Junior Win - Ultraviolet and Me


အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်များနှင့်ကျွန်မ
ဂျူနီယာဝင်း၊ မေ ၁၊ ၂၀၁၃
(ဒီလောက်တောင်ပူပြင်းတဲ့ နေရောင်အောက်မှာ ထီးမဆောင်း မျက်မှန်မကာပဲ လျောက်နေတဲ့ ကျွန်မကို သူတို့က ၀ိုင်းဆူလိုက်ကြတာ။)
ဒီမှာရာသီဥတုက အလွန်ပူအိုက်တယ်။ ပြီးတော့ မိုးလေ၀သကြေငြာချက်ကလည်း ကျွန်မတို့ကို စိတ်ညစ်စေရတယ်။ နေရောင်အောက်ထွက်ရင် သတိထားရမတဲ့။ အာလ်ထရာဗိုင်းအိုးလက် ရောင်ခြည် ဆိုလား။ အခု တော်တော်မြင့်နေတယ်ဆိုပဲ… ဟုတ်ပါတယ်။ ကျွန်မသိပါတယ်။ ဒါကြောင့် အဲသည်ရောင်ခြည်ကို အန္တရယ်ရှိတဲ့ရောင်ခြည်လို့ ခေါ်တယ်။ နေ့လည်၁၁နာရီနဲ့ ၂နာရီကြားက အဆိုးဆုံးပဲ တဲ့။ ကျွန်မသိသလောက် ပြောရရင် သဘာဝတရားကြီးက ကျွန်မတို့ကို အိုဇုန်းအလွှာက ကာကွယ်ပေးထားတယ်။ ဒါပေမယ့် အဲသည်အလွှာကလည်း တဖြေးဖြေးပါးလာပြီ။ အဆိပ်ငွေ့တွေ ထုတ်လွှတ်တာတွေကလည်း များလာတာကိုး။ ဒီတော့ အာလ်ထွာဗိုင်းအိုးလက်ရောင်ခြည်က အခုဆို လူတွေနဲ့ တိုက်ရိုက်ထိတွေ့လာပြီပေါ့။
ကျွန်မတို့တိုင်းပြည်အတွက်တော့ ဒီလက အပူဆုံးလ။ သည်တော့ အပြင်ထွက်ရင် ပိုသတိထားရတော့မယ်။ အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်ခေါ် ယူဗီရောင်ခြည်ကြောင့် ဖြစ်တဲ့အရေပြားကင်ဆာတို့ အမြင်ချို့ယွင်းတာတို့ကို ရှောင်ရှားဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားရမယ်။ ယူဗိအမှတ်တမ်းအရတော့ ၈၊ ၉၊ ၁၀ ဆိုရင် အရည်ပြားနဲ့ မျက်စိအန္တရယ်ရှိတယ်။ ၁၃နဲ့ ၁၄ ဆိုရင် ကိုယ်ခန္တာအန္တရယ်ရှိတယ်။ အခုဒီတိုင်းပြည်မှာတော့ ယူဗီရောင်ခြည်က ၁၃နဲ့ အထက်လို့ ဆိုတယ်။ သည်တော့ ဒါက နေလောင်ခြင်းနဲ့ ကျမ်းမာရေးကို ခြိမ်းခြောက်နေတယ်ပေါ့။
မနက်၁၀နာရီ မထိုးခင် ဈေးသွားတော့ ၁၁နာရီ မထိုးခင် အိမ်ပြန်သင့်တယ်လို့တော့ တွေးမိတယ်။ ဟုတ်တယ်လေ။ အာလ်ထရာဗိုင်းအိုလက်ရောင်ခြည်က အန္တရယ်ရှိတယ်။ သည်တော့ နေ့ခင်းအချိန်ဆို ပိုပြီး ရှောင်ရမယ်။ သို့သော် ကံဆိုးချင်တော့ ဈေးဝယ်တာကလည်း အချိန်ကိုက်မပြီးဘူး။ လူတွေကတော့  သွားလာလှူပ်ရှားနေဆဲပါပဲ။ သူတို့ကြည့်ရတာ အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်ကို မကြောက်ကြသလိုပဲ။
တက်စီဒရိုင်ဘာတွေလည်း အရိပ်မှာ ပါဆင်ဂျာကို စောင့်ဆိုင်းနေကြတာတွေ့တယ်။ သူတို့ရဲ့ယာဉ်တွေကတော့ နေပူထဲမှာ ရပ်ထားတယ်။ နာရီကိုငုံ့ကြည့်လိုက်တော့ ၁၁နာရီခွဲ ပါပေါ့။ ဘတ်စ်ကားတွေလည်း လူအပြည့်။ လူတွေကလည်း နေရောင်အောက်မှာ အလုပ်များနေလိုက်ကြတာ။ သစ်သီးရောင်းတဲ့သူတွေလည်း အေးအေးဆေးဆေး အရောင်းမပျက်ဘူး။ အစစအရာရာ ပုံမှန်။ လွန်ခဲ့တဲ့လအနည်းငယ်လောက်က သစ်ပင်တွေအများကြီး တံတားတွေဆောက်လို့ ခုတ်ပစ်လိုက်ရတာ မှတ်မိတယ်။ ဒါကြောင့်လည်း လေတွေလည်း မအေးတော့ဘူး။
“အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်သည် ယခုအခါ အလွန်မြင့်မားသောအဆင့်တွင် ရှိနေသည်…. ထို့ကြောင့် အလွန်အန္တရယ်ရှိသည်….. ယူဗီရောင်ခြည်သည် နေ့လည်ခင်းတွင် အမြင့်ဆုံးဖြစ်သည်… ထို့ကြောင့် အပြင်ထွက်သောလူများအနေနှင့် ၁၁နာရီနှင့်၂နာရီကြားမှာ……“ ကျွန်မနားထဲမှာ ကြားနေသည်။
အခုမနက်အပြင်ထွက်တော့ ကျွန်မလည်းကြောက်တာပေါ့။ ဒါကြောင့် ၁၁ နာရီမထိုးခင် အိမ်ပြန်သင့်တယ်လို့ တွေးထားတာ။ ဒါပေမယ့် အခုကျွန်မက သည်နေ့လည်ခင်းမှာ အပြင်မှာပဲ ရှိသေးတယ်။ လူတွေလည်း အလုပ်များနေဆဲပဲ။ သူတို့က ထူထဲတဲ့အ၀တ်တွေလည်း ၀တ်မထားဘူး။ နေကာမျက်မှန်လည်း တပ်မထားကြဘူး။ ထီးနဲ့လည်း မကာကွယ်ထားဘူး။ ကျွန်မတစ်ဦးတည်း… အောက်ခံတီရှပ်ပါးပါးလေးပေါ်မှာ အကျီလက်ရှည်ကြီး ထပ်ဝတ်ထားလို့၊ နေကာမျက်မှန်နဲ့၊ ထီးနဲ့။
ဒီလိုနဲ့ တက်စီငှားပြီး အိမ်ပြန်တယ်။ တက်စ်ီဒရိုင်ဘာက ဘာအကျီအထူမှလည်း ၀တ်မထား၊ နေကာမျက်မှန်လည်း တပ်မထားဘူး။ ကျွန်မအပေါ်က ထပ်ဝတ်ထားတဲ့ အကျီလက်ရှည်က ကျွန်မကိုပိုပြီး ပူအိုက် ချွေးထွက်စေတယ်။ အပေါ်အကျီကို ချွှတ်ပစ်လိုက်တော့မှပဲ အတွင်းကတီရှပ်ပါးလေးနဲ့ နေလို့ တော်တော်ကောင်းသွားတယ်။ အိမ်ပေါက်ဝရောက်တော့ တက်စီပေါ်ကဆင်း။ ခြံထဲကိုလှမ်းကြည့်လိုက်တော့ ခြစ်ခြစ်တောက်ပူနေတဲ့ နေအောက်မှာ၊ ဘာအရိပ်မှလည်း မရှိ။ ကျွန်မက ခြံထဲကို ဘာထီးမှလည်း မဆောင်း၊ နေကာမျက်မှန်လည်း မတပ်တော့ဘဲ ၀င်သွားလိုက်တော့တယ်။ အိမ်ထဲလူကြီးတွေက ကျွန်မကိုတွေ့တော့ လှမ်းအော်လိုက်ကြတာ။
ဒီလောက်တောင် ပူပြင်းတဲ့နေရောင်အောက်မှာ ထီးမဆောင်း မျက်မှန်မကာပဲ လျောက်နေတဲ့ကျွန်မကို ၀ိုင်းဆူလိုက်ကြတာ။
…“အာလ်ထရာဗိုင်းအိုလက်ရောင်ခြည်က အန္တရယ်ရှိတယ်။ သည်တော့ နေ့ခင်းအချိန်မှာ အပြင်ထွက်ရင် ထီးဆောင်းပါ။ နေကာမျက်မှန် တပ်ထားပါ… မဟုတ်ရင်တော့ အရေပြားကင်ဆာတို့ အမြင်အာရုံ ထိခိုက်တာတို့……”
ကျွန်မကပြုံုးလိုက်မိတယ်။ သူတို့ကို နောက်မှပဲရှင်းပြတော့မယ်လေ။
 (Photo Credit - http://www.spexexpressions.com/2011/07/13/its-national-uv-awareness-month/)



Comments