Tu Maung Nyo - Justified Prejudice in Burma


               တရားသော ဥပဒေ တရားသော စီရင်မှု
တူမောင်ညို။ (၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်)
လွန်ခဲ့သော မတ်လ ၂၀ ရက်နေ့က၊ မိတ္တီလာမြို့ ---- ရွှေဆိုင်တွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် မှုခင်းအသေးအဖွဲမျှသာဖြစ်ပါ သည်။ ပြည်သူများအချင်းချင်းအကြားဖြစ်ပွားသည့် အကျိုးစီးပွားပဋိပက္ခမှ တဆင့်တက်၍ ကိုယ်ထိလက်ရောက်ခိုက်ရန် ဖြစ်ပွားဖြစ်ခြင်း သာဖြစ်သည်။
            သို့အတွက် ထိခိုက်နစ်နာသူများဘက်မှ အမှုဖွင့်တရားစွဲဆိုလျှင် တရားရုံးက လက်ခံကြားနာစစ်ဆေးပြီး ကျူးလွန်သည့် ပြစ်မှု နှင့်ဆီလျော်သည့်ပြစ်ဒဏ်စီရင်ချက်ချမှတ်ပေးလိုက်လျှင် ပြီးပြတ်ပြေငြိမ်းသွားနိုင်သည့် အမှုမျိုးသာဖြစ်သည်။ သို့သော်လည်း ယခုတော့ မြေခွေးလို အကွက်ချောင်းနေသူ အကြမ်းဖက်သမားများက သာမန် မှုခင်းအသေးအဖွဲကလေးကို  အစုလိုက်အပြုံလိုက် လူသတ်မီးရှို့မှု သောင်းကျန်းမှုကြီးအဖြစ်သို့ ချဲ့ထွင်လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ယခုအချိန်အထိ ယင်းသို့ လူသတ်မီးရှို့ခဲ့ကြသော အကြမ်းဖက်သမား၊ သောင်းကျန်းသူ လူရမ်းကား ဒုစရိုက်ကောင်များကို အတိအကျဖေါ်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးချေ။
            ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ၏ “နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူ/အဖွဲ့အစည်း” ဆိုသည်များ ကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအနေဖြင့်ဖော်နိုင်ခြင်းမရှိသေးပါ။ ကိုယ့်လူ ကိုယ်ထုတ်ရိုက်ရမည့်ကိန်းဆိုက်နေသဖြင့် မထွေးနိုင်မမျိုနိုင်ဖြစ် နေပုံလည်းရပါသည်။  
            သို့သော်လည်း ဧပြီလ ၁၁ ရက်နေ့တွင် --- ရွှေဆိုင်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်သူ ၃ ဦးကို “အလုပ်နှင့် ထောင် ဒဏ် ၁၄ နှစ် သီးခြားစီကျခံရန်” မိတ္ထီလာမြို့နယ်တရားရုံးက စီရင်ချက်ချမှတ်ခဲ့ပြီဖြစ်သည်။
            ဤသို့ စီရင်ချက်ချမှတ်ခဲ့ခြင်းသည် မျှတသောတရားစီရင်မှု ဟုတ်ပါသလော။
            ထွန်းထွန်း (ခ) အာရှစ်၊ ညီညီ(ခ) မင်းအောင်၊ မမြင့်မြင့်အေး တို့ ၃ ဦးအား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၂၊ ၃၂၅၊ ၃၂၄၊ ၁၁၄ တို့ဖြင့် ပြစ်ဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။ ယင်းပုဒ်မများအနက် ပုဒ်မ ၃၈၂ ဖြင့် စွဲဆိုစီရင်ခြင်းသည် ဆီလျော်ကိုက်ညီမှုမရှိ၊ အမှုနှင့်သက်ဆိုင် ခြင်းမရှိဟုယူဆပါသည်။ ထို့အပြင် “အလုပ်နှင့်ထောင်ဒဏ် ၁၄ နှစ် သီးခြားစီကျခံစေရန်” စီရင်ချက်ချမှတ်ခြင်းမှာ မျှတမှုမရှိဘဲ၊  တစ်စုံ တစ်ခုသော အငြှိုးအတေးဖြင့်ချမှတ်သည်ဟု ထင်မြင်ယူဆဖွယ်ရာအကြောင်းအချက်များရှိနေပါသည်။
            ပြစ်မှုဆိုင်ရာမတော်မတရားမှု (criminal wrong) သို့မဟုတ် ပြစ်မှု(crime) ကို စီရင်ရာတွင် သတ်မှတ်ထားသည့် ပြစ်ဒဏ်ပေး ခြင်းနယ်ပယ်အတွင်း ဖြစ်ပေါ်လာသည့် အမှုအခြေအနေနှင့် ကျူးလွန်သူတို့၏ အကျင့်စာရိတ္တကိုလိုက်၍ အမှုကို စီရင်ဆုံးဖြတ်ကြသည့် တရားသူကြီးများသည် မိမိတို့ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကို ချင့်ချိန်သုံးသပ်ပြီး ပြစ်ဒဏ်ပေးရန်သာဖြစ်သည်။
            သို့သော်လည်းယခုအမှုတွင် တရားသူကြီးသည် သူ၏ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကိုချင့်ချိန်သုံးသပ်ခဲ့ပုံမပေါ်ပါ။ တရားသူကြီး အပေါ်တွင် “ဂတိ” တစ်မျိုးမျိုးသို့မဟုတ် တစ်မျိုးထက်ပို၍ လွှမ်းမိုးနေပုံရပါသည်။ လက်ရှိအစိုးရအုပ်ချုပ်ရေးပိုင်း၏ ညွန်ကြားချက်ကို မလွန်ဆန်ဝံ့ဘဲ၊ အထက် ကချမှတ်ပေးသည့်အတိုင်း စီရင်ခဲ့ရပုံပေါ်နေပါသည်။
            ကျွန်တော်အနေဖြင့် “အစုလိုက်အပြုံလိုက်လူသတ်မီးရှို့အကြမ်းဖက်သောင်းကျန်းမှုကြီး” အဖြစ်သို့ ချဲ့ထွင်လုပ်ကြံခဲ့သည်မှာ မည်သည့်အဖွဲ့၏လက်ချက်ဖြစ်သည်၊ မည်သူတို့ပါဝင်ပတ်သက်နေသည် စသည့်အချက်များကို အများပြည်သူသိရှိအောင် အလျှင်အမြန် ဖော်ထုတ်ပြီး မည်သို့အပြစ်ပေးအရေးယူမည်ဆိုသည့်အချက်ကိုသာ ပို၍စိတ်ဝင်စားပါသည်။
            တရားဥပဒေဟူသည် မည်သူ့ကိုမဆို ချစ်ခြင်းမုန်းခြင်း၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာခွဲခြား မှု ကင်းရှင်းပြီး လွတ်လပ်မျှတစွာတရားစီရင်ရမည်သာဖြစ်သည်မဟုတ်ပါလော။
 တရားစီရင်ရေး၏ ရည်ရွယ်ချက်သည် ပြည်သူများ၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် မတော်မတရားမှုများကို နှိပ်ကွပ် ရန်ဖြစ်ပါသည်။ မိတ္တီလာမြို့နယ်တရားရုံး၏တရားစီရင်မှုသည် ယင်းအချက်ကိုချိုးဖောက်ထားပါသည်။ အညှိုးအတေးဖြင့် ပြစ်ဒဏ်စီရင် ကြောင်း ပေါ်လွင်နေပါသည်။
ဤပြစ်ဒဏ်စီရင်ချက်ကို တရားရုံးအဆင့်ဆင့်သို့ ဆက်လက်လျှောက်ထားအယူခံဝင်မည်ဆိုလျှင် ဤအမှုသည်စိတ်ဝင်စားဖွယ် ရာကောင်းလာပါလိမ့်မည်။ အထက်တရားရုံးအဆင့်ဆင့်၏ ပကတိအနေအထားကိုပြည်သူများအထင်အရှားမြင်တွေ့ရဖွယ်ရှိပါသည်။
 ထို့အပြင် ယနေ့တရားစီရင်ရေးမဏ္ဍိုင်၏ အသွင်အပြင်နှင့်လက္ခဏာကိုလည်း အတိုင်းအတာတစ်ခုအထိ အထင်အရှားမြင် တွေ့သိရှိနိုင်ပါလိမ့်မည်။ ပြည်သူများက “ ရန်ကုန်တွင်တရားရေးမဏ္ဍိုင်ပြိုလဲနေပြီး၊ မန္တလေးတွင် တရားရေးမဏ္ဍိုင်ပျက်စီးနေသည်” ဟု ပြောနေကြပါသည်။
ယေးလ်တက္ကသိုလ်စင်မြင့်၌ပြောကြားသော မိန့်ခွန်းတစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့မှာ လောလောဆယ် တရားရေးမဏ္ဍိုင်ဆိုတာ မရှိသေးဘူးဆိုတာ သိထားပေးကြပါ” ဟု နိုင်ငံတကာသို့ သတင်းစကား ပါးခဲ့ဖူးပါသည်။
တရားသောဥပဒေများပြဋ္ဌာန်းတည်ရှိနိုင်မှသာ တရားသောဥပဒေစိုးမိုးရေးသည် ပေါ်ပေါက်ရှင်သန်နိုင်ပါလိမ့်မည်။
ကာ/ချုပ်သည်လည်းကောင်း၊ စစ်တပ်သည်လည်းကောင်း ဥပဒေ၏ အောက်တွင် တကယ်တန်းတည်ရှိပြီး၊ ဥပဒေ၏စိုးမိုးမှုကို အပြည့်အဝ လိုက်နာနိုင်မှသာ တကယ့်တရားဥပဒေစိုးမိုးရေးသည် ရှင်သန်ကြီးထွားနိုင်ပါလိမ့်မည်။
 တရားဥပဒေစိုးမိုးရေးဆိုသည်မှာ တရားမျှတသောဥပဒေများစိုးမိုးရေးသာဖြစ်ပါသည်။ မတရားသည့်တည်ဆဲဥပဒေမှန်သမျှ ပယ်ဖျက်ရပါမည်။ယင်းတို့အထဲတွင် “၂၀၀၈ အခြေခံဥပဒေ” သည် အဓမ္မအတည်ပြုခဲ့သော မတရားသောဥပဒေတစ်ရပ်ပင်ဖြစ်ပါသည်။

ညွန်း
- မြန်မာနိုင်ငံရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာဥပဒေ)
- ဥပဒေရေးရာသိပ္ပံပညာ - ဥပဒေပါမောက္ခမောင်တင်အုံး၊ စပယ်ဦးစာပေ၊ ဒုတိယအကြိမ် ၁၉၈၄
- ဒီလှိုင်းစာစောင်၊ အတွဲ၁၊ အမှတ် ၃၈၊

Comments

Anonymous said…
မျှတတဲ့အမြင်၊ကြိုးကြောင်းဆီလျှော်တဲ့ အယူအဆရှိတဲ့ စာရေးသူ လိုလူ များများ ရှိပါစေ။