မေ ၂၂၊ ဗြိတိန်၊ ၀ူးလ်ဝခ်ျမှာ စစ်သားတဦး အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ သတ္တိခဲအမျိုးသမီး ရင်ဆိုင်ပုံ
နိုင်ငံတကာသာဂိ၊ မေ ၂၄၊ ၂၀၁၃
မေလ ၂၂၊ ဗြိတိန်နိုင်ငံ၊ ၀ူးလ်ဝခ်ျမြို့ကလေးမှာ အရပ်ဝတ်နဲ့ စစ်သားတဦးကို ဒေသခံ၊ အာဖရိကန်လူမျိုး ၂ ဦးက ကားနဲ့တိုက်၊ လမ်းပေါ်မှာ လူမြင်ကွင်းရှေ့ ဓါးတွေ၊ လက်နက်တွေနဲ့ ခုတ်ပြီး သတ်ဖြတ်၊ ပြီးတော့ ရဲတွေ မရောက်မချင်း အစွန်းရောက်တဲ့ အကြမ်းဖက်တရား ဟောပြောမှုတွေ ကျုးလွန်ခဲ့တယ်။ ရဲတွေက မိနစ် ၂၀ ကျော်မှ ရောက်လာပြီး သူတို့ကို သေနတ်နဲ့ ပစ်ပြီး ဖမ်းလိုက်ရတယ်တဲ့။ လူမြင်ကွင်းမှာ လူတွေက လူသတ်ပွဲမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်ကြရတယ်။ တယ်လီဖုံးဗီဒီယိုတောင် တင်လိုက်ကြသေးတယ်။ လူတွေက ရပ်ကြည့်နေတယ်။ အကြမ်းဖက်သမား ၂ဦးက သွေးသံရဲရဲလက်တွေနဲ့ လမ်းမပေါ် လမ်းသလားပြီး သူတို့တွေရဲ့ ကျုးလွန်မှုကို ထုတ်ဖော် ပြောဆို အော်ဟစ်နေကြတယ်။ အဲသည်မှာ သူတို့ ၂ ဦးရဲ့ မင်းမဲ့စရိုက် အကြမ်းဖက် လူသတ်မှုကို မျက်နှာချင်းဆိုင်ရင်ဆိုင်ခဲ့တဲ့ သတ္တိခဲအမျိုးသမီးတဦးရဲ့ သတင်းဟာ မီဒီယာတွေမှာ ထင်ရှားသွားတယ်။ အဲသည်မှာ ပြောစရာတွေ သိစရာတွေ ဖြစ်လာတယ်။
ဒါကို အင်တာနက်သတင်းစာဖြစ်တဲ့ The DailyBeast 23rd May edition, The Lady and The Butchers (အမျိုးသမီးနဲ့ သားသတ်သမား) by Christopher Dickey က ရေးထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ကွန်းဝေါအရပ်က အသက် ၄၈ နှစ်အရွယ်၊ ကလေးကင်းထောက်အသင်းခေါင်းဆောင် မိန်းမတယောက်ရဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ဖြေရှင်းလိုက်တယ်။ သူဟာ သူရဲကောင်းမတဦးပဲ။ (သတ္တိခဲမလို့ဘာသာပြန်ရမယ် ထင်တယ်)။ သူ့နံမယ်က Ingrid Loyau-Kennett ဖြစ်တယ်။
သူက လန်ဒန်တောင်ပိုင်းက ၀ူးလ်ဝခ်ျအရပ်ကို အသွား၊ ဘတ်စ်ကားပေါ်က အဆင်း၊ လမ်းမှာ လူတဦး လဲနေတာတွေ့လို့ ရှေးဦးသူနာပြုဖို့ အပြေးသွားခဲ့တယ်။ ဟိုက လူက သေနေပြီ။ အဲသည်မှာ လူသတ်သမားတွေကို တွေ့တယ်။ ဘေးနားမှာ ဒါးတွေ၊ ပုဆိန်တွေ ကိုင်ပြီးတော့၊ တယောက်လက်ထဲမှာ သေနတ်လည်း ပါတယ် ပြောတယ်။ သူတို့လက်တွေမှာ သွေးတွေ ပေကျံလို့။ အင်းဂရစ်က တခါတည်း ထွက်ပြေးရောတဲ့လား။ ဝေးပါသေးရဲ့။ သူက လူသတ်သမားတဦးကို ထိပ်တိုက် ရင်ဆိုင်ခဲတယ်။
နောက်ထပ်လူတွေကို ရန်ရှာတာတွေ သတ်ဖြတ်တာတွေ လုပ်ကုန်မှာစိုးလို့ သူတို့နဲ့ စကားပြောဖို့ ကြိုးစားတာလို့ အင်းဂရစ်က ဒေးလီတယ်လီဂရပ်ဖ်သတင်းစာအင်တာဗျုးမှာ ဖြေခဲ့တယ်။ ဒီလိုလူမျိုးတွေမှာ ပေးစရာ မက်ဆိခ်ျ သတင်းစကားတခုခု ရှိရမယ်။ အကြောင်းရှိရမယ်။ ဘာပြောစရာရှိလဲလို့ ကျမက မေးလိုက်တယ်လို့ သူက ပြောပါတယ်။
သူတို့က အာဖရိကားမှာ၊ အာဖဂန်မှာ၊ ပါကစ္စတန်မှာ ရဲဘော်မူဆလင်တွေ အသတ်ခံနေရတယ်။ ဗြိတိန်စစ်သားတွေက သတ်နေတယ်။ ဒါကြောင့် သူတို့က လန်ဒန်မှာ လက်တုန့်ပြန်တဲ့ လက်စားခြေတဲ့ လူသတ်မှု အကြမ်းဖက်မှုကို ကျုးလွန်တာဖြစ်တယ်လို့ ဘေးပတ်ဝန်းကျင်ကလူတွေကို ဟစ်အော်ပြောဆိုနေတာ ဖြစ်တယ်။
အင်းဂရစ်က အဲသည်လို ရင်ဆိုင်နေချိန်မှာ အခြားအမျိုးသမီးတွေက သေဆုံးနေတဲ့ စစ်သားကို ကာကွယ်ဖုံးဖိပေးနေကြတယ်။ လမ်းဘေးက လူတဦးက အဲသည်အကြမ်းဖက်သမားပြောနေတာကို ဗီဒီယိုရုပ်သံအဖြစ် ဖုန်းနဲ့ရိုက်တယ်။ အင်တာနက်ပေါ် တက်သွားလိုက်တာ တလောကလုံး ကြည့်နေရတော့တာပဲ။
အဲသည် အစွန်းရောက်တဲ့ အတွေးအခေါ်နဲ့ အကြမ်းဖက်တဲ့သူတွေကို အမျိုးသမီးတဦးက သွေးအေးအေးနဲ့ ရင်ဆိုင်မေးမြန်းလိုက်တဲ့အခါမှာ အဲသည်အကြမ်းဖက်သမား၊ သားသတ်သမားက ကယောင်ကတန်းနဲ့ သူတို့လုပ်ရပ်ကို မှန်ကန်တဲ့အကြောင်း လုပ်သင့်တဲ့အကြောင်း တရားဟောတော့တာပဲ။ ဒါပေမယ့် စစ်ပွဲမှာ စစ်သားတွေအချင်းချင်း၊ ဒါး ဒါးချင်း၊ လက် လက်ချင်း ရင်ဆိုင်တိုက်ခိုက်ကြတဲ့ နည်းနဲ့ မဖြေရှင်းပဲ၊ စစ်မက် မရှိတဲ့ နေရာမှာ လက်နက်မဲ့တဲ့ လူသားတဦးကို အလစ်အငိုက် တမင်တိုက်ခိုက် သတ်ဖြတ်ပြီးတော့ စစ်ပွဲထဲက စစ်သားတွေလိုမျိုး သူတို့ လုပ်ကြတာလို့ ပြောတာ၊ ဆင်ခြေပေးတာမျိုးကတော့ စစ်သားလည်း မဆန်ဘူး၊ သူရဲကောင်းလည်း မဆန်ဘူးလို့ စာရေးဆရာက သုံးသပ်ပြပါတယ်။ ဒီလိုမျိုးနဲ့ အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင် အိုဆာမာဘင်လာဒင်နဲ့ ခေါင်းဆောင်တွေက ခိုင်းစေခဲ့လို့ နောက်လိုက်တွေက (9/11) မှာ လူတွေကို လေယျာဉ်နဲ့ တိုက်သတ်တယ်။ မြို့တွေမှာ ဗုံးခွဲပြီး လုပ်ကြံတာတွေ လုပ်ခဲ့ကြတယ် မဟုတ်လား။
ဒီလိုမျိုး အမုန်းတရားတွေ၊ အကြောက်တရားတွေ၊ အကြမ်းဖက်တရားတွေနဲ့ လူမှုအဖွဲ့အစည်းတွေ၊ အသိုင်းအ၀ိုင်းတွေကို ဖျက်ဆီးချေမှုန်းဖို့ ကြိုးစားတဲ့ အကြမ်းဖက်မှုကို အင်းဂရစ်က လက်မခံဘဲ၊ မေးခွန်းပြန်ထုတ်တာ၊ သူပြောဆို ရန်တွေ့နေရတာကို တည်ငြိမ်စွာ ရင်ဆိုင်ခဲ့တာကြောင့် ပတ်ဝန်းကျင်မှာ သွေးပျက်ဖွယ် ထပ်မံဆိုးဝါးမှုတွေ မဖြစ်ပဲ အချိန်ဆွဲသလို ဖြစ်သွားတယ်။ လူတွေကလည်း သူတို့ ၂ဦးကို ရပ်ပြီး ကြည့်နေ စောင့်ကြည့်နေတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အဲသည်လို အချိန်ဟာ မိနစ် ၂၀ ကြာတယ်။ မိနစ် ၂၀ ကြာမှ လက်နက်အပြည့်အစုံနဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့တွေ ရောက်လာတယ်။ ဗြိတိန်က သာမန်ပုလိပ်တွေက သေနတ်ကိုင်ခွင့်မရှိလို့ အဲသည်အချိန်မှာ လက်နက်မဲ့ပုလိပ်တွေက ၀င်ပြီး မဖြေရှင်းခဲ့ကြဘူး။ အဲသည်နောက် လက်နက်ကိုင်ပုလိပ်တွေ ရောက်လာတော့ အကြမ်းဖက်သမားတွေက ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားတဲ့အတွက် ပုလိပ်တွေက သေနတ်နဲ့ ပစ်ပြီး ဖမ်းဆီးခဲ့ရတယ်။
ကဲ … ဖြစ်တာတွေ ဖြစ်ပြီးသွားပြီ။ ဘယ်လိုမျိုး ဗြိတိန်နဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းက တုန့်ပြန်ကြမလဲ။ (ဒီစာနောက်ပိုင်းကတော့ သာဂိရဲ့ အာဘော်တွေ ဖြစ်သွားပြီ)။ ခုနင်က အင်ဂရစ်လိုမျိုး အကြမ်းဖက်မှုကို အကျိုးမရှိတဲ့ ရာဇ၀တ်မှုကျုးလွန်တာတခုအဖြစ် လူတွေက တုန့်ပြန်ကြမှာ မဟုတ်ပါဘူး။ အစွန်းရောက်အကြမ်းဖက်သမားတွေကတော့ သူတို့ရန်သူ ၀ါဒအမြင်မတူသူတွေကို မျက်လုံး တလုံးချင်း၊ သွားတချောင်းချင်း ထိုးဖောက် လက်စားခြေရတယ်ဆိုပြီး အောင်ပွဲခံကြလိမ့်မယ်။ ၀ါဒချင်း မတူသူတွေ အခြားတဖက်ကအစွန်းရောက်တွေကတော့ မူဆလင်တွေအားလုံးကို ၀ါးလုံးရှည်နဲ့ရမ်းပြီး ကန့်ကွက် ရှုံ့ချ ရန်ရှာကြလိမ့်မယ်။ ကြားဝင် စေ့စပ်သူတွေကတော့ မူဆလင်တွေတိုင်း သည်လိုမဟုတ်ကြောင်း၊ ခရစ်ယာန်နဲ့ အခြားဘာသာဝင်တွေကလည်း ဘာသာရေး ရှေ့တန်းမတင်ဖို့ ပြောကြလိမ့်မယ်။ နိုင်ငံရေးသမားတွေကလည်း ချစ်ကြည်ရေး တရားဟောသူကဟော၊ မုန်းတီရေးပေါ်လစီတွေ အစွံထုတ်သူက ထုတ်ကြလိမ့်မယ်။ ဗြိတိန်ပုလိပ်တွေ၊ ဥပဒေသမားတွေကတော့ တရားဥပဒေစိုးမိုးရေးနဲ့အညီ အကြမ်းဖက်သူ၊ အကြမ်းဖက်ရေး လှုံဆော်သူတွေကို အရေးယူ၊ တားဆီး ကာကွယ်တာတွေ လုပ်ကြပါလိမ့်မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် အကြမ်းဖက်မှု ရာဇ၀တ်မှု တခုခု ကျုးလွန်ပြီးသည့်နောက် အဲသည်အမှုကို ဖြေရှင်း အရေးယူရာမှာ မည်သည့်ဆင်ခြေနဲ့မှ ရှောင်လွှဲတာ အကာအကွယ်ယူတာ အခွင့်အရေးယူတာ အမြတ်ထုတ်တာတွေမှ မလုပ်သင့်ပါဘူး။ သတ္တိခဲ အမျိုးသမီးလိုမျိုး ရဲရင့်စွာ ရင်ဆိုင်ပြီး မေးခွန်းထုတ်သင့်တယ်။ ဒါပေမယ့် သူတဦးတည်းတော့ အကြမ်းဖက်သမားတွေကို ဖြေရှင်းလို့တော့ မဖြစ်ဘူးလေ။ သည်တော့ နောက် မိနစ် ၂၀ အတွင်းမှာတော့ ပြည်သူ့ရဲတွေ အရောက်လာပြီး တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းသာယာရေးကို ဆောင်ရွက်ပေးသင့်ပါတယ်။ မိနစ် ၂၀ ထက် ကျော်သွားရင်တော့ အဲသည် ၀ူးလ်ဝခ်ျမှာ အကုန် မသာပေါ်ကုန်လို့ အမျိုးသမီးလည်း သူရဲကောင်းမ မဖြစ်ဘဲ အာဇာနည်မ ဖြစ်သွားလိမ့်မပေါ့။
Comments