင်ရွက်ပေးခြင်းတို့သည် စီမံကိန်းတစ်ခု၏ တာဝန်ဖြစ်သည်ဟု
သုံးသပ်ရပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုကိန်းကို ပိုမိုလုပ်ဆောင်လာသည်နှင့်အမျှ
မြေအောက်ရေနှင့် မျက်နှာပြင်ဆင်းရေတို့သည် ဟင်းလင်းပွင့်တွင်းကြီး (Open Pit) ဘက်သို့
စီးဝင်သွားပါက အထက်ဖော်ပြပါ ရေလှောင်ကန်နှင့် ဆည်တမံများတွင် သိသာသောထိခိုက်မှုများ
ဖြစ်လာလိမ့်မည်ဟု သုံးသပ်ရပါ သည်။(အလားတူ ဖြစ်စဉ်မျိုးကို စံပယ်တောင်နှင့် ကြေးစင်တောင်ဘက်တွင်
ကြုံတွေ့နေရပြီး ဖြစ်ပါသည်။) “
ကျုပ်တို့ ဒါတွေ သိပြီဆိုတော့ မျက်နှာလွဲခဲပစ် ဖြစ်ချင်ရာဖြစ်ကြဆိုပြီး
ပစ်ထားကြလို့တော့ မတော်တော့ဘူးနော်။ ကျုပ်တို့နိုင်ငံရဲ့မွေးရာပါဆင်းရဲသားလူရိုးကြီးတွေပါဗျာ။
လုပ်သမျှခံရသူတွေကို ကယ်ကြပါအုံး။
“ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနယ်မြေ (Project Site) နှင့်အနီးဝန်းကျင်ဒေသ (likely affected
area) တွင် လေထုအရည် အသွေးနှင့်စပ်လျဉ်းသည့် လက်တွေ့ကွင်းဆင်းလေ့လာတိုင်းတာမှုမှ ရရှိသည့်
ရလဒ်များပေါ်တွင် အခြေပြု၍ သုံးသပ်ရာ ရွေးချယ်ထား သောနေရာ ၃ နေရာစလုံး၌ လေအမှုန်အမွှားများ
( Total Suspended Particulate Matters: TSMP, PM10, PM-5) ပါဝင်မှုမှာ (WHO) နှင့်
(USEPA) တို့ သတ်မှတ်ထားသော လေထုစံချိန်စံညွန်းထက်နှစ်ဆခန့် ပိုမိုများပြားလျက်ရှိကြောင်း၊
လေအမှုန်အမွှားပါဝင်မှုမှာ ကံကုန်း ကျေးရွာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေနှင့်
ရွာသစ်ကျေးရွာတို့မှာထက် နှစ်ဆခန့်များပြားနေကြောင်း၊ ကံကုန်းကျေးရွာ၌ လူနေထိုင်မှုနှင့်
လုပ်ငန်းလုပ်ကိုင်မှု ပိုမိုများပြားလာခြင်းနှင့် အနီးဝန်းကျင်ရှိ စံပယ်တောင်သတ္တုတွင်းလုပ်ငန်းခွင်မှ
ပျံ့နှံ့လာသောလေထု၏ အကျိုးသက်ရောက်မှုများကြောင့်ဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည် “
အော် …ကျုပ်တို့မြေ၊ ကျုပ်တို့ရေတင်မက ကျုပ်တို့လေတွေပါ မသန့်စင်တော့ဘူး။
“ ကံကုန်းကျေးရွာရှိ အက်စစ်စက်ရုံနှင့်နီးသော စာသင်ကျောင်းဝန်းကျင်နေရာတွင်
အက်စစ်အမှုန် (Acid dust) များပါဝင်မှုကို တိုင်းတာ သင့်ကြောင်း အကြံပြုအပ်ပါသည်။ စွန့်ပစ်ရေမွမ်းမံသိမ်းဆည်းကန်သည်
လက်ရှိလျာထားချက်ရေတားတာတမံပေါင် အမြင့်ထက် ပို၍မြင့် သော၊ ပို၍ခိုင်မာသော ဒီဇိုင်းမျိုးဖြစ်သင့်သည်ဟု
အကြံပြုအပ်ပါသည် “ တဲ့။
လက်စသတ်တော့ ကလေးတွေဟာ အဆိပ်ရေသောက်ရုံမက အဆိပ်လေတွေပါ ရှူရှိုက်နေရတာပါလား။
“ စွန့်ပစ်ရေသိမ်းဆည်းကန် ကျိုးပေါက်ခြင်း၊ ဖိတ်လျှံစီးဆင်းခြင်းများမှ
ကာကွယ်နိုင်ရန် မုန်တိုင်းဝင်ရောက်လေ့ရှိသော မိုးရာသီအတွင်း၌ အဖြစ်နိုင်ဆုံးနှင့် အများဆုံးထားရှိသင့်သော
လက်ခံသိုလှောင်မှုအား သတ်မှတ်ခြင်းကို မတွေ့ရပါ။ ထို့အပြင် စီမံကိန်း ဧရိယာမှာ မြေငလျင်
ကြောများနှင့် ဆက်စပ်လျက်ရှိသည်ဖြစ်ရာ မြေငလျင်ဒဏ်ကို ခံနိုင်သော မိုင်းဒီဇိုင်းမျိုးကို
စဉ်းစားသင့်သည်ဟု အကြံပြုအပ်ပါသည် “ တဲ့။ ကျုပ်တို့နိုင်ငံက ပညာမဲ့ရယ်၊ ငလျင်ရယ်ပေါတဲ့နိုင်ငံဘဲ။
ပြတ်ရွေ့တွေကလဲ သယံဇာတနဲ့အပြိုင်။
“ အကြောင်းတစ်မျိုးမျိုးကြောင့် စွန့်ပစ်ရေသိမ်းဆည်းကန်ကျိုးပေါက်ခဲ့ပါက
စွန့်ပစ်ရေများသည် စီမံကိန်းဧရိယာ၏ အရှေ့ဘက် မြေနိမ့်ပိုင်း တွင်ရှိသော ပလောင်းရွာ၊
ရွှေလှေရွာ၊ လက်ပံတောင်းရွာ၊ တုံရွာနှင့် ရွာသစ်ရွာများသို့ ရုတ်တရက် ပြင်းထန်စွာစီးဆင်းပြီး
ပတ်ဝန်းကျင် ညစ်ညမ်းပစ္စည်းများ၏ ဆိုးကျိုးအာနိသင်ကို ခံစားရမည်ဖြစ်ပါသည်။ တစ်ဖန် ချင်းတွင်းမြစ်မှတစ်ဆင့်
မြစ်အောက်ပိုင်း ဒေသများအား ဆက်လက်၍ ဆိုးကျိုးသက်ရောက်စေမည်ဖြစ်ပါသည်။ ထို့ကြောင့်
ဘေးအန္တရာယ်နည်းပါးရေးစီမံလုပ်ဆောင်ချက် အားဖြင့်သော် လည်းကောင်း၊ စွန့်ပစ်ရေသိမ်းဆည်းကန်အဆင့်မှ
စွန့်ပစ်ရေမွမ်းမံသိမ်းဆည်းကန်အထိ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ထိရောက်သော ရေဆိုး သန့်စင်စနစ်ကို
ထည့်သွင်းတည်ဆောက်သင့်ကြောင်း အကြံပြုအပ်ပါသည် “ တဲ့။
ရှင်းပါတယ်။ တနယ်လုံးကလူတွေ မပြေးသာ၊ မရှောင်သာ၊ မပုန်းသာ၊
မတိမ်းသာ မုဒိမ်းကျင့်သူနဲ့လက်ထက်ထားရသလိုမျိုးခံစားရမှာ။
ဘယ်လောက်များ လူတွေအပေါ် လူစိတ်ကင်းမဲ့ခဲ့သတုံးဆိုရင်၊ လူသားမျိုးနွယ်အပေါ်
ဘယ်လိုများကျူးလွန်ထားသလဲဆိုရင်
“ လက်ပံတောင်းတောင် စီမံကိန်းလက်စွဲပါလမ်းညွန်ချက်နှင့် ကောင်းမွန်သော
နိုင်ငံတကာအလေ့အကျင့် စီမံခန့်ခွဲမှုမှာ စီမံကိန်းစတင် စဉ်ကပင် မရှိခဲ့ကြောင်းသုံးသပ်ရပါသည်
“ တဲ့။
တကယ်ပါ။ ဦးပိုင်နဲ့ စက်မှုဝန်ကြီးဌာနပေါင်းပြီး လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကြီး
ကျူးလွန်ခဲ့ကြောင်း ကော်မရှင်အစီရင်ခံစာက ထုတ်ဖေါ်ထားပါတယ်။
“ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်
(Myanmar Economic Holdings Limited-MEHL) ၏ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ်စက်ရုံသည် မြန်မာ့စီးပွားရေးဦးပိုင်လီမီတတ်၏စက်ရုံဖြစ်ပြီး
စက်ရုံနယ်မြေအတွင်းရှိ စက်နှင့် စက် ပစ္စည်းများ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲပစ္စည်းများ
စွန့်ပစ်စုပုံသည့်ကန်များ နေရာများကို ကွင်းဆင်းလေ့လာကြည့်ရှုစစ်ဆေးခဲ့ရာ စက်မှုဝန်ကြီးဌာန၏
ခွင့်ပြုချက်ရယူခြင်းမရှိသေးကြောင်း၊ ဦးပိုင်၏စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း
တွေ့ရှိရပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ကာကွယ်နိုင်ရန်နိုင်ငံတကာအသိအမှတ်ပြု ISO
Certificate ရယူထားခြင်း မရှိ သေးကြောင်း တွေ့ရှိရသဖြင့် ဤအက်စစ်စက်ရုံသည် အန္တရာယ်ရှိသော
ဓာတုပစ္စည်းစက်ရုံ (Hazardous Chemical Plant) အတန်းစားဖြစ်သောကြောင့် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၏
ခွင့်ပြုချက်ရယူထားရန် လိုအပ်ကြောင်း၊ စက်ရုံမှစွန့် ထုတ်သော အငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုက်
SO2 ပါဝင်မှုကို 150 ppm ထက်မများစေရန်သတ်မှတ်ထိန်းချုပ်၍ စွန့်ထုတ်သင့်ပါသည်
“
ပြည်သူလူထုကြီးသည် မသန့်ရှင်းသောရေများသောက်ခြင်းကြောင့် အောက်ပါရောဂါများဖြစ်ပွားနိုင်ပါသည်
ဆိုပြီး မြန်မာအသံက ကြေညာလေ့ရှိပါတယ်။ အင်မတန်ကောင်းပါတယ်။ မီဒီယာဆိုတာလဲ ပြည်သူ့အတွက်ကိုး။
မြန်မာ့အသံနဲ့ မြဝတီရုပ်သံခင်ဗျား……..
မေတ္တာရပ်ခံချင်တာက ကျုပ်တို့ရဲ့အားအနည်းဆုံးတောသူတောင်သားတွေ၊
လူရိုးသားကြီးတွေ၊ ကလေးလေးတွေအပေါ် ကူညီတဲ့ အနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံသားအသိရှိလို့ဘဲဖြစ်ဖြစ်၊
အစီရင်ခံစာပါအချက်အလက်များကို အဲဒီအစီရင်ခံစာရေးခဲ့တဲ့ပညာရှင်များအပြင် အခြားပညာရှင်များနဲပါ
တိုင်ပင်ညှိနှိုင်းပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသနှင့် အနီးတဝိုက်၊ လေပေါ်လေအောက်
ဆိုးကျိုးရောက်နိုင်သည့်ဒေသများတွင် အောက်ပါရောဂါများဖြစ်ပွားနိုင်ပါသည်ဆိုပြီး နေ့စဉ်ပညာပေးကြေညာ
ထုတ်လွှင့်သင့်ကြောင်းပါခင်ဗျာ။
FM တွေပါကူရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကျုပ်တို့ပြည်အရေး
သွေးအေးမနေကြပါစို့နဲ့။
မောင်လူရေး
Comments