ကယ်လီဖိုးနီးယားသွားဆရာဝန်အသင်းကြီး ဆန်ဟိုဇေးမှာ
အခမဲ့ဆေးကုမည်
SFBC Organizers မေ ၁၀၊ ၂၀၁၃
လာမယ့် မေ ၁၈၊ ၁၉ စနေ၊ တနင်္ဂနွေ အားလပ်ရက်
၂ ရက်မှာ ဆန်ဟိုဇေး၊ ကုန်စည်ပြပွဲခန်းမခဆောင်မှာ CDA လို့ ခေါ်တဲ့ ကယ်လီဖိုးနီးယားသွားဆရာဝန်များအသင်းကြီးကနေ
အခမဲ့သွားကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာ လူ
၁၀ သန်းလောက်ဟာ သွားကျန်းမာရေးအတွက် ကုသမှု မရရှိနိုင်ကြပါဘူး။ ၃ သန်းဟာ ချို့တဲ့သူတွေ၊
မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ပြီးတော့ ကယ်လီဖိုးနီးယား ကလေး ၃ ဦးမှာ
၁ ဦးက သွားကျန်းမာရေးနဲ့ အလှမ်းဝေးလျက်ရှိပါတယ်။ အဲသည်အတွက်ကြောင့် ပြည်နယ်လုံးဆိုင်ရာ
သွားဆရာဝန်အသင်းကြီးကနေပြီးတော့ အခမဲ့သွားကုသမှုတွေကို နှစ်စဉ် ဆောင်ရွက်ခဲ့ရာမှာ သည်နှစ်မှာတော့
ဆန်ဟိုဇေးမှာ အများပြည်သူအားလုံးကို လက်ခံကုသပေးမှာ ဖြစ်ပါတယ်။
ယခု CDA Cares ရဲ့ စေတနာဝန်ထမ်းကုသမှုဟာ
အမေရိကန်ဒေါ်လာ ၂.၈ သန်းဖိုး ရှိခဲ့ပြီး၊ လူနာပေါင်း ၃၆၇၆ ဦး၊ ကုသမှုပေါင်း ၁၇၂၈၈ မျိုးကို
စေတနာ့ဝန်ထမ်း လုပ်အားပေး ၂၉၀၁ ယောက်နဲ့ ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်အတွက်
CDA Cares San Jose ဆေးကုသမှုကို မြန်မာသွားဆရာဝန်တွေကလည်း သွားရောက် ဆေးပညာအလှူပြုကြမယ်လို့လည်း
သိရပါတယ်။ အဲသည်ထဲမှာ တဦးအပါအ၀င်ဖြစ်တဲ့ ဒေါက်တာမောင်မောင်သော်ကတော့ သူ့ဇနီးနှင့်အတူ
မေလ ၁၉ ရက်နေ့မှာ သွားပြီး လုပ်အားပေးဆောင်ရွက်မှာဖြစ်တဲ့အကြောင်း ပြောပြပါတယ်။
လူနည်းစုတွေဖြစ်တဲ့ အာရှသားတွေ၊ တောင်အမေရိကန်သားတွေ၊
အာဖရိကန်နွယ်ဖွားတွေ အများအပြားဟာလည်း သွားကျန်းမာရေး စစ်ဆေးဖို့ အခက်အခဲအမျိုးမျိုး
ရှိနေပါတယ်။ မြန်မာလူမျိုးတွေမှာလည်း အဲသည်လို အခက်အခဲရှိတာကြောင့် လွန်ခဲ့တဲ့ ၂ လခန့်က
SFBC ဆန်ဖရန်ဘေးဧရိယာ မြန်မာကွန်မြူနီတီ Organizers & Friends ကနေ Dixon Landing သွားဆေးခန်းမှာ မြန်မာသွားဆရာဝန် ၂ ဦးဖြစ်တဲ့ ဒေါက်တာမောင်မောင်သော်နဲ့ ဒေါက်တာလှမြိုင်တို့
၂ ဦးရဲ့ အကူအညီနဲ့ အခမဲ့ ဆေးကုသမှုကို ပြုလုပ်ပေးခဲ့ရာမှာ လူနာ ၂၀ ခန့်ကို သွားကျန်းမာရေးစောင့်ရှောက်မှု
ပြုနိုင်ခဲ့ပါတယ်။
သည်တခေါက် CDA ရဲ့ အစီအစဉ်မှာ သွားကျန်းမာရေးကုသမှု
လိုအပ်နေသူတွေ အခမဲ့စစ်ဆေးခွင့်ရမှာမို့ ကယ်လီဖိုးနီးယားမှာ နေထိုင်သူ လိုအပ်နေသူတွေ
အားလုံးကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ပိုပြီး ဆရာဝန်တွေ အများကြီး၊ လုပ်အားပေးတွေ၊
ကိရိယာတွေ၊ ဆေးပစ္စည်းတွေ အများကြီးနဲ့ ဆောင်ရွက်ပေးနိုင်မှာဖြစ်တဲ့အတွက် အကောင်းဆုံး
အခွင့်အရေးကြုံကြိုက်မှုပါပဲလို့ လုပ်အားပေးဆရာဝန် ဒေါက်တာမောင်မောင်သော်က ပြောပြပါတယ်။
https://www.facebook.com/cdacares
https://www.facebook.com/cdacares
Comments