Ko Min Zeya, Ko Pyone Cho and Ko Ant Bwe Kyaw ready for US tour starting SF



၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်တို့ ဆန်ဖရန်တွင် လူစုံပြီ
မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၉ ၊ ၂၀၁၃
ဇွန် ၂၈ ရက်နေ့က မြန်မာပြည်မှ အမေရိကန်ပြည် ဆန်ဖရန်စစ္စကိုလေဆိပ်ကို လေကြောင်းလိုင်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမင်းဇေယျာ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကြိုတင်ရောက်ရှိနေကြတဲ့ အခြားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချိုတို့နဲ့အတူ ဆန်ဖရန်ဒေသခံများ၊ ခရီးစဉ်ကို စီစဉ်သူတွေဖြစ်တဲ့ ၈၈ မျိုးဆက် အင်အားစုများ ပြည်တွင်း ပြည်ပပူးပေါင်းဆောင်ရွက်ရေး ကော်မီတီက ကိုမောင်မောင်သိန်း၊ ကိုရဲထွဋ်၊ ဒေါက်တာခင်စိန်တို့က လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြတာကို တွေ့ရပါတယ်။
၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးဆောင်စီစဉ်နေတဲ့ ၈လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ပြည်ပရောက် ၈၈ မျိုးဆက်များ၊ မြန်မာ့အရေးလှုပ်ရှားသူများ ပေးပို့လိုတဲ့၊ တင်သွင်းအဆိုပြုလိုတဲ့ အချက်အလက်များ၊ သဘောထားဆွေးနွေးချက်များကို လက်ခံရယူပြီး ပြည်တွင်းက ၈၈ ငွေရတုအခမ်းအနားမှာ ပြန်လည် တင်သွင်းပေးဖို့ အမေရိကန်ပြည်ကို လာရောက်တဲ့ မစ်ရှင်အဖွဲ့ ဖြစ်တယ်လို့ ကိုပြုံးချိုက ပြောပါတယ်။ လက်ရှိအချိန်မှာ ကနေဒါနိုင်ငံနဲ့ အမေရိကန့်ပြည်၊ ဖို့ဝိန်းမြို့မှာ ပြည်ပရောက် ၈၈ မျိုးဆက်များရဲ့ ညီလာခံများ အသီးသီး ကျင်းပနေပြီ ဖြစ်ပါတယ်။ အဲသည် ညီလာခံတွေကို တိုက်ရိုက် မတက်ရောက်နိုင်ခဲ့ရင် ဗီဒီယိုမက်ဆိတ်ပေးရန်၊ မက်ဆိတ်များ လက်ခံရယူရန် စီစဉ်မယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်ပရောက် ၈၈ မျိုးဆက်များ၊ အဖွဲ့အစည်းများ၊ မြန်မာ့အရေးလှုပ်ရှားသူများနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေ၊ ရောက်ရှိရာဒေသတွေမှာ လက်ခံမယ်လို့ ဆိုပါတယ်။ လောလောဆယ်အကြမ်းအားဖြင့် ဆန်ဖရန်ကနေ အယ်လ်အေ၊ ပြီးနောက် ၀ါရှင်တန်ဒီစီ၊ ဘတ်ဖဲလိုးမြို့များသို့ သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။ ခရီးစဉ်များကို ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီိမိုကရေစီအင်အားစုများ ပြည်တွင်း ပြည်ပ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီက စီစဉ်နေတယ်လို့ဆိုပါတယ်။ စီစဉ်သူတဦးဖြစ်တဲ့ ကိုမောင်မောင်သိန်း (415-680-8806) တို့ကို ဆက်သွယ်နိုင်ပါတယ်။

Comments