ဇာဂနာ၏
‘ဒုတိယ’ စာအုပ်ထွက်
မိုးမခစာအုပ်စင်၊
မေ ၉၊ ၂၀၁၃
ကိုဇာဂနာရဲ့
မိသားစုလူကြုံကျေးဇူးကြောင့် ဇာဂနာရဲ့ ထောင်တွင်းမှတ်တမ်း ဒုတိယအုပ် ‘ဒုတိယ’ စာအုပ်
ထွက်ရှိတာကို လက်ခံရရှိပါတယ်။ စာမျက်နှာ ၁၂၀ ခန့် ၀တ္ထုစာအုပ်အရွယ် သေသပ်တဲ့ စာအုပ်ကလေးပါပဲ။
ပထမအကြိမ် ၈၈ အရေးတော်ပုံနောက်ပိုင်း အဖမ်းခံရစဉ် အတွေ့အကြုံတွေကို ‘ပထမ’ ဆိုပြီး စာအုပ်ထုတ်ခဲ့ပြီး
၁၉၉၀ ရွေးကောက်ပွဲမတိုင်မီမှာ နောက်တကြိမ် ‘ဒုတိယ’ အကြိမ် အဖမ်းခံရ၊ ထောင်ဒဏ် ၅ နှစ်
စစ်ခုံရုံးကနေ ချမှတ်ခံရတာကို ရေးသားထားတာ ဖြစ်ပါတယ်။
နိုင်ငံရေးယုံကြည်ချက်ကြောင့်
ဖမ်းဆီးခြင်းခံရသူတဦးရဲ့ ထောင်တွင်းမှာ ရင်ဆိုင်ဖြတ်သန်းရတာတွေကို ရေးသားထားရာမှာ
အသနားခံ ဂရုဏာသက်စရာ၊ နာကျည်းစရာ၊ ကြေကွဲဝမ်းနည်းစရာ၊ ဒေါသထွက်စရာ စတဲ့ ခံစားချက်တွေနဲ့
လူသားတဦး အဖြစ်ထက် ဖြစ်လာသမျှ လောကဓံကို ခေါင်းမော့ပြီး ရင်ဆိုင်သူ၊ ရယ်သွမ်းသွေးနိုင်သူတဦးအဖြစ်
ရေးသားထားတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။
အကျဉ်းကျနေတဲ့
အနုပညာသမားတဦးဟာ အနုပညာဖန်တီးမှု၊ ထုတ်လုပ်မှု၊ မျှဝေခံစား ဖြန့်ချိမှုတို့ကို အကျဉ်းချမခံဘဲ
လွတ်မြောက်နေစေသူ၊ အနုပညာဖြင့် အသက်ဝိညာဉ်ကို အမြင့်မားဆုံး လွှင့်ထူနေဖို့ ကြိုးပမ်းနေခဲ့ပုံတွေကို
ဖတ်ရှုရပါတယ်။ ထောင်ထဲကနေ လွတ်မြောက်မဲ့တနေ့ကို ထိုင်စောင့်နေတာထက် ထောင်ထဲကနေ လွတ်မြောက်မှုတွေကို
ထုဆစ်ပုံဖော်ပြီး ရပ်တည် ရှင်သန်မှုတွေကို မြင်ရမှာ ဖြစ်ပါတယ်။
Comments