Interview with Ko Ko Gyi - US Tour, half way stop, Fort Wayne

အမေရိကန်ခရီး ဖို့ဝိန်းမြို့၊ လမ်းခုလတ်မှာ ၈၈မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးနဲ့ မေးခွန်းတိုထွာ
မိုးမခ၊ မေ ၂၉ ၊ ၂၀၁၃
မေ ၂၈၊ အင်္ဂါနေ့နေ့ခင်း၊ ဖို့ဝိန်းမြို့တော်မှာ ရောက်ရှိနေတဲ့ ၈၈မျိုးဆက် ခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ကို ဖုန်းဆက်စကားပြောဆိုခွင့်ရရှိခဲ့ပါတယ်။ ၈၈ မျိုးဆက်တို့ရဲ့ အမေရိကန်ခရီးစဉ်တလျောက်လုံး အဆင်ပြောချောမွေ့အောင် စီစဉ်ဆောင်ရွက်နေသူ အိမ်ခံဖြစ်တဲ့သူတို့ရဲ့ မိတ်ဆွေ ကိုအောင်ဒင်က သူ့ရဲဘော်တွေရဲ့ တွေ့ဆုံပွဲအစီအစဉ်တွေ အစစအဆင်ပြေဖို့အတွက် အာရုံစိုက်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ကိုမင်းကိုနိုင်က ခေတ္တအနားယူနေချိန်ဖြစ်လို့ ရရှိတဲ့အချိန်တိုအတွင်းမှာ (ကို)ကိုကိုကြီးကို မေးခွန်းအနည်းငယ် မေးမြန်းခွင့်ရရှိခဲ့ပါတယ်။

မေး။     ။ ဘယ်လိုလဲ၊ အတော်ကို ခရီးပမ်းနေပြီထင်တယ်။ ၃ ရက် ဆက်တိုက် မြို့ ၃ မြို့၊ အခု ဖို့ဝိန်းဆိုတာကလည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ မျိုးဆက်တွေ၊ တိုင်းရင်းသားတွေ မိသားစုတွေ တစုတည်းတည်း နေထိုင်ကြတဲ့ မြို့တော်ဆိုတော့ အတွေ့အကြုံဘယ်လိုရှိသလဲဗျာ။
ဖြေ။     ။ ကောင်းပါတယ်။ ပင်ပန်းတာလည်း ပမ်းတာပေါ့။ မနေ့ကတွေ့ဆုံပွဲမှာ အင်အားတွေ ၄၀၀ လောက် လာကြတယ်။ ရပ်နီးရပ်ဝေးကနေ တကူးတက လာကြတာဗျာ။ မေးခွန်းတွေကလည်း အမျိုးအမျိုး အစုံစုံပဲ။

မေး။     ။ မျိုးဆက်သစ်တွေနဲ့ တွေ့ရဆုံရ ဆွေးနွေးကြရတယ်လို့ ကြားတယ်ဗျ။
ဖြေ။     ။ ဟုတ်တယ်။ ဟိုက်စကူးကျောင်းသားတွေ၊ ကောလိပ်ကျောင်းသားတွေနဲ့ တွေ့ရဆုံရတာ အားရစရာကောင်းတယ်။ သူတို့ပညာရေးအတွေ့အကြုံတွေ ရှိတာနဲ့ မြန်မာပြည်အတွက် ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကို တက်တက်ကြွကြွ မေးမြန်းကြတယ်။ ပြောကြဆိုကြတယ်။

မေး။     ။ ၈၈ အရေးတော်ပုံမှာ ဖြတ်သန်းခဲ့ကြတဲ့ မိတ်ဆွေဟောင်းတွေရော၊ မိတ်ဆွေသစ်တွေနဲ့ပါ တွေ့ ဆုံကြရတာ ဘယ်လိုနေလဲဗျ။ တော်တော်ရော မေးကြမြန်းကြ ပြောကြဆိုကြဖြစ်ကြတယ် မဟုတ်လား။
ဖြေ။     ။ အေးဗျာ။ အားလုံး စုံစုံလင်လင်ပဲ ဆိုကြပါစို့။ အဓိကကတော့ လက်ရှိအခြေအနေ အပြောင်းအလဲတွေ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ရှိတာပေါ့။

မေး။     ။ ဘယ်လိုမျိုး မေးခွန်းထုတ်စရာတွေရှိတာလဲ။ အခုလက်ရှိ အပြောင်းအလဲတွေဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေအပေါ်လား၊ လူတွေအပေါ်မှာလား။ လက်ရှိစနစ်ပေါ်မှာလား။ ဘယ်ဟာတွေကို အဓိက မေးကြတာလဲ။
ဖြေ။     ။ အခုအချိန်မှာ အကြောင်းအမျိုးမျိုး အခြေအနေအမျိုးမျိုးနဲ့ မြန်မာပြည်ကို မပြန်နိုင်သေးတဲ့၊ မပြန်သေးတဲ့ မြန်မာမိသားစုတွေ တိုင်းရင်းသားတွေ အများကြီး ရှိတယ်။ အပေါ်ကလူတွေက ဘယ်လိုမျိုး အပြောင်းအလဲတွေ လုပ်နေပေမယ့် အောက်ခြေကလူတွေ၊ အလယ်ကလူတွေက ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာကြဖို့ လိုအပ်နေသေးတယ်။ သံသယတွေကတော့ အများကြီးပဲပေါ့။ ပြုပြင်ချင်သူတွေ ရှိတယ်။ မပြောင်းလဲချင်သူတွေ ရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲတို့၊ အခြေခံဥပဒေတို့၊ နောက်ပြန်လှည့်မှာတို့ စတဲ့ မေးခွန်းတွေ ရှိတယ်။

မေး။     ။ မိတ်ဆွေဟောင်းတွေ၊ ရဲဘော်ဟောင်းတွေအပြင် မျိုးဆက်သစ်တွေ၊ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံရတဲ့ဆီမှာကော ဘယ်လိုမျိုး တွေ့ရ ကြားရတာ ရှိသလဲဗျ။
ဖြေ။     ။ တချို့တွေ့ရတဲ့ မိတ်ဆွေသစ်တွေအနေနဲ့က အရင်တုန်းက တွန့်ဆုတ်ခဲ့တာမျိုးတွေ ရှိခဲ့ပေမယ့် အခုချိန်မှာ စိတ်အားထက်သန်လာကြတယ်။ စိတ်ဝင်စားမှုတွေ ရှိလာကြတယ်။

မေး။     ။ ဒါဆိုရင် ၈၈ မျိုးဆက်တွေအနေနဲ့ ပြည်တွင်းပြည်ပမှာ မိတ်ဆွေတွေ ပြန်တွေ့ကြတယ်၊ တိုးလာတယ်။ ဘယ်လိုမျိုး လက်တွဲပြီး ရှေ့ဆက်ပြီး လုပ်ကြမလဲ။ အဖွဲ့အစည်းတွေ၊ ကိုယ်စားလှယ်တွေ၊ ဘယ်လိုမျိုး ဖွဲ့စည်းတာမျိုးတွေ လုပ်မှာလဲ။
ဖြေ။     ။ ခုချိန်မှာက ကိုယ်စားလှယ်တွေ၊ အချိုးအစား (quota)တွေနဲ့ ချည်းကပ်တာထက်၊ formal မဟုတ်တဲ့ ထောင့်ပေါင်းစုံ၊ တူရာ သန်ရာ အဆင့်ပေါင်းစုံမှာ ချိတ်ဆက်ပြီး တွဲပြီး လုပ်ကိုင်ကြတာမျိုးက ပိုကောင်းမယ် ထင်ပါတယ်။ ဟိုးတုန်းကလိုမျိုး တပ်ပေါင်းစုတွေ ဘာတွေ ဖွဲ့တာမျိုးထက် တူတာကို တွဲလုပ်ကြဖို့ network ပုံစံ ချိတ်ဆက်ကြတာမျိုး ဖြစ်မယ် ထင်ပါတယ်။ တူတာတွေ တွဲပြီး လုပ်ကြမယ်။ ပေါင်းပြီး လုပ်ကြမယ်။ ပညာရေးသန်တဲ့သူကလည်း ပညာရေးသန်တဲ့အတွဲ၊ အုပ်ချုပ်ရေး သန်တဲ့သူကလည်း အုပ်ချုပ်ရေးအတွဲ စုပြီး လုပ်ကြရမယ်။ သမာရိုးကျ မဟုတ်တော့ဘူးပေါ့ဗျာ။ မော်ဒန်တောင်မှ ပို့စ်မော်ဒန် စုဖွဲ့မှုဖြစ်နေပြီလို့ ပြောရမလားပဲ။ (ရယ်လျက်)

မေး။     ။ ဒါပေမယ့် ကျနော်တို့ဆီမှာကော ပြည်တွင်းမှာပါ သံသယတွေ၊ တဦးနဲ့တဦး မယုံကြည်တာတွေ၊ ပတ်ဝန်းကျင်မှာ ကွာဟနေတာတွေ အများကြီးရှိနေတယ် မဟုတ်လား။ နှစ်ပေါင်းများစွာ မိသားစုတွေ၊ သားသမီးတွေနဲ့ ကွဲကွာပြီးတော့ စစ်အာဏာရှင်တွေရဲ့ ချုပ်နှောင်မှုအောက်မှာ နေ့တဓူဝ စိန်ခေါ်ပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ရသူတွေအပေါ်မှာတောင် ခုချိန်မှာ ဒီမိုကရေစီရေးအတွက် ပြပြင်ပြောင်းလဲမှုလုပ်ကိုင်နေချိန်မှာ ပြောကြဆိုကြတာတွေ ရှိနေတယ် မဟုတ်လား။
ဖြေ။     ။ ဒါကတော့ ဒီလိုပါပဲ။ အခုအချိန်မှာ ကျနော်တို့တွေ အားလုံး ပြန်လည် စုဖွဲ့နေကြတဲ့ ကာလဖြစ်ပါတယ်။ ပိတ်ဆို့ထားခဲ့တုန်းကလည်း ပြသနာတွေ ရှိခဲ့တာပဲ။ ပိတ်ဆို့ထားတဲ့အလျောက် အချင်းချင်းထဲမှာလည်း ပြောစရာ ဆိုစရာတွေ ဖြစ်ခဲ့ကြတယ်။ အခုကျတော့လည်း ဖွင့်ထားတဲ့အလျောက်၊ ပွင့်လင်းလာတဲ့အလျောက် ပြောကြ ဆိုကြတာတွေလည်း ပေါ်လာပြန်တာပဲ။ ဒီလိုကွဲပြားမှုတွေကို ကျနော်တို့ ရအောင် ကျော်လွှားရမှာပဲ။

မေး။     ။ ဘယ်လိုမျိုး အကြံပေးခဲ့တာမျိုးတွေ ရှိလဲ။ မိတ်ဆွေဟောင်း မိတ်ဆွေသစ်တွေအပေါ်မှာ။ ဖြတ်သန်းခဲ့ကြတဲ့ မတူညီတဲ့ အခြေအနေ အတွေ့အကြုံ အတွေးအမြင်တွေအပေါ်မှာ …
ဖြေ။     ။ network  တွေ ဖွဲ့ကြရမယ်။ နောက်ပြီး စာရေးနိုင်တဲ့သူတွေက စာရေးကြဖို့၊ မှတ်တမ်းတွေ ထုတ်ဖော်ဖို့။ ကျနော်တို့တတွေနဲ့ ဆက်သွယ်ကြဖို့၊ အီးမေးနဲ့ပဲ ဖြစ်ဖြစ်။ ကွဲပြားတာက ပြသနာမဟုတ်ပါဘူး။ မတူတာကလည်း ကိစ္စမရှိပါဘူး။ အဖွဲ့တွေ မတူတာကလည်း အရေးမကြီးပါဘူး။ အဲသည်ကြားထဲကနေ ကျနော်တို့တတွေ အလုပ်လုပ်နိုင်ကြဖို့ပဲ။ ပြန်စဉ်းစားကြည့်လိုက်ရင် လွန်ခဲ့တဲ့ ၈၈ အရေးတော်ပုံတုန်းက ကျနော်တို့တွေပဲ အော်ခဲ့ကြတာမဟုတ်လား။ ညီညွတ်ကြပါတို့၊ စည်းကမ်းရှိပါတို့ ကျနော်တို့ အော်ခဲ့ကြတာပဲ။

မေး။     ။ ဟုတ်ကဲ့ပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ နက်ဖြန် ဗုဒ္ဓဟူးနေ့ ဆန်ဖရန်လေဆိပ်မှာ ကိုကိုကြီးတို့ မင်းကိုနိုင်တို့ကို လာရောက် ကြိုဆိုနေပါ့မယ်။ တွေ့ကြသေးတာပါ့။
ဖြေ။     ။ ကောင်းပါပြီ။

Comments