တကမ္ဘာလုံးက စိတ်ဝင်စားနေသည့် အမျိုးစောင့်ဥပဒေညီလာခံ စတင်ပြီ
မိုးမခဓာတ်ပုံသတင်း၊ (အရှင်ဝီရသူဖေ့စ်ဘွတ်မှ ကောက်နုတ်သည်)၊ ဇွန် ၂၈၊ ၂၀၁၃
ယခင်ဇွန် ၁၄ ရက်က ကျင်းပပြီးစီးခဲ့သော မှော်ဘီသံဃာ့ညီလာခံနောက်ပိုင်း ပြည်တွင်းသာမက၊ ပြည်ပကပါ စိတ်ဝင်တစား သတင်းကြီးနေသော အင်းစိန်သံဃာ့ညီလာခံကို ဇွန် ၂၇ မနက် ၈ နာရီက ရန်ကုန်မြို့၊ အင်းစိန်ရပ်၊ အောင်ဆန်းတောရ၊ တပ်ဦးကျောင်းတိုက်မှာ စတင်ကျင်းပတယ်လို့ ရေးသားထားပါတယ်။ သတင်းစာ မီဒီယာတွေနဲ့ လူတွေ နှုတ်ဖျားမှာတော့ "အမျိုးစောင့်" ဥပဒေညီလာခံလို့ ခေါ်ဝေါ်ကြပြီး ကျင်းပသူ သံဃာတော်များက " အမျိုးဘာသာ သာသနာ ထိန်းသိမ်းစာင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ" လို့ အမည်သတ်မှတ်ထားတာကို တွေ့ရပါတယ်။
အင်းစိန်သံဃာ့ညီလာခံကို ဟင်္သာတမြို့၊မိုးကောင်းဆရာတော်ဘုရားကြီး၊ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး အမှူးရှိသော သက်တော်ရှည် ဆရာတော်ကြီးများနှင့် မြန်မာပြည်တစ်ဝှမ်းလုံးမှ သံဃာတော်များ (၁ဝဝဝ)ကျော် တက်ရောက်ကြကာ သီရိလင်္ကာ၊ ထိုင်း၊ အိန္ဒိယ၊ အမေရိကနှင့် အခြားနိုင်ငံများမှ မြန်မာ ရဟန်းတော်များလည်း တက်ရောက်ကြကြောင်း ဖတ်ရှုရပါတယ်။
အဲသည်မှာ သံဃာတော်တွေအပြင် လာရောက်လေ့လာသူ တက်ရောက်သူ သတင်းလာယူသူ ပြည်သူလူထုများနဲ့ အလွန်စည်ကားနေတာကို ဓာတ်ပုံတွေထဲကနေတဆင့် တွေ့ရပါတယ်။
အင်းစိန်ညီလာခံကနေပြီးတော့ (ဗုဒ္ဓဘာသာ အကြမ်းဖက်မျက်နှာ) တိုင်းမဂ္ဂဇင်းသတင်းဆောင်းပါးကို သံဃာတော်တွေက ကန့်ကွက်ကြောင်း ကြေညာခဲ့ကြတယ်လို့ သိရပါတယ်။ ကြေညာချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
တိုင်းမဂ္ဂဇင်းကို အင်းစိန်သံဃာ့ညီလာခံကြီးက ကန့်ကွက်ကြောင်း ကြေငြာချက်
ရက်စွဲ။ ။သာသနာနှစ် ၂၅၅၇- ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅-ခုနှစ်၊ နယုန်လပြည့်ကျော် ၄-ရက်၊
၂၀၁၃-ခု၊ ဇွန် ၂၇-ရက်၊ ကြာသပတေးနေ့
၂၀၁၃-ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေခဲ့သော တိုင်းမဂ္ဂဇင်း Vol-182, No. 1 တွင် မြန်မာနိုင်ငံမှ သံဃာတော်အရှင်မြတ်တစ်ပါး ဖြစ်သော အရှင်ဝိစိတ္တာဘိဝံသ (ဝီရသူ)၏ပုံနှင့် "THE FACE OF BUDDHIST TERROR" ဗုဒ္ဓဘာသာ အကြမ်းဖက်မှု မျက်နှာစာ (သို့မဟုတ်) ဗုဒ္ဓဘာသာအကြမ်းဖက်မှု ပုံသဏ္ဌာန်ဟူသောစာကို မျက်နှာဖုံးတင်၍ ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသောအခါ ဟူသော ဆောင်းပါးကို ဖော်ပြခဲ့သည်။
ဗုဒ္ဓဘာသာသည် အကြမ်းဖက်မှုလုပ်ရပ်၏ အခြေခံအကြောင်းတရားဖြစ်သော လောဘ ဒေါသ မာန်မာနနှင့် အတ္တစိတ်ကို အပြီးတိုင်ဖယ်ရှားရသည့် ဘာသာဖြစ်သောကြောင့် ငြိမ်းချမ်းသော ဘာသာဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက “ခေတ်သစ်သိပ္ပံပညာရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော (သို့မဟုတ်) ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ပေးနိုင်သော ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီဘာသာသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်”ဟူ၍ ပင် ပြောခဲ့ပါသည်။ ထိုစကားကိုကြည့်လျှင် ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းသော ဘာသာဖြစ်သည်ဆိုသည်မှာ အထူးဆိုဘွယ်ရာ မရှိပါ။ မြန်မာပြည်၌ ၅-သိန်းဝန်းကျင် ရှိသော ရဟန်းသံဃာများသည် ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်များဖြစ်သောကြောင့် ငြိမ်းချမ်းရေးအကျိုးဆောင် ပုဂ္ဂိုလ်များပင် ဖြစ်ပါသည်။ ရဟန်းသံဃာများ၏ ကျင့်စဉ်သည် ချစ်ခင်ခြင်း မေတ္တာ၊ သည်းခံခြင်း ခန္တီတရားပင် ဖြစ်ပါသည်။
ထို့ကြောင့် ရဟန်းသံဃာများသည် အကြမ်းဖက်လုပ်ရပ်ကို ဘယ်တုန်းကမှ မလုပ်ခဲ့ကြပါ။ ယခုလည်း မလုပ်ပါ။ နောင်လည်း လုပ်မည် မဟုတ်ပါ။ မစိုးရိမ်တိုက်သစ်သည် သံဃာ ၂၇၀၀-ကျော်ရှိသည့်အတွက် မြန်မာပြည်၏ သံဃာအများဆုံး ကျောင်းတိုက်ကြီး ဖြစ်သည်။ အရှင်ဝိစိတ္တာဘိဝံသ (ဝီရသူ)သည် ထိုကဲ့သို့သော ကျောင်းတိုက်ကြီး၏ နာယကဆရာတော်တစ်ပါး ဖြစ်သောကြောင့် ငြိမ်းအေးခြင်း သန္တိတရားကို တန်ဖိုးထားမြတ်နိုးသည့် ဘုရားသားတော်တစ်ပါးပင် ဖြစ်ပါသည်။ ထိုသို့ဖြစ်ပါလျက် တိုင်းမဂ္ဂဇင်းက အရှင်ဝိစိတ္တာဘိဝံသ (ဝီရသူ)၏ပုံနှင့် "THE FACE OF BUDDHIST TERROR" ဗုဒ္ဓဘာသာ အကြမ်းဖက်မှု မျက်နှာစာ (သို့မဟုတ်) ဗုဒ္ဓဘာသာအကြမ်းဖက်မှု ပုံသဏ္ဌာန်ဟူသောစာကို မျက်နှာဖုံးတင်၍ ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းသော အခါ ဟူသော ဆောင်းပါးကို ဖေါ်ပြခြင်းသည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် စွပ်စွဲပုတ်ခတ်ခြင်းပင် ဖြစ်ပါသည်။
ထိုသို့စွပ်စွဲပုတ်ခတ်သည့်အတွက် မြန်မာနိုင်ငံသားအများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာကို နိုင်ငံတကာမှ အထင်အမြင် လွဲမှားစေနိုင်ပါသည်။ နိုင်ငံ၏ပုံရိပ်နှင့် ဗုဒ္ဓသာသနာ၏ပုံရိပ်ကိုလည်း ထင်ယောင်ထင်မှား ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ၂၀၁၃-ခုနှစ်၊ ဇူလိုင်လ ၁-ရက်၊ ရက်စွဲဖြင့်ထုတ်ဝေခဲ့သော တိုင်းမဂ္ဂဇင်း Vol 182, No. 1 ကို အင်းစိန်သံဃာ့ညီလာခံကြီးက တညီတညွတ်တည်း ကန့်ကွက်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။
အမျိုးဘာသာ သာသနာ ထိန်းသိမ်းစာင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့်
ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ
ရွာမပရိယတ္တိစာသင်တိုက်၊ အောင်ဆန်းတပ်ဦး မိုးကုတ်ရိပ်သာ
အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
Comments