မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြည်ပ၏လှုံဆော်မှုများကို လက်မခံကြောင်း ထုတ်ပြန်
မိုးမခသတင်းကောက်နုတ်ချက်၊ မေ ၇၊ ၂၀၁၃
မေလ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ ကြေညာချက် ၃။၂၀၁၃ မှာ ပြည်ပကနေပြီး မြန်မာဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်ဖို့ လှုံဆော်နေမှုများကို လက်မခံကြောင်း၊ ၎င်းတို့နှင့် ဆက်စပ်မှု မရှိကြောင်း၊ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပါတယ်။အစွန်းရောက်သူတွေက အစ္စလာမ်ဘာသာဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း၊ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေက မိမိတို့ကို ကာကွယ်စောင့်ရှောက်ပေးကြောင်း၊ နိုင်ငံတော်က ပြန်လည် ထူထောင်ပေးရန်၊ ကာကွယ်ပေးရန်၊ ဖော်ထုတ်အရေးယူရန် လိုအပ်ကြောင်း ပန်ကြားလိုက်ပါတယ်။ အစ္စလာမ်အများစုနေထိုင်တဲ့ နိုင်ငံတွေကလည်း မြန်မာနိုင်ငံသား လူမျိုးဘာသာမရွေးကို လုံခြုံမှုပေးရန် ကာကွယ်ပေးရန် မေတ္တာရပ်ခံကြောင်း ပြောကြားလိုက်ပါတယ်။
၂၀၁၂ က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ဘာသာခြားအချင်းချင်း အရေးအခင်းများကစပြီး ၂၀၁၃ ခုနှစ်အတွင်းမှာ မြန်မာပြည်အနှံ့မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာမှာ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ မီးရှို့ဖျက်ဆီးခံရခြင်း၊ စီးပွားရေးလုပ်ငန်းများ လုယက်ဖျက်ဆီးခံရခြင်း၊ လူအများအပြား အကြမ်းဖက် တိုက်ခိုက်ခံရခြင်းတို့ ဖြစ်ပွားခဲ့ရပါတယ်။ ဧင်္ပြီ လကုန်ပိုင်းမှာ ထွက်ပေါ်လာတဲ့ အစိုးရဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အစီရင်ခံစာနောက်ပိုင်းမှာ ဘာသာရေး အရေးအခင်းများအပေါ် ထုတ်ဖော်ပြောဆိုမှု ဆွေးနွေးမှု သဘောထားတင်ပြမှုတွေ လူများအကြား ပေါ်ထွန်းလာပါတယ်။
Comments