မဟေသီပရိသတ်မဖတ်လိုက်ရတဲ့ ဆောင်းပါးတပုဒ်
မီနီရှဲလ် ၊ မေ ၁၁၊ ၂၀၁၃
ဖေဖော်ဝါရီလ မဟေသီမဂ္ဂဇင်းကို ဂျပန်က ၀ယ်ဖတ်လို့ ရတာမို့ (မဂ္ဂဇင်းတိုက်တွေက ပို့မပေးကြတော့ဘူးတဲ့။ စာပို့ခတွေ ဈေးတက်သွားလို့ ဆိုလားပဲ၊ မပို့တော့ဘူးတဲ့။ ဗဲရီးဆောရီးတဲ့)။ ဆရာမကြီး ဒေါက်တာယုဇနစောမြင့်ရဲ့ ဆောင်းပါးကို ဖတ်ရပါတယ်။ ဆရာမကြီးက မေတ္တာနဲ့ ဆုံးမထားတာမို့ ကျေးဇူးတင်ပါတယ်။ ကျမတို့ကလည်း နပ်စ်တွေဆီကတောင် သင်ယူတတ်ရင် ပညာဆိုတာ ရတာပဲ။ sensitive ဖြစ်တဲ့သူတွေထဲမှာ ကျမ မပါလို့ပါ။ လူဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားပိုင်ခွင့်၊ ရှင်းလင်းနိုင်ခွင့် ရှိရမယ်။ ကျမတို့ စာရေးတယ်ဆိုတာ စာမူခမရပါဘူး။ အခုဆိုရင် စာအုပ်တောင် မရပါဘူး။ အခန့်မသင့်ရင် လူမုန်းတောင် ခံရပါသေးတယ်။
ဒါပေမယ့် ကျမကတော့ ဆရာဝန်စာရေးဆရာပီပီ ပြည်သူတွေဖက်ကပဲ ရပ်တည်ချင်ပါတယ်။ ပြည်သူတွေဆီက အသံတွေကလည်း အမြဲကြားနေရပါတယ်။ ကြားနေရတာတွေကလည်း အတော်များများက စိတ်မချမ်းသာစရာတွေ ဖြစ်နေတာမို့ပါ။ ဘာပဲဖြစ်ဖြစ် အရာအားလုံးကို အချိန်က အဆုံအဖြတ်ပေးသွားပါလိမ့်မယ်။ လူတွေဟာ ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတာပါ။ အချိန်တန်ရင် ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ရိတ်သိမ်းကြရပါတယ်။
ကျမကတော့ ဆေးကျောင်း (အိုင်ယာလန်မှာ) တုန်းက ဆရာဝန်ကြီးတယောက်ပြောခဲ့ဖူးတဲ့ (ညအိပ်ရာဝင်ရင် စိတ်သန့်သန့်နဲ့ အပူအပင်ကင်းကင်း အိပ်နိုင်ရမယ်) ဆိုတာလေးကို သတိရနေမိပါတယ်။ တနေကုန်ကောင်းတဲ့ အလုပ်တွေလုပ်ဖြစ်ခဲ့ဖို့ ဆိုလိုတာပါ။
၁၉၆၂ ခုနှစ်နောက်ပိုင်း ကျမတို့နိုင်ငံမှာ လွတ်လပ်စွာ ဝေဖန်ခွင့်၊ ပြောဆိုခွင့်၊ ထောက်ပြခွင့်၊ အကြံပေးနိုင်ခွင့်တွေ မရရှိခဲ့လို့ နိုင်ငံက ဒီအခြေအနေ ရောက်သွားရတာမဟုတ်လား။ ဟုတ်တာကို ထောက်ပြမယ်ဆိုရင် လက်မခံချင်တာရယ်၊ ဆတ်ဆတ်ထိအောင် မခံချင်တာရယ်ကြောင့် နိုင်ငံ ဒီလိုဖြစ်သွားခဲ့ရတာ မဟုတ်ပါလား။ ဒီတော့ မေတ္တာနဲ့ ထောက်ပြတာကို လက်ခံရမှာပေါ့။
တဖက်မှာလည်း ကျမတို့ဟာ ပြည်သူတွေရဲ့အသံတွေ ပြည်သူတွေရဲ့ အတွေ့အကြုံတွေ၊ ခံစားမှုတွေကို လစ်လျုရှုမထားသင့်ဘူး။ မသိချင်ယောင်ဆောင် မနေသင့်ဘူး။ လူနာတွေကို မေတ္တာထားဖို့၊ ဂရုဏာထားဖို့၊ အချိန် ၂ မိနစ်ထက် ပိုပေးဖို့၊ မအော်မငေါက်မိဖို့၊ အခိုင်းအစေလို မဆက်ဆံဖို့၊ ပရော်ဖက်ရှင်နယ်ဆန်ဖို့ အကြံပေးတာကို လက်မခံရင်တော့ ကျမလည်း မပြောတတ်တော့ပြီ။
ဆရာသာထက်အောင်ကတော့ ယဉ်ကျေးလိမ္မာ သင်တန်းတက်ခိုင်းချင်သတဲ့။ ကျမကတော့ အဲဒီလောက်တော့ မဆိုးဘူးလို့ ထင်ပါတယ်။ အဲဒီလောက်တော့ ဆရာဝန်တွေအပေါ်မှာ မျှော်လင့်ခြင်း ကင်းမဲ့ခြင်း မရှိတာ အမှန်ပါ။
ကျမကတော့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ဆရာဝန်ပဲ ဖြစ်ချင်တယ်။ ပြည်သူတွေရဲ့ အသံကို နားထောင်တဲ့ ဆရာဝန်၊ လူနာတွေကို ရမ်းမကုဘဲ guideline အတိုင်းကုတဲ့ ဆရာဝန်၊ ကိုယ်ချင်းစာတရား ထားတတ်တဲ့ ဆရာဝန်၊ နောက်ဆုံးပေါ်ဆေးပညာတွေနဲ့ မျက်ခြေမပြတ်တဲ့ ဆရာဝန်ပဲ ဖြစ်ချင်တယ်။
နောက်ဆုံး ဘယ်သူမှ မပြောင်းလဲရင်တောင်မှ တယောက်တလေတော့ ဒီဆောင်းပါးဖတ်မိတဲ့နေ့မှာပဲ ဖြစ်ဖြစ် လူနာတွေအပေါ်မှာ မေတ္တာနဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံလိမ့်မယ်လို့ မျှော်လင့်မိရင် ကျမလွန်တယ် ဆိုမလား။
တကယ့် ဆရာဝန်ကောင်းတွေ ကမ္ဘာပေါ်မှာ များနိုင်ပါစေ။ ။
Comments