Aung Din - Burmese Regime's Hluttaw in Perspective (23)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၂၃)
အောင်ဒင်။ ဇွန်၁၅၊ ၂၀၁၃


အပိုင်း (၂၃) လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (ဂ)
၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ


ဒီဥပဒေကို အချို့ ဥပဒေပညာရှင်များက (၁၇/၅၀) လို့လဲ ခေါ်ကြပါတယ်၊ ၁၉၅၀ခုနှစ်မှာ ပြဋ္ဌန်းတဲ့ ဥပဒေအမှတ် (၁၇) လို့ အတိုကောက်ဆိုလိုတာပါ၊ ဒီဥပဒေကို ပြဋ္ဌန်းစဉ် ၁၉၅၀ ခုနှစ်မှာက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး အကြီးအကျယ်တောက်လောင်နေတဲ့အချိန်ပါ၊ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရဲ့ ပုန်ကန်တော်လှန်မှုကို အပြင်းအထန်ကာကွယ်နေရတဲ့ ဖဆပလ အစိုးရဟာ "ရန်ကုန်အစိုးရ" လို့ နိုင်ငံတကာက လှောင်ပြောင်ခေါ်ဆိုရလောက်အောင် ရန်ကုန်မြို့တစ်ဝိုက်မှာပဲ အစိုးရအုပ်ချုပ်ရေးတည်ရှိတဲ့အချိန်ပါ၊ ပြည်တွင်းစစ်မှာ အနိုင်ရဖို့၊ လမ်း၊ တံတား၊ အဆောက်အအုံ၊ ဆက်သွယ်ရေးလမ်းကြောင်းများဖျက်ဆီးခံရတာကို ကာကွယ်ဖို့၊ အစိုးရစစ်တပ်ထဲကနေ ခွဲထွက်ပုန်ကန်တာတွေကို တားမြစ်ဖို့နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအတွက် ကြီးလေးသောပြစ်ဒဏ်များချမှတ်အရေးယူနိုင်အောင်ရည်ရွယ်ပြီး ပြဋ္ဌန်းခဲ့တာပါ၊

ဒါပေမည့် ပြည်တွင်းစစ်အရှိန်အဟုန်လျော့ကျပြီး လက်နက်ကိုင်ပုန်ကန်ထကြွမှုတွေ နယ်စပ်ဒေသမှာပဲ ဖြစ်ပေါ်နေတော့တဲ့ ဒီဘက်ပိုင်းကာလတွေမှာလည်း အာဏာရှင်အစိုးရ၊ စစ်အစိုးရတွေက ဒီဥပဒေကို အတိုက်အခံနိုင်ငံရေးသမားများကို ပြစ်ဒဏ်ပေးရေးလက်နက်တစ်ခုအဖြစ် ဆက်လက်ကျင့်သုံးခဲ့ပါတယ်၊

အများဆုံးအသုံးချသူကတော့ နဝတ၊ နအဖ စစ်အစိုးရများဖြစ်ပါတယ်၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၁ခုနှစ် မတ်လအတွင်း အကျဉ်းချခံရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ အရေးပေါ်စီမံမှုအက်ဥပဒေ၊ ပုဒ်မ ၅(ည) နဲ့ အကျဉ်းချခံရတာဖြစ်လို့ နိုင်ငံရေးအကျဉ်းသားများရှိကြောင်းဝန်မခံတဲ့ စစ်အစိုးရရဲ့မူဝါဒအရ ထောင်ထဲမှာ အဲဒီနိုင်ငံရေးအကျဉ်းသားတွေကို ၅ည အကျဉ်းသားတွေလို့ ထောင်အာဏာပိုင်များက သတ်မှတ်ခေါ်ဆိုကြပါတယ်၊

ဒီဥပဒေနဲ့ ပါတ်သက်တဲ့ အမှုများအားလုံးဟာ ရဲအရေးပိုင်မှုများဖြစ်ပြီး ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရသူကို ရဲက ဝါရမ်းမပါပဲ ဖမ်းဆီးခွင့်ရှိပါတယ်၊ ဒီဥပဒေမှာ အနည်းဆုံး ထောင်ဒဏ် ၇ နှစ်ကနေ အများဆုံး သေဒဏ်အထိအပြစ်ပေးနိုင်တဲ့ အရေးယူမှုပုဒ်မ (၈)ခုရှိပါတယ်၊ ပုဒ်မ ၂၊ ပုဒ်မ ၃၊ ပုဒ်မ ၄၊ ပုဒ်မ ၅၊ ပုဒ်မ ၅-က၊ ပုဒ်မ ၆၊ ပုဒ်မ ၆-က နဲ့ ပုဒ်မ ၇ တို့ပါ၊

သေဒဏ်ပေးနိုင်သော ပုဒ်မများ၊ဒီဥပဒေမှာ သေဒဏ်အထိစီရင်ချက်ချနိုင်တဲ့ ပုဒ်မ ၅ခုရှိပါတယ်၊ ပုဒ်မ (၂)၊ ပုဒ်မ (၃)၊ ပုဒ်မ (၄)၊ ပုဒ်မ (၆-က/၁) နဲ့ ပုဒ်မ (၆-က/၂) တို့ပါ၊ ပုဒ်မ (၂) (၃) (၄) သုံးခုအတွက် ပြစ်ဒဏ်က သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်းပါ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်နေတဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့များရဲ့ လုပ်ငန်းတွေကို ရှာဖွေစုဆောင်းရင်၊ ရှာဖွေစုဆောင်းဖို့ လုံ့လပြုရင်၊ ယင်းလုံခြုံရေးတပ်ဖွဲ့များရဲ့ လုပ်ငန်းများကို အနှောက်အယှက်ပေးရင်၊ နှောက်ယှက်ဖို့အားထုတ်ရင်၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးကို ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန်ကြံစည်နေသူအား ကူညီမယ် သို့မဟုတ် ကူညီဖို့ကြိုးစားမယ်ဆိုရင်၊ မည်သူမဆို သေဒဏ် သို့မဟုတ် ထောင်တစ်သက်တစ်ကျွန်း ကျခံစေရမည်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒါ အသေးစိတ်ပြဋ္ဌန်းချက်တွေကို ချုံ့ပြီး အကျဉ်းချုပ် ဖော်ပြတာပါ၊

ပိုပြီးရှင်းအောင်ပြောရရင် ပြည်တွင်းစစ်ကာလမှာ ရန်သူလက်နက်ကိုင်တပ်ဖွဲ့တွေကို အကျိုးရှိဖို့ သို့မဟုတ် ကူညီဖို့ ရည်ရွယ်ချက်နဲ့ အစိုးရတပ်ဖွဲ့များရဲ့ အင်အား၊ ချီတက်သွားလာခြင်း၊ အခြေအနေတွေကို စုံစမ်းထောက်လှမ်းသူတွေ၊ အစိုးရစစ်ကြောင်းများချီတက်ရာ လမ်းကြောင်းတွေကို နှောက်ရှက်ဟန့်တားဖို့ မီးရထားများ၊ ဥမင်လှိုဏ်ခေါင်းများ၊ လေယဉ်များ၊ လေယဉ်ကွင်းများ၊ ကြေးနန်းဆက်သွယ်ရေးတိုင်များ၊ ဆက်သွယ်ရေးကြိယာများကို ဖျက်ဆီးသူတွေ၊ အစိုးရတပ်များရဲ့ ကြေးနန်းဆက်သွယ်သတင်းပို့ချက်များကို ကြားဖြတ်ထောက်လှမ်းသူတွေကို သေဒဏ်နဲ့ထောင်တစ်သက်တစ်ကျွန်း ကြီးမားတဲ့ ပြစ်ဒဏ်တွေချဖို့ ပြဋ္ဌန်းထားတာပါ၊

ပုဒ်မ (၆-က/၁) နဲ့ (၆-က/၂) တို့အတွက်ပြစ်ဒဏ်က သေဒဏ်ပါ၊ မည်သူမဆို အများပြည်သူအတိဒုက္ခရောက်အောင်၊ အသက်အန္တရာယ်ဖြစ်အောင် အများစီးနင်းလိုက်ပါလာသော မီးရထား၊ မော်တော်ယဉ်၊ ရေယဉ်၊ လေယဉ် နဲ့ အခြားယဉ်များ၊ အများပြည်သူအသုံးပြုနေသော လမ်း၊ မီးရထားလမ်း၊ တံတား၊ ရေလှောင်ကန်၊ ရေဝေပိုက်၊ ဆည်များကို ဖျက်ဆီးလျှင် သို့မဟုတ် ပျက်စီးစေလျှင်၊ အဆိုပါကိစ္စများကို ဆောင်ရွက်ရန်အတွက် မိုင်းဗုံး သို့မဟုတ် ယမ်းဘီလူး စသည်တို့ကို အသုံးပြုလျှင် သေဒဏ်ထိုက်စေရမည်လို့ ပြဋ္ဌန်းထားပါတယ်၊

ပုဒ်မ (၆-က/၃) မှာတော့ တစ်စုံတစ်ယောက်ရဲ့ အတင်းအဓမ္မခြိမ်းချောက်ခံရလို့ အဆိုပါပြစ်မှုများကျူးလွန်ရသူအား သေဒဏ်အစား ထောင်ဒဏ် ၇နှစ်အထိ ထိုက်သင့်စေရမည်လို့ ပြဋ္ဌန်းထားပါတယ်၊

၂၀၁၀ခုနှစ် ဇန်နဝါရီလ ၇ရက်နေ့မှာ နအဖစစ်အစိုးရရဲ့ အထူးတရားရုံးတစ်ခုက ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနဝန်ထမ်းများဖြစ်ကြတဲ့ ဦးသူရကျော်နဲ့ ဦးဂိုပြန်စိန်တို့ကိုအရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၃) အရ သေဒဏ်စီရင်ချက်ချလိုက်ပါတယ်၊ သူတို့သုံးယောက်ကို စစ်အစိုးရလျှို့ဝှက်တည်ဆောက်နေတဲ့ အနုမြူဓာတ်ပေါင်းဖို၊ မြေအောက်လှိုဏ်ခေါင်းများနဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့ မြောက်ကိုရီးယားနဲ့ တရုတ်ကို လက်နက်ဝယ်ဖို့သွားရောက်တဲ့ လျှို့ဝှက်ခရီးစဉ်တွေကို ပြင်ပကိုပေါက်ကြားအောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၉ခုနှစ်ထဲမှာ ဖမ်းဆီးတရားစွဲဆိုခဲ့တာပါ၊

ဒီလိုအရေးယူတဲ့ အချိန်မှာ မြန်မာနိုင်ငံဟာ အရေးပေါ်အခြေအနေတစ်ခုအောက်မှာ မရှိပါ၊ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ကစပြီး အာဏာရယူခဲ့တဲ့ စစ်အစိုးရက "နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)" ဆိုတဲ့ မူရင်းအမည်ကနေ ငြိမ်ဝပ်ပိပြားမှုတာဝန်တွေ ပြီးဆုံးပြီဆိုပြီး "နိုင်ငံတော် ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (နအဖ)" လို့ ၁၉၉၇ခုနှစ်မှာ အမည်ပြောင်းလဲခဲ့ပြီးပါပြီ၊ ဒါကြောင့်မို့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ ဦးသူရကျော်နဲ့ ဦးဂိုပြန်စိန်တို့ကိုအရေးပေါ် စီမံမှုအက်ဥပဒေနဲ့ အရေးယူပြစ်ဒဏ်ပေးတာဟာ ဘယ်လိုမှမသင့်တော်ပါ၊

နိုင်ငံရေးမှု 

ပုဒ်မ ၅ ကတော့ အရေးပေါ်စီမံမှုအက်ဥပဒေရဲ့ အသုံးအများဆုံး ပုဒ်မဖြစ်ပါတယ်၊ ပုဒ်မ ၅ ရဲ့အောက်မှာ ၅ (က) နေ ၅ (ဍ္ဍ) အထိ ပုဒ်မခွဲပေါင်း ၁၃ခုရှိပြီး ပုဒ်မ ၅(ည) ကတော့ ဒီမိုကရေစီလှုပ်ရှားသူများ၊ လူ့အခွင့်အရေးတောင်းဆိုသူများကို ပြစ်ဒဏ်ခတ်အရေးယူရာမှာ အများဆုံးအသုံးပြုတာမို့ နိုင်ငံရေးပုဒ်မလို့ ကျော်ကြားပါတယ်၊ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေမရှိပါဘူးလို့ ထပ်ခါထပ်ခါ ငြင်းဆိုနေပေမည့် အကျဉ်းထောင်ထဲမှာတော့ ထောင်အာဏာပိုင်များက ပုဒ်မ ၅ (ည) နဲ့ ထောင်ကျသူများကို နိုင်ငံရေးမှုတွေလို့ ခေါ်ကြပါတယ်၊ ပုဒ်မ ၅ (က) နေ ၅ (ဍ္ဍ) အထိပြဋ္ဌန်းချက်များဟာ အလွန်ကိုကျယ်ပြန့်ပြီး နိုင်ငံသားတစ်ဦးကို အကြောင်းအမျိုးမျိုးနဲ့ အပြစ်ရှာဖမ်းဆီးထိန်းသိမ်းအရေးယူနိုင်အောင် ဖန်တီးထားတာပါ၊

ပုဒ်မ ၅ (ည) ကိုကြည့်ပါ၊ "မည်သူမဆို ပြည်ထောင်စု၏  လုံခြုံရေးကိုသော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားမှုပြန်လည်ထူထောင်ရေးကိုသော်လည်းကောင်း၊ ထိခိုက်စေရန် အကြောင်းရှိသောနည်းလမ်းဖြင့် အများပြည်သူတို့၏၊ သို့မဟုတ်၊ ပြည်သူတစ်စု၏ ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ၊ ဖောက်လွဲဖောက်ပြန်ဖြစ်စေရန် ကြံရွယ်၍တစ်ခုခုလုပ်လျင်၊ သို့မဟုတ်၊ ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျင်- ထိုသူအား (၇) နှစ်အထိ ထောင်ဒဏ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ ဒဏ်နှစ်ရပ်စလုံးသော်လည်းကောင်း ထိုက်သင့်စေရမည်"

ဒီပြဌန်းချက်ဟာ စစ်အစိုးရလက်ထက်မှာ စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်ပဲ တောင်းဆိုကြတဲ့ ကျောင်းသား၊ ပြည်သူတွေကို ဖမ်းဆီးအရေးယူဖို့ တွင်တွင်ကျယ်ကျယ်အသုံးချခဲ့တဲ့ ဥပဒေလက်နက်တစ်ခုဖြစ်ပါတယ်၊
စာရွက်စာတမ်းဖြန့်ဝေတာကအစ၊ ပြည်ပကထုတ်လွှင့်တဲ့ ရေဒီယိုအသံလွှင့်ချက်များကို နားထောင်တာ၊ အစိုးရအာဏာပိုင်တွေရဲ့ မတရားမှုတွေကို ဖော်ထုတ်တာက အလယ်၊ အစိုးရဆန့်ကျင်ရေးတရားဟောတာအဆုံး၊ အားလုံးသော အကြမ်းမဖက်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေဟာ " ပြည်ထောင်စု၏ လုံခြုံရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည်" လို့အကြောင်းပြပြီး နိုင်ငံရေးလှုပ်ရှားသူတွေ အကျဉ်းကျခဲ့ကြရတာပါ၊ နအဖစစ်အစိုးရလက်ထက်မှာ ဒီပုဒ်မအတွက် ချမှတ်ရမည့် ပြစ်ဒဏ်ကို ထောင် (၇) နှစ်နှစ်ကနေ ထောင်ဒဏ် (၂၀) နှစ်အထိတိုးမြှင့်ခဲ့ပါသေးတယ်၊

ပုဒ်မ ၅-က၊ ပုဒ်မ ၆၊ နဲ့ ပုဒ်မ ၇ များကလည်း (၇) နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် နဲ့ ငွေဒဏ်နှစ်ရပ်စလုံးပြစ်ဒဏ်ချနိုင်တဲ့ အရေးယူမှုတွေပါပဲ၊ အဲဒီမှာ ပုဒ်မ ၅-က နဲ့ ပုဒ်မ ၅ (က) ဟာ သီးခြားပုဒ်မတွေပါ၊ အဲဒီလိုပဲ ပုဒ်မ ၆နဲ့ ပုဒ်မ ၆-က ဟာလည်း သီးခြားပုဒ်မတွေပါ၊

ဥပဒေနှင့် ခြိမ်းခြောက်ခြင်း

ဒီဥဒေရှိနေသ၍ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ ရှေ့ကိုပဲ ဆက်လက်ချီတက်မှာဖြစ်ပြီး နောက်ကြောင်းပြန်လှည့်မှာမဟုတ်ဘူးဆိုတဲ့ ကတိကဝတ်တွေအပေါ်မှာ သံသယရှိနေကြဦးမှာ ဖြစ်ပါတယ်၊ ဒီဥပဒေကို ကိုင်တွယ်ပြီး ခြိမ်းခြောက်နေတာတွေလဲ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆက်ရှိနေပါသေးတယ်၊

အထင်ရှားဆုံး ခြိမ်းခြောက်သူက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဒု-ဗိုလ်ချုပ်ကြီးဟောင်း) ပါ၊ ဝန်ကြီးချုပ်ဦးမြင့်ဆွေက ၂၀၁၂ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပါတ်သက်ပြီး ၂၀၁၂ခုနှစ် ဇွန်လ ၁၀ရက်နေ့ ည (၇) နာရီမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ သတင်းစာသမားများကို ဖိတ်ခေါ်ပြီး ရခိုင်ပြည်နယ်အရေးအခင်းသတင်းဖော်ပြချက်များနဲ့ ပါတ်သက်ပြီး တာဝန်သိသိနဲ့ရေးသားကြဖို့ သတိပေးစကားပြောကြားခဲ့ပါတယ်၊

အဲဒီလိုပြောကြားရာမှာ ဝန်ကြီးချုပ်ဦးမြင့်ဆွေက "အခြေအနေကို ပိုမိုဆိုးနိုင်သည့် လှုံ့ဆော်ရေးသားမှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌန်းချက်များနှင့် ဆန့်ကျင်ရေးသားလျင် တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း" သတင်းစာသမားများကို ပြောဆိုသတိပေးပါတယ်၊ တည်ဆဲဥပဒေများအနေနဲ့ သူကိုးကားတာတစ်ခုက အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ည) ပါ၊

ဦးမြင့်ဆွေက "နောက် ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ၊ ဒါ ၁၉၅၀ပြည့်နှစ် အက်ဥပဒေပေါ့၊ တစ်ချို့က တည်ဆဲဥပဒေက မဖျက်သိမ်းပါဘူး၊ ဆက်လက်ပြီးတော့ တည်ဆဲဥပဒေရှိနေဆဲဖြစ်ပါတယ်၊ တည်ဆဲဥပဒေရှိနေဆဲနဲ့ တစ်ချို့အရေးယူနိုင်တဲ့အနေအထားရှိပါတယ်၊ ပုဒ်မ ၅၊မည်သူမဆို အဓိက "ည" နဲ့ သက်ဆိုင်တယ်" လို့ပြောပြီး ပုဒ်မ ၅(ည) ပြဋ္ဌန်းချက်ကို အစအဆုံး ဖတ်ပြသွားပါတယ်၊ ပုဒ်မ ၅ (ည) အပြင် ပုဒ်မ ၅ (ဃ) ကိုလည်းကိုးကားပြီး " "ဃ" မှာတော့ အများပြည်သူတို့အား သို့တည်းမဟုတ် ပြည်သူတို့အား အထိတ်တလန့်ဖြစ်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျင် သို့တည်းမဟုတ် ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျင် ဒါလည်းဒီပြစ်ဒဏ်တွေကို ချမှတ်နိုင်တဲ့အကြောင်း ရေးသားဖော်ပြထားပြီးဖြစ်ပါတယ်" လို့ ပြောကြားပါသေးတယ်၊

ဒါဟာဖြင့် စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီလှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်အရေးယူဖို့ ကိုင်တွယ်ကျင့်သုံးခဲ့တဲ့ အရေးပေါ်စီမံမှုအက်ဥပဒေကို လက်ရှိအရပ်သားအစိုးရက ဥပဒေလက်နက်တစ်ခုအဖြစ် ဆက်လက်ကိုင်တွယ်အသုံးချနေဆဲဖြစ်တယ်ဆိုတာကို သက်သေပြလိုက်သလိုပါပဲ၊

အရေးပေါ်အခြေအနေ မဟုတ်တော့ပါ၊

ဒီကနေ့ မြန်မာနိုင်ငံဟာ အရေးပေါ်စီမံမှုအက်ဥပဒေ ပြဋ္ဌန်းခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်ကလို တစ်နိုင်ငံလုံးငြိမ်ဝပ်ပိပြားမှုပြိုကွဲနေတဲ့ အချိန်မဟုတ်တော့ပါ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၁ ခုနှစ် မတ်လအထိ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကိုယ်တိုင်က ငြိမ်ဝပ်ပိပြားရေး တာဝန်တွေပြီးဆုံးပြီလို့ ၁၉၉၇ခုနှစ်မှာ ကြေညာပြီး နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီဆိုတဲ့ အမည်သစ်နဲ့ ပြောင်းလဲရပ်တည်ခဲ့တာပါ၊

အဲဒီနောက် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကရွေးချယ်တဲ့ အရပ်သားအစိုးရကို ၂၀၁၁ခုနှစ် မတ်လမှာ အာဏာလွှဲပြောင်းပေးခဲ့ပါပြီ၊ အစိုးရသစ်ကလည်း နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ဖို့ အတိုက်အခံအင်အားစုများနဲ့ တွေ့ဆုံ၊ ဆွေးနွေး၊ အဖြေရှာ၊ အသိအမှတ်ပြု၊ ပူးပေါင်းဆောင်ရွက်နေစဉ်မှာ အာဏာရှင်စနစ်ကို အကာအကွယ်ပေးတဲ့ အရေးပေါ်စီမံမှုအက်ဥပဒေလို မတရား၊ မမျှတတဲ့ ဥပဒေတွေ ဆက်လက်တည်ရှိနေတာ ဒီအပြောင်းအလဲများအပေါ် သံသယပွါးစေသလို ယုံကြည်မှုတည်ဆောက်ရာမှာလည်း အခက်အခဲဖြစ်စေပါတယ်၊
ဒါကြောင့် ပြန်လည်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်မှာ ၁၉၅၀ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုတ်သိမ်းနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ သဘောတူကြလိမ့်မည်လို့ မျှော်လင့်မိပါတယ်၊

ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
မေလ ၁၂၊ ၂၀၁၃
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၇၊ မေလ ၃၀ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

Comments