Kyaw Thu - FFSS Yangon Activity,

ရေ … ပေးပါ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မေ ၇၊ ၂၀၁၃

 

ကျွန်မတို့၏ ဘဝနေထိုင်မှုတွင်ရေသည် မည်မျှအရေးပါ တန်ဖိုးကြီးသည်ကို အများပြည်သူတို့ သိရှိ ကြပါသည်။ တန်းဖိုးကြီးသော အရာမှန်သမျှသည် ရှားပါးသည်။ ရှားပါးလွန်းတာကြောင့် တန်ဖိုးကြီးသည်။ ထို့ကြောင့် ရွှေသည် တန်ဖိုးကြီးရခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ နေရာ၊ ဒေသတိုင်းမှာ မရနိုင်လို့ပါ။ ထိုနည်းတူ ရေသည်လည်း တန်ဖိုးကြီးသည်။ နေရာတိုင်းတွင် မရနိုင်လို့ဟုဆိုရမည်။ ရွှေကို … ပေးပါဟု ဆိုလျှင် တစ်ဦးမှ မပေးနိုင်။ သို့သော် ရေ … ပေးပါဟုဆိုလျှင် ပေးကြမည့်လူများရှိပါသည်။ ရွှေမရှိလျှင် နေလို့ရသည်။ ရွှေရှိနေလျှင်ပင် အန္တရာယ်ရှိနိုင်သည်။ ရေမရှိလျှင် ဘာဖြစ်မည်နည်း။ ရေသည်ခန္ဓာကိုယ် ကို အဓိကအားဖြင့် ရေတွေနဲ့ တည်ဆောက်ထားပြီး အဆစ်နဲ့ အရေပြားလုပ်ငန်းလုပ်ဆောင်မှု၊ အစာ ကြေညှက်စေမှု၊ စွန့်ပစ်ပစ္စည်း စွန့်ထုတ်မှု၊ ကြွက်သားနဲ့ နာ့ဗ်ကြောဆိုင်ရာ လုပ်ငန်းလုပ်ဆောင်တာ လုပ်ဆောင်မှု စသည့်ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို မလုပ်ဆောင်နိုင်တော့ဘဲ ခန္ဓာကိုယ်ချုပ်ငြိမ်း (die) သွားနိုင်သည်။ ထိုအချက်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)အနေနှင့် တစိတ်တစ်ဒေသမဟုတ် အဓိက ပင်မအချက်နှင့် သွားရောက်ထိတွေ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေ … ပေးပါ ရွှေကိုမလို … ရေကိုသာလိုသည့် အရပ်ဒေသများသို့ မဆိုင်းမတွသွားရောက်ကာ သောက်/သုံးရေများ ပေးဝေ လှူဒါန်းခဲ့တော့သည်။

 


၂.၅.၂ဝ၁၃ ရက်နေ့မှစတင်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ ဦး ဆောင်၍ အသင်းသား/သူများတို့နှင့်အတူ ရေသယ်ယာဉ်ကြီးဖြင့် သုံးခွမြို့နယ်ရှိ ကဝ၊ မှို့ကုန်းသာ၊ အောင်သာဒါန်း၊ သုံးပေါက်ချွန်း အစရှိသည့် ကျေးရွာများရှိ အိမ်ခြေ (၂ဝဝ) ခန့်အား တစ်ဦးလျှင် ရေထမ်း (၂) ထမ်းနှုန်းဖြင့် ပေးဝေလှူဒါန်းခဲ့ပြီး ၅.၅.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ရေသယ် ယာဉ်နှင့်အတူ မြောက်ဥက္ကလာပမြို့နယ်၊ ဆ-ရပ်ကွက်၊ မေဓါဝီလမ်းနေ ကိုကျော်ကျော်ထက်နှင့် ကိုအောင် ထက် (မိသားစု)တို့မှ ၄င်းတို့ ကွန်တိန်နာမော်တော်ယာဉ်ဖြင့် ရေများတင်ဆောင်ပြီး ရေယာဉ် (၂) စီးဖြင့် အိမ်ခြေ (၁ဝဝ) နီးပါးခန့်ရှိသော ပဲခူးတိုင်း၊ ကဝမြို့နယ်အပိုင် အောင်သာယာတဲစု/တန်းသို့ သွားရောက်ပြီး တစ်ဦးလျှင် ရေထမ်း (၂) ထမ်းနှုန်းဖြင့် ရေပေးဝေခဲ့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/ သူများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်ရှိ (င/သန္တာ) နာရေးကူညီမှုအသင်း၏ လူမှုရေးသမားများတို့မှ ရေအလှူတွင်လိုက်ပါ၍ လုပ်အားဒါနပြုခဲ့ကြသည်။ ကဝမြို့နယ်အပိုင် အောင်သာယာတဲစု/တန်းသည် ခရမ်းမြို့နှင့် (၁၅) မိုင်ကွာဝေးပြီး ခရမ်းမြို့နယ်အပိုင်ထဲရှိ ရေကျော်ရွာနှင့် ကံကောင်းရွာ အိမ်ခြေ (၃၇ဝ) ကျော်ခန့်အား တစ်ဦးလျှင် ရေထမ်း (၂) ထမ်းနှုန်းဖြင့် သောက်/သုံးရေများ လှူဒါန်းပေးခဲ့သည်။


 

ယင်းကျေးရွာများသည် ပင်လယ်နားနှင့်နီးသော်လည်း ရေချိုကောင်းကောင်း မထွက်ရှိခြင်း၊ အသုံး ပြုလျှက်ရှိသည့် ရေတွင်း၊ ရေကန်များမှာသည် ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် ရေခန်းခြောက်ခြင်း၊ ရေတွင်း တူးလျှင် ရေငံများသာထွက်ရှိခြင်း၊ မိုးရွာသွန်းမှုမရှိခြင်းတို့ကြောင့် သောက်ရေပင်မဆိုထားနှင့် သုံးရေပင် မရှိသည့်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ၄င်းကျေးရွာသူ/သားများတို့သည် တံငါလုပ်ငန်းအား အဓိကလုပ်ကိုင် ခြင်းနှင့် လယ်ယာလုပ်ငန်း၊ ကျဘမ်းလုပ်ငန်းတို့ဖြင့် အသက်မွေးကြသည်။ တံငါအလုပ်သည် မြစ်ကမ်းနား တိမ်ကောလာသဖြင့် တံငါလုပ်ခြင်းမှာမတွင်ကျယ်၊ လယ်ယာလုပ်ရန်အတွက်လည်း ရေချိုမရှိ ရေငံနှင့်သာ နေထိုင်ရသဖြင့် စိုက်ပျိုးရေးလည်း မတွင်ကျယ်သဖြင့် အဓိကလုပ်ငန်းများ ရပ်နားထားကြရသည်။ 

လုပ်ငန်းများပျက်ပြားသည့် အရေးထက် ရေမရှိသောအရေးသည် အဓိကကျနေသည်။ ထို့ကြောင့် ငွေကိုမလို ရေကိုသာလိုသော ရွာသူ/သားအပေါင်းတို့အား ရေလှူဒါန်းရခြင်းအတွက် အလွန်ပင်မွန်မြတ်ပြီး အများပြည်သူအတွက် အများပြည်သူကောင်းမှု အလှူကြောင့်ပင်ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Comments