Than Win Hlaing - Articles

သမိုင်းတကွေ့မှ နိုင်ငံခြားသားများ
သန်းဝင်းလှိုင်
ဧပြီ ၁၃၊ ၂၀၁၃
မြန်မာစာပေသုတေသီ ဒေါ်နှင်းဆီ

● မြန်မာစာပေသုတေသီ ဒေါက်တာ အင်နီမာရီအက်ရှဲလ် (မနှင်းဆီ)
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြန်မာစာပေအတွက် ဂုဏ်ယူဖွယ်ရာအချက်တစ်ခုမှာ မြန်မာစာပေကို တပြည်ရပ်ခြားမှ နိုင်ငံခြားသားများ အမြတ်တနိုးလေ့လာဆည်းပူးလာသည့်အချက်ပင် ဖြစ်သည်။ နိုင်ငံခြားသား ဘာသာဗေဒပညာရှင်များသည် မိမိတို့နိုင်ငံရှိ တက္ကသိုလ်များတွင် မြန်မာစာပေဌာနများကို ဖွင့်လှစ်ကာ မြန်မာစာပေကို လေ့လာဆည်းပူးလာကြသည်သာမက မြန်မာနိုင်ငံသို့ပင် တကူးတက လာရောက်လျက် မြန်မာစာပေကို နိုင်ငံခြားဘာသာ သင် တက္ကသိုလ်၌လည်းကောင်း၊ စာပေပညာရှင်များထံ၌လည်းကောင်း လေ့လာဆည်းပူးကြလေသည်။

မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာစာပေလေ့လာဆည်းပူးကြသော ပညာရှင်များမှာ ဂျပန်အမျိုးသမီးယာမာဒါ (မြန်မာအမည်ယဉ်ယဉ်မြ)၊ ဂျပန်အမျိုးသား ယိုရှိအိုနီရှိ(မောင်နေ၀င်း)၊ ချက်ကိုစလိုဗက်ကီးယားအမျိုးသား ဂျင်ဘက်ကာ (ခင်မောင်အေး)၊ ချက်ကိုစလိုဗက်ကီးယားအမျိုးသမီး ဒီဂက်ဂမာနိုဗာခ်ျကိုဗာ (Degamar Novakova) (မြန်မာအမည် မြသီတာ)၊ ရုရှားအမျိုးသား ပိုပေါ့ဂူအင်ရစ်ခ်ျ (Popov Guenrikh၊ မြန်မာအမည် မောင်မောင်နိုင်)၊ ဒေါက်တာယောဆန် (Dr. Roudolf Yausan မြန်မာအမည်မောင်ဉာဏ်)၊ ဂူရီဘားစ်ကော့ဗ် (Yuri Barskov၊ မြန်မာအမည် မောင်အောင်)၊ ရုရှားအမျိုး သမီး ပူဇစ်စယား (Puzitskaya၊ မြန်မာအမည်မစန္ဒာ)၊ အိုဂါတီမိုဖီဗာ (Olga Tmofeeva၊ မြန်မာအမည် တင်တင်မို)၊ ချက်အမျိုးသမီး လီယင်နာ (မြန်မာအမည် မလှကျော့)၊ လင်နာလောရာကိုဗာ (Lina Lourakova၊ မြန်မာအမည် ယဉ်ယဉ်) အင်္ဂလိပ်အမျိုးသမီး မစ္စက်အန်နာဂျုံးအဲလော့ (မြန်မာအမည် ခင်ခင်ချော) ရို့စ်မာရီနှိုက် (မြန်မာအမည် ခင်မြဝေ)၊ တရုတ်အမျိုးသား Limou (မြန်မာအမည် မောင်မောင်ရှိန်)၊ Yao Pingyen (မြန်မာအမည် မောင်မောင်စိန်)၊ P.Tsing Chim (မြန်မာအမည် မောင်ရွှေခင်)၊ Chi Chi China (မောင်စန်းလွင်)၊ H. Hou Hung (မောင်သန်းလွင်)၊ ဂျာမန်အမျိုးသား ဟားမန်းဂျန်ဆင် (Hermann Jansen၊ မြန်မာအမည် ကိုစိန်ဟန်)၊ ဂျာမန်အမျိုးသမီး Friedgard Loltermoser (မြန်မာအမည် ဥမ္မာခင်)၊ စကော့တလန်အမျိုးသား W.H. Darridson (မြန်မာအမည် ကိုဝဏ္ဏ) နှင့် ဂျာမန်အမျိုးသမီး ဒေါက်တာအင်နီမာရီအက်ရှဲလ် (Dr. Annemarie Eshe၊ မြန်မာအမည် မနှင်းဆီ) တို့ဖြစ်ကြသည်။


ယင်းတို့အနက် မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု အနုပညာဘက်တွင် အထူးစိတ်ဝင်စားသော ဂျာမန်အမျိုးသမီး မှာ မြန်မာအမည် မနှင်းဆီ အမည်ပေးထားသည့် ဒေါက်တာအင်နီမာရီအက်ရှဲလ် ပင်ဖြစ်သည်။ သူ၏ မြန်မာအမည် မနှင်းဆီကို ဆရာကြီး ဦးရန်အောင်က မှည့်ခေါ်ပေးခဲ့ကြောင်း သိရသည်။ သူသည် မြန်မာစာရေးဆရာများ၊ မြန်မာသမိုင်း ပညာရှင်များ၊ အနုပညာရှင်များနှင့်လည်း ခင်မင်ကျွမ်းဝင်သူဖြစ်သည်။

မနှင်းဆီကို ဂျာမန်သမ္မတနိုင်ငံ (ထိုစဉ်က အရှေ့အနောက် ဂျာမနီနိုင်ငံဟူ၍ မကွဲသေးပါ်) ခေါ့် ဂျာမနီနိုင်ငံ အရှေ့ပိုင်းErzgebing တောင်တန်းဒေသ Bockau မြို့လေး၌ ၁၉၂၅ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဖခင်မှာ ကျောင်းဆရာ Bruno Rothe ဖြစ်ပြီး မိခင်မှာ Martha Rothe ဖြစ်သည်။ ပို့စဒမ်မြို့ရှိ လိုက်ဇစ် (Leipzig) တက္ကသိုလ်၌ ပညာသင်ခဲ့ပြီးနောက် မူလတန်းကျောင်းဆရာမ အဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ကျောင်းဆရာမ ဘ၀မှ တဖက်မှလည်း ဂျာမန်စာပေကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၄၉ ခုနှစ် ဇူလိုင်လတွင် ပညာရေးဝန်ကြီးဌာနမှ အရာရှိအော့တိုအက်ရှဲလ်(Otto Esche) (နောင် မြန်မာနိုင်ငံဆိုင်ရာအရှေ့ဂျာမနီသံရုံးတာဝန်ခံမှူး ) နှင့် လက်ထပ်၍ သားတစ်ယောက် ထွန်းကားခဲ့သည်။


ဒေါ်နှင်းဆီနှင့်မန်မာစာရေးဆရာမများ
ဝဲမှယာ-မနှင်းဖွေး၊ မလေးလုံညီမ၊ မလေးလုံ၊ဒ်ါနှင်းဆီ၊ ယုဝတီရွှေဝါစိန်၊
ယုဝတီရွှေဝါစိန်ခင်ပွန်း၊ဇယျာတင်မာရီ၊ အမည်မသိ၊ဒ်ါနှင်းဆီခင်ပွန်းဒါက်တာ
အော့တိုအက်ရှဲလ်၊ သန်းဝင်းလှိုင်
ထို့နောက် ၁၉၆၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံခြားဘာသာသိပ္ပံ၌ (၃) နှစ်ခန့် ဂျာမန်ဘာသာ နည်းပြအဖြစ် အမှုထမ်းခဲ့သည်။ သူလာရောက်စဉ်က ကျောင်းအုပ်ဆရာမကြီးအဖြစ်နှင့် မြန်မာပြည်ရှိ ဂျာမန်စာသင်ကြား လိုသော ကျောင်းသားများကို စာပြရန်သာ ဖြစ်သော်လည်း သူ၏ မြန်မာစာပေ၀ါသနာအထုံကြောင့် မြန်မာစာနှင့် မြန်မာစကားကို သင်ကြားတတ်မြောက်သွားခဲ့လေသည်။ ထိုအချိန်မှစ၍ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုတွင် ထိတွေ့ကာ မြန်မာမှုကို စိတ်ဝင်စားလာခဲ့သည်။ ဂျာမနီနိုင်ငံသို့ ပြန်သွားသောအခါ ဂျာမနီနိုင်ငံ၌ မြန်မာစာတတ်သူများထံ မြန်မာစာပေ ကို လေ့လာခဲ့ပြန်သည်။ ၁၉၆၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဒေါက်တာ အော့တိုအက်ရှဲလ် မြန်မာနိုင်ငံသို့ ပထမအတွင်းဝန် အဖြစ် ရောက်ရှိလာသောအခါ မှီခိုသူအဖြစ် လိုက်ပါလာခဲ့သည်။ မြန်မာနိုင်ငံတွင် နေထိုင်နေစဉ်အတွင်း မြန်မာစာရေးဆရာ များ၊ သုတေသီများထံချဉ်းကပ်၍ မြန်မာစကားနှင့် မြန်မာစာပေကို ကျကျနနလေ့လာဆည်းပူးခဲ့သည်။ ထို့နောက် ၁၉၆၈ ခုနှစ်တွင် ဆရာဇော်ဂျီ၏ ‘ပုဂံဈေး’ အပါအ၀င် ကောင်းနိုးရာရာမြန်မာဝတ္ထုတိုများကို စုစည်း၍ ‘မြန်မာလက်ရွေးစင်ဝတ္ထုတို ပေါင်းချုပ်’ အမည်ဖြင့် ဂျာမန်ဘာသာသာသို့ ပြန်ဆိုကာ ထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်၌ ဆရာဇော်ဂျီ၏ ပုဂံဈေးအပြင်၊ ဇေယျ၊ မိုးဝေ၊ ဒဂုန်တာရာ၊ သော်တာဆွေ၊ သိန်းဖေမြင့်၊ ရန်အောင်၊ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ ဗန်းမော်တင်အောင်၊ မင်းရှင်၊ ငြိမ်းကျော်၊ မင်းသုဝဏ် နှင့် ဒဂုန်ရွှေမျှားတို့၏ ၀တ္ထုအပုဒ် (၂၀) ကို ထည့်သွင်းထားသည်။ ၁၉၆၈ ခုနှစ်၌ပင် မနှင်းဆီသည် လိုက်ဇစ်တက္ကသိုလ်၌ “ဦးပုညပြဇာတ်စာပေလေ့လာချက်’ (Some Aspects of U Ponnya’s Dramatic Literature) အမည်ရှိ စာတမ်းကိုတင်၍ စာပေပါရဂူဘွဲ့ကို ရရှိခဲ့သည်။

မနှင်းဆီသည် ၁၉၇၃ ခုနှစ်တွင် ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ ရာမာခရစ်နာစာကြည့်တိုက်၌ ကျင်းပသော ဆရာကြီးပီမိုးနင်း နှစ် (၉၀)ပြည့် အထိမ်းအမှတ်ပွဲတွင် “ပီမိုးနင်းနှင့်ဆုံစည်းခဲ့စဉ်က” ခေါင်းစဉ်ဖြင့် ဆရာကြီးပီမိုးနင်း၏ စာပေအကြောင်းကို မြန်မာဘာသာဖြင့် ဟောပြောခဲ့သေးသည်။

ယင်းနောက် ၁၉၇၆ တွင် လူထုဦးလှ၏ တိုင်းရင်းသားပုံပြင်များစာအုပ်များထဲမှ ကောင်းနိုးရာရာပုံပြင် (၁၀၃) ပုဒ်ကို ရွေးထုတ်၍ မြန်မာတိုင်းရင်းသားပုံပြင်များ (113 Folk Tales from Myanmar) အမည်ဖြင့် ဂျာမန်ဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည်။ အဆိုပါစာအုပ်သည် လူကြိုက်အလွန်များ၍ တတိယအကြိမ်အထိ စုစုပေါင်း အုပ်ရေတစ်သိန်းကျော် ရိုက်နှိပ်ခဲ့ရသည်။

ယင်းနှစ်၌ပင် ‘မြန်မာ-ဂျာမန်အဘိဓာန်’ (Worterb uch Burmesisch-Deutsch) ကို ပြုစုခဲ့သည်။ အဆိုပါအဘိဓာန်၌ မြန်မာဝေါဟာရစာလုံးပေါင်းတစ်သောင်းခုနစ်ထောင်ခန့် ပါရှိလေသည်။ ယင်းအဘိဓာန်စာအုပ် ၂၀၀ ကို မနှင်းဆီသည် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီးဟားဟန်းဖစ်ရှားမှတဆင့်ပညာာရေးဝန်ကြီးဌာနသို့ မေတ္တာလက်ဆောင် ပေးအပ်ခဲ့သည်။

၁၉၇၈ ခုနှစ်တွင် မနှင်းဆီသည် ပါရဂူဘွဲ့ (Doctor of Science) တစ်ခု ထပ်မံရရှိခဲ့ပြန်သည်။ ယင်းပါရဂူဘွဲ့အတွက် တင်သွင်းခဲ့သော စာတမ်းမှာ “မျက်မှောက်ခေတ် မြန်မာစာပေရေစီးကြောင်း” (Tendencies of The Modern Myanmar Literature) ဖြစ်သည်။ အဆိုပါစာတမ်း၌ ပထမဆုံးခေတ်ပေါ်မြန်မာဝတ္ထုစာအရေးဆရာ ဂျိမ်းစ်လှကျော်မှစပြီး မျက်မှောက်ခေတ်အထိ မြန်မာစာရေးဆရာပေါင်း ၄၀၀ ခန့်တို့၏ စာပေလက်ရာများကို သမိုင်းကြောင်း နှင့်တကွ ဝေဖန်သုံးသပ်တင်ပြထားသည်။

အဆိုပါစာတမ်းမတင်မီတစ်နှစ်အလို ၁၉၇၇ တွင် လိုက်ဇစ်မြို့ရှိ Insel-Verlag စာအုပ်တိုက်မှ မနှင်းဆီ ဂျာမန်ဘာသာဖြင့် ရေးသားထားသော Das Goldene Kloster zu Mandalay (ရွှေမန်းမြို့မှ ရွှေကျောင်းတော်) အမည်ရှိ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်မှာ မန္တလေးမြို့ရှိ ရွှေကျောင်းတော်တည်ဆောက်ထားပုံ ဗိသုကာစနစ် နှင့် အနုပညာလက်ရာများကို သုတေသနပြု ဆန်းစစ်ကာ တင်ပြထားသော စာအုပ်ဖြစ်သည်။ စာအုပ်၌ ခင်ပွန်းဖြစ်သူ ဒေါက်တာ အော့တိုအက်ရှဲလ်က ရိုက်ကူးပေးသည့် ဓာတ်ပုံပေါင်း ၄၀ ကျော်နှင့် ပူးတွဲဖော်ပြထားသည်။

ရွှေကျောင်း ခေါ် ရွှေနန်းတော်ကျောင်းသည် မန္တလေးမြို့ရှိ အတုမရှိကျောင်းတော်ကြီး၏ အရှေုဘက်မဟာရံ တံတိုင်းအတွင်း တောင်ဘက်တွင်တည်ရှိသည်။ သက္ကရာဇ် ၁၂၄၂ (ခရစ် ၁၈၀၀ ပြည့်နှစ်) ၌ သီပေါမင်းတရားက ခမည်းတော်မင်းတုန်းမင်း နတ်ပြည်စံသွားသော ရွှေနန်းတော်အဆောင်ကို ကျောင်းအဖြစ် ရွှေ့ပြောင်းဆောက်လုပ်ထားခြင်း ဖြစ်သည်။ မူလက မန္တလေးမှန်နန်းဆောင်၏ မြောက်ဘက်နေရာ၌ရှိသည်။ မူလနန်းတော်၏ ပုံစံကို အခြေခံသော်လည်း ဘုန်းကြီးကျောင်း၏ သဘောဖြစ်စေရန် ပြာသာဒ်၊ မှန်ကင်း၊ စုလစ်၊ စိန်တောင်၊ အပြောက်အမွမ်းများ၊ သစ်ထွင်းအရုပ်၊ ပန်းခက်များ၊ ဇာတ်စုံပန်းပုရုပ်တုများဖြင့် တန်ဆာဆင်ထားသည်။

ဤရွှေကျောင်းတော်ကို ရေးသားပြုစုပြီးနောက် ၁၉၈၅ ခုနှစ် မတ်လတွင် ‘အထင်ကရ ရွှေတိဂုံစေတီတော်ကြီး’  (Stupa Shwedagon) စာအုပ်ကို ဂျာမန်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြန်သည်။ စာအုပ်သည် စာမျက်နှာ ၃၅၀ ခန့်ရှိ၍ ဖော်ပြထားသော ပုံများကို ခင်ပွန်းသည် အော့တိုအက်ရှဲလ်ကပင် ရိုက်ပေးခဲ့သည်။

ယင်းနောက် မနှင်းဆီသည် Eberhart Richer ၊ ဦးခင်မောင်စောတို့နှင့် ပူးတွဲပြုစု၍ “မြန်မာသဒ္ဒါဖွဲ့ထုံးကျမ်း” ကို ဂျာမန်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။

မြန်မာစာပေသုတေသီ မနှင်းဆီခေါ် အင်နီမာအက်ရှဲလ်ကို ဆရာသိန်းဖေမြင့်က ၁၉၇၇ ခုနှစ် နိုဝင်ဘာလတွင် ရုရှားသံရုံးက ပြုလုပ်သော အောက်တိုဘာတော်လှန်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲ၌ မိတ်ဆက်ပေးခဲ့သည်။ ကျနော်မှ တဆင့် မနှင်းဆီအား ဆရာပါရဂူု၊ ဆရာမောင်ဆုရှင်၊ ဒဂုန်ခင်ခင်လေး၊ နွယ် (စစ်တွေ)၊ မိုးမိုး (အင်းလျား)၊ သာယာဝတီ စမ်းစမ်းနွဲ့၊ မလေးလုံ၊ ယုဝတီ ရွှေဝါစိန်၊ ယုဝတီ ဇေယျာတင်မာရီ၊ မနှင်းဖွေး၊ စမ်းစမ်းတင် (ယခု RFA သတင်းဌာန)၊ ခင်သူသူဝင်း၊ ဆရာ နန်းညွန့်ဆွေ၊ ဒေါ်ကြည်ဦးတို့အား မိတ်ဆက်ပေးခဲ့သည်။

သူနှင့်တွေ့ဆုံပြီးနောက် ဆရာပါရဂူက ၁၉၇၉ ခုနှစ် မတ်လ (အမှတ် ၁၃၄) ထုတ် မိုးဝေမဂ္ဂဇင်း၌ “မြန်မာစာပေ သုတေသီ ဂျာမန်အမျိုးသမီး” ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။ ဆရာ့ဆောင်းပါး၌ မနှင်းဆီအား သူ့အမြင်ကို ဤသို့ တင်ပြထားပါသည်-

“မြန်မာစာပေကို သုတေသနလုပ်သည့် ဂျပန်၊ အင်္ဂလိပ်၊ ရုရှား၊ ဂျာမန်၊ ပြင်သစ်လူမျိုး မြန်မာစာပေသုတေသီများ ပေါ်ထွက်လာကြသည်။ ယင်းတို့အထဲမှ ဂျာမန်အမျိုးသမီး ဒေါက်တာအက်ရှဲလ်သည် ထူးခြားသူတစ်ဦးဟု ဆိုရပေမည်။

သူသည် ကိုယ်ခန္ဓာတုတ်ခိုင်ကြီးမားပြီး ၀၀ဖိုင့်ဖိုင့်ကြီးဖြစ်သည်။ သို့သော် ပါးပါးလျလျ ဆယ့်ခြောက်နှစ်အရွယ် မိန်းမပျိုငယ်ကဲ့သို့ သွက်လက်ဖြတ်လတ်နေသည်။ သူသည် ဥရောပတိုက်သူတို့ ၀တ်လေ့ဝတ်ထရှိသည့် ဂါဝန်ကို ၀တ်ထား၏။ သို့သော် မြန်မာစကားကို သွက်လက်ချက်ချာစွာ ပြောနေသည်။ သူသည် သံရုံးအတွင်းဝန်၏ ဇနီးအဖြစ် သံရုံး အဆောက်အဦကြီးတစ်ခု၌ နေထိုင်၏။ သို့သော် မြန်မာလူမျိုးများနှင့် အထူးသဖြင့် မြန်မာစာရေးဆရာ၊ စာရေးဆရာမများ နှင့် တရင်းတနှီးပေါင်းသင်းဆက်ဆံနေသည်။

သူ မြန်မာပြည်ကို ရောက်သည်မှာ ယခုအကြိမ်ပါနှင့်ဆိုလျှင် သုံးကြိမ်ရှိပြီ။ သုံးကြိမ်နေခဲ့သည့်နှစ်ကို ပေါင်းလိုက်လျှင်ကား မြန်မာပြည်မှာနေသည့်အချိန်ကာလမှာ ၁၂ နှစ် ရှိသွားပြီ။

၁၉၆၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် သူ မြန်မာပြည်ရောက်လာသည်။ ဂျာမန်ဘာသာစာသင်ကျောင်း၌ ဂျာမန် စာပြဆရာမအဖြစ် အမှုထမ်းရန် ရောက်လာခြင်းဖြစ်သည်။ မြန်မာပြည်မလာခင်က ဂျီဒီအာ စာသင်ကျောင်းတစ်ကျောင်း၌ ဆရာမအဖြစ် အမှုထမ်းသည်။ သူနှင့်အခြားဆရာမနှစ်ဦးလည်း ပါလာသည်။ ထိုအချိန်က ၀င်္ကဘာလမ်းတွင် ဂျာမန်ဘာသာ သင် ကျောင်းဖွင့်ထားသည်။ ထိုကျောင်း၌ သူ ဂျာမန်စာပြ၏။

ဂျာမန်ဘာသာပြ ဆရာမအဖြစ် နှင့် စာပြနေရင်း မြန်မာစာ၊ မြန်မာစကားကို စသင်သည်။

“မြန်မာပြည်ကို မြန်မာစာနဲ့ မြန်မာစကားလာသင်တဲ့ အချို့နိုင်ငံခြားသားတွေဟာ ရန်ကုန်တက္ကသိုလ်မြန်မာစာ ဌာနမှာ သင်ကြတယ်လို့ သိရတယ်။ ဆရာမကော ရန်ကုန်တက္ကသိုလ်မှာ သင်ဖူးသလား” ကျနော့်အမေးကို သူက ဤသို့ ဖြေသည်။

“ကျမ ရန်ကုန်တက္ကသိုလ်မှာ မသင်ဖူးပါဘူး။ ကျမ ဆရာတစ်ဦးဦးဆီမှာလည်း၊ သတ်သတ်မှတ်မှတ် မသင်ဖူးပါဘူး။ ကျမ ဆရာက ပြည်သူလူထုပဲ။ ကျမနဲ့တွေ့ဆုံတဲ့ သူတွေဆီက တစ်လုံးစ နှစ်လုံးစက စပြီးသင်ယူတယ်။ ကျမ မြန်မာစာသင်တဲ့နည်းက ခြတောင်ပို့နည်းလို့ဆိုရင် မမှားပါဘူး။ စကားလုံးတွေကို တဖြည်းဖြည်းစုတယ်။ အသုံးနည်းတဲ့ ခက်ခဲတဲ့ဝေါဟာရမျိုးကျတော့ လူသုံးလေးဦးလောက်ကို မေးမြန်းစုံစမ်းပြီး မှတ်သားတယ်။ ဒီနည်းနဲ့ မြန်မာစာ၊ မြန်မာစကားကို လေ့လာတာပါပဲ”

မြန်မာပြည်တွင် ၂ နှစ်လောက်ရှိလာသောအခါ ဒေါက်တာအက်ရှဲလ်သည် မြန်မာစာ၊ မြန်မာစကားကို အတော်တီးမိခေါက်မိ ဖြစ်လာလေပြီ။ မြန်မာစာကို စိတ်ဝင်စားလာသည်။ မြန်မာစာရေးဆရာများရေးသားသည့် စာအုပ်များကို ကြိုးစားပြီး ဖတ်သည်။ ဖတ်ရင်းဝေါဟာရစကားလုံးများကို အလွတ်စာအုပ်တစ်ခုဖြင့် တေးသည်။ မှတ်သည်။ ယင်းစာအုပ်သည် မကြာမီ မှာပင် “ဂျာမန်-မြန်မာ ဝေါဟာရအဘိဓာန်အကျဉ်း” အဖြစ်ဖြင့် ထွက်ပေါ်လာလေသည်။

၁၉၆၂ ခုနျစ် နိုဝင်ဘာလက ကမ္ဘာအေးကုန်းမြေ၌ စာရေးဆရာညီလာခံတစ်ခု ကြီးကြီးကျယ်ကျယ် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းညီလာခံသည် စာရေးဆရာများ၏ အကြီးမားဆုံးသော စုရုံးမှုကြီးပင်ဖြစ်သည်။ ယင်းညီလာခံ၌ စာရေးဆရာအတော်များများသည် စာပေနှင့် ပတ်သက်သည့် စာတမ်းများတင်ကြသည်။ ယင်းညီလာခံနေ့များအတွင်း နေ့စဉ် မြန်မာစာရေးဆရာများ၏ အကြား၌ စာတမ်းဖိုင်တွေ တကိုင်ကိုင်နှင့်ရှိနေသော နိုင်ငံခြားသူအမျိုးသမီးတစ်ဦးကို တွေ့ရလေသည်။ သူသည် မြန်မာစာကို လေ့လာလိုက်စားနေပြီဖြစ်၍ စာရေးဆရာများ၏ ညီလာခံကို နေ့စဉ်ရက်ဆက် တက်ပြီး လေ့လာမှတ်သားလေသည်။ စာရေးဆရာများတင်သွင်းသည့် စာတမ်းများကိုလည်း တရိုတသေ သိမ်းဆည်းထား လေသည်။

ဒေါက်တာအက်ရှဲလ်သည် ၁၉၆၃ တွင် သူ့တာဝန်အပြီးသတ်သွားပြီဖြစ်၍ သူ့နိုင်ငံသို့ ပြန်သွားလေသည်။ သူ့နိုင်ငံ ရောက်သောအခါ လိုက်ပဇစ်မြို့ ကားလ်မတ်တက္ကသိုလ်အရှေ့တောင်အာရှဌာန၌ မြန်မာစာပြဆရာမအဖြစ် အမှုထမ်းနေ လေသည်။ ထိုဌာန၌ မြန်မာစာပြဆရာလုပ်ရင်း မြန်မာစာသုတေသနအလုပ်ကိုလည်း ဆက်လက်ပြုလုပ်နေသည်။

ဒေါက်တာအက်ရှဲလ်သည် လိုက်ပဇစ်ကားလ်မတ်တက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ကို ရရှိခဲ့သည်။ သူ၏ ကုန်းဘောင်ခေတ်ပြဇာတ် အထူးအားဖြင့် ဦးပုညပြဇာတ်များအကြောင်း စာတမ်းအတွက် ၁၉၆၈ ခုနှစ်တွင် လိုက်ပဇစ် တက္ကသိုလ်က သူ့ကို ဒေါက်တာဘွဲ့ချီးမြှင့်လိုက်လေသည်။

လိုက်ပဇစ်တက္ကသိုလ်၌ အမှုထမ်းနေစဉ်အတွင်း ဒေါက်တာအက်ရှဲလ်သည် မြန်မာစာတစ်ခုတည်းကို သုတေသန ပြုရုံမျှနှင့် ကျေနပ်အားရပုံမပေါ်။ လိုက်ပဇစ်တက္ကသိုလ်ကား သက္ကတစာပေသင်ကြားလေ့လာရေးအတွက် အဆင်ပြေသည့် နေရာ ဌာနတစ်ခုလည်းဖြစ်သည်။ သို့ဖြစ်၍ ဒေါက်တာအက်ရှဲလ်သည် တဖက်က မြန်မာစာပေကို သုတေသနပြုလုပ်နေပြီး အခြားတဖက်ကလည်း သက္ကတဘာသာကို လေ့လာဆည်းပူးလေသည်။

မြန်မာစာပေသုတေသီအား မြန်မာနိုင်ငံက အမြဲမပြတ်ဆွဲဆောင်နေသည်။ ဒေါက်တာအက်ရှဲလ်သည် မြန်မာနိုင်ငံသို့ တစ်ကြိမ်ရောက်ရုံမျှနှင့် မကျေနပ်မတင်းတိမ်။ ထပ်ခါထပ်ခါ လာလိုရောက်လိုသည်။ သူ့ဆန္ဒအတိုင်းပင် ရောက်လာရပြန်သည်။ ၁၉၆၉ တွင် ဒုတိယအကြိမ်ပြန်လာရသည်။ သူသည် မြန်မာပြည်ပြန်လာရရေးအတွက် အကြံအဖန်လုပ်သည်။ ပညာရေးဌာနတွင် အမှုထမ်းနေသည့် သူ့ခင်ပွန်းကို မြန်မာနိုင်ငံသို့ သံအရာရှိအဖြစ် ပြောင်းရွှေ့ အမှုထမ်းရအောင် ကြိုးစားသည်။ ကြိုးစားသည့်အတိုင်းလည်း အောင်မြင်သည်။ သူ့ခင်ပွန်း မြန်မာနိုင်ငံသို့ သံအရာရှိအဖြစ် ပြောင်းရွှေ့လာသောအခါ ရောင်နောက်ဆံထုံးပါလာသည်။ ဤတွင် သူ့အကြံထမြောက်အောင်မြင်သွားလေသည်။ သူ့အဖို့ ကား ရေငတ်သူရေတွင်းထဲတဖန်ရောက်လာပြန်လေပြီ။

‘ပုဂံချေး’ စာအုပ်ထွက်သည့်နှစ်မှာပင် သူ၏ မြန်မာပုံပြင်များ ဂျာမန်ဘညာသာပြန်စာအုပ်ဆက်ထွက်သည်။

“မြန်မာဝတ္ထု၊ ပုံပြင်တို့ကို ဂျာန်ဘာသာပြန်တဲ့အခါမှာ ကျမတို့ ဂျာမန်စာပေလောကမှာ ထားရှိတဲ့ မူတစ်ခုကို လက်ကိုင်ထားပြီး ဘာသာပြန်ပါတယ်။ အဲဒီမူက ဘာလဲဆိုတော့ ‘တိကျနိုင်သလောက်လည်း တိကျအောင်လုပ်၊ လိုအပ် သလောက်လည်း လွတ်လပ်မှုကိုယူ’ ဆိုတဲ့မူပါပဲ။ ဘာသာပြန်တဲ့အခါမှာ တိကျလည်း တိကျရမယ်။ ကိုယ်ဘာသာပြန်တဲ့ ဘာသာခြားရဲ့ ကျေးကျွန်အဖြစ်လည်း ရောက်မသွားစေရဘူး။ လွတ်လွတ်လပ်လပ်ဘာသာပြန်သွားရမယ်လို့ ဆိုလိုပါတယ်’

ဒေါက်တာအက်ရှဲလ်က သူ့ဘာသာပြန်မူကို ပြောပြလေသည်။

၁၉၇၇ ခုနှစ်တွင် ဒေါက်တာအက်ရှဲလ်သည် ဒေါက်တာဘွဲ့တစ်ခုကို ထပ်မံရရှိပြန်လေသည်။ ယင်းဒေါက်တာဘွဲ့ မှာ ပထမ ဒေါက်တာဘွဲ့ထက် အဆင့်မြင့်သည်ဟု ဆိုသည်။

ဒေါက်တာအက်ရှဲလ်သည် ‘မြန်မာစာနယ်ဇင်းများတွင်လည်း မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာ ဖြင့်လည်းကောင်း၊ မြန်မာစာပေအကြောင်း၊ မြန်မာအနုပညာရပ်များအကြောင်း ဆောင်းပါးများ ရေးသားယူသည်။

ဒေါက်တာအက်ရှဲလ်သည် လူငယ်လူရွယ်တဦးပမာ ပေါ့ပါးသွက်လက်သည်။ မျက်နှာချိုသည်။ ဖော်ရွေသည်။ စကားကို အားရပါးရပြောသည်။ မြန်မာစာရေးဆရာများနှင့် တွေ့လျှင် မြူးကြွနေသည်။ စာရေးဆရာများထံသို့ သူကိုယ်တိုင် သွား၍လည်းကောင်း၊ သူ့ထံစာရေးဆရာများကို ဖိတ်၍လည်းကောင်း စာပေအကြောင်းကို ဆွေးနွေးသည်။ လေ့လာသည်။ မြန်မာစကားကို တစ်လုံးချင်းခပ်လေးလေးပြောသည်။ စကားပြောရင်း သူမသိနားမလည်သည့် စကားတစ်ခွန်းကို ကြားလိုက်ရသည်နှင့် တပြိုင်နက်ချက်ချင်း ကောက်မှတ်သည်။ မြန်မာလိုပြောရင်းက အားမလိုအားမရဖြစ်လာသည့်အခါမှ အင်္ဂလိပ်စကားကို ညှပ်၍ ပြောသည်။ အင်္ဂလိပ်စကားကိုလည်း သွက်လက်စွာပြောတတ်သည်။

“ကျမအခု တစ်လ နှစ်လ ဆိုရင် ကိုယ့်တိုင်းပြည်ပြန်ရတော့မယ်။ ကျမယောက်ျား ဒီမှာ တာဝန်ထမ်းဆောင်တာ နှစ်စေ့သွားပြီ။ ထိုရောက်ရင် ဘာလင်တက္ကသိုလ်မှာ မြန်မာစာ၊ မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုကို သင်ကြားပြသမယ်။ လက်ရွေးစင် မြန်မာကဗျာတွေကိုလည်း ဂျာမန်ဘာသာနဲ့  ဆက်ပြန်မယ်။ ပြီးတော့ စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေမယ်။ ဂျာမန် မြန်မာအဘိဓာန်ကြီးတစ်ခုကိုလည်း ပြုစုမယ်။ ကျမ မြန်မာပြည်မှာ နေရတာ အားမရသေးပါဘူး။ မသိနိုင်ဘူး။ နောက်တစ်ခေါက် ပြန်လာချင်လည်း လာရမှာပဲ။”

ကျနော်သည် သူ့ဧည့်ခန်းရှိ ဘီရိုများဆီ စောင်းငဲ့ကြည့်လိုက်သည်။ ဘီရိုထဲတွင် အကန့်အကန့်နှင့် ဖိုင်ပေါင်းများစွာကို စနစ်တကျ ထည့်ထားသည်။ ဒေါက်တာအက်ရှဲလ်သည် ယင်းဖိုင်များနှင့် စာအုပ်စာတမ်းများကို ပွေ့ပိုက်ပြီး သူ့ပြည်ပြန်တော့မည်။

သူထည့်သည့် စီးကရက်ကို ဖွာရင်း ကျနော်စဉ်းစားနေမိသည်။

“ဒေါက်တာအက်ရှဲလ်မက်စ်မူလာတို့ဂိုင်ဂါတို့ဝင်တာနစ်တို့ရဲ့ မျိုးနွယ်အစဉ်အဆက်ထဲကပဲ ဖြစ်ဖို့ရှိတယ်။ မက်စ်မူလာဟာ အရှေ့တိုင်းစာပေကို ဘယ်လောက်လေ့လာထားသလဲဆိုရင် သူတည်းဖြတ်ထုတ်ဝေတဲ့ ‘အရှေ့တိုင်း ဓမ္မကျမ်းဂန်များစာစဉ်’ ဟာ ကမ္ဘာ့စာကြည့်တိုက် ပိဋကတ်တိုက်များရဲ့ ဂုဏ်သရေကိုဆောင်နေတယ်။ ဂိုင်ဂါရဲ့ ‘ပါဠိစာပေ နှင့် ပါဠိဘာသာ’ စာအုပ်ဟာလည်း အရှေ့တိုင်းစာပေလောကရဲ့ ‘အိန္ဒိယစာပေသမိုင်း’ စာအုပ်ဆိုလို့ရှိရင်လည်း အိန္ဒိယရှေးဟောင်းစာပေကို လေ့လာလိုက်စားသူတိုင်း လက်လွှတ်လို့မရတဲ့ စာအုပ်ဖြစ်တယ်။ အဲဒီလို ရှေ့သွားခေါင်းဆောင်များရှိနေတဲ့ ဂျာမနီမှ စာပေသုတေသီတစ်ဦးဖြစ်တဲ့ ဒေါက်တာအက်ရှဲလ်ဟာလည်း သူ့ဘိုးဘွားတွေရဲ့ အစဉ်အလာကို ဆက်လက်ထိန်းထားတာနဲ့ တူတယ်။ သူလည်းပဲ အရှေ့တိုင်းစာပေတစ်ခုဖြစ်တဲ့ မြန်မာစာပေကို သုတေသနပြုလုပ်နေတယ်။ သူလေ့လာသုတေသနပြုထားတဲ့ အချက်အလက်တွေကို ဂျာမန်ဘာသာတတ် စာဖတ်ပရိသတ်မျှသာမကဘဲ ထိုမှတဆင့်တက်ပြီး သူ့ရှေ့သွားခေါင်းဆောင်တွေရဲ့ သုတေသနပြုချက်တွေကို တခြားပုဂ္ဂိုလ်တွေလည်း သိရှိနိုင်ဖတ်ရှုနိုင်တဲ့ အခြေအနေရောက်လာရင် ပိုကောင်းမှာပဲ…”

ဟူ၍ ရေးသားထားလေသည်။

ထို့နောက် ကျနော်သည် ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် နရသိန်မှ ပြန်လည်လွတ်မြောက်ပြီးနောက် ခေတ္တမြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရ၍ မနှင်းဆီအား သူ့တည်းခိုရာ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အရှေ့ဝါယာလက်လမ်းသွယ် နေအိမ်သို့သွားရောက်နှုတ်ဆက်ခဲ့သည်။ သူသည် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ ဟမ်းဘို့ဒ် တက္ကသိုလ်၌ မြန်မာစာပေပါမောက္ခအဖြစ် အချိန်ပိုင်းသင်ကြားပြသ၍ တဖက်မှာလည်း ဂျာမန်-မြန်မာ အဘိဓာန်ကြီးနှင့် မြန်မာနိုင်ငံတိုင်းရင်းသားတို့၏ နိုင်ငံရေးမူဝါဒစာအုပ်တို့ကို ပြုစုလျက်ရှိကြောင်း ပြောပြပါသည်။ စာအုပ်နှစ်အုပ်စလုံးကို ၂၀၀၉ ခုနှစ် တွင် အပြီးသတ်ထုတ်ဝေမည်ဟု ဆိုသည်။

မည်သို့ဆိုစေ… သူသည် မြန်မာနှင့်ဂျာမန်စာပေ ပေါင်းကူးဆက်သွယ်နိုင်ရေးအတွက် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်နေသူပင် မဟုတ်ပါလော…။

Comments