ရောက်တတ်ရာရာ အတိုအစများ
မောင်ရင်ငတေ
ဇွန် ၈၊ ၂၀၁၃
မောင်ရင်ငတေ
ဇွန် ၈၊ ၂၀၁၃
● ဂျာမန်တွေရဲ့ဘိုင်ယန်ပြည်
ဥရောပရဲ့ အင်အားကြီး နာမည်ကြီး ဂျာမဏီနိုင်ငံတော်ကို ဂျာမန်တွေကတော့ Deutschland လို့ ခေါ်ကြရေးကြပြီး ဖင်လန်တွေက Saksa နော်ဝေးဆွီဒင်ဒိန်းမတ်တွေက Tyskland နယ်သာလန်က Duitsland လူဇမ်းဘူးလို Däitschland ချက်လို Německo ပိုလန်လို Niemcy အီတလီကတော့ Germania လက်တင်စကားမှာတော့ Germaniam အင်္ဂလိပ်တွေက Germany စပိန်က Alemania ပြင်သစ်ကတော့ ဂျာမန်မြေကို Allemagne လို့ဆိုပြီး ကိုယ့်ဘာသာစကားတွေနဲ့ ကိုယ်အားသန်ရာ ခေါ်ဝေါ်ကြပါတယ်၊ ဂျာမဏီနိုင်ငံဟာ ဥရောပသမိုင်းမှာတော့ အတော်ကိုထူးခြားမှုတွေ ရှိပါတယ်၊ Hochdeutsche Dialekte, High German dialects စကားက ဂျာမန်အရှေ့ခြမ်း တောင်ဘက်ခြမ်း တခြမ်းလုံးနီးပါး ပြောဆိုကြတဲ့စကားဖြစ်ပြီး ဘယ်လ်ဂျီယံကစပြီး လူဇမ်းဘူး ပြင်သစ် ဆွစ်ဇာလန် လက်စ်ချန်စတိန်း သြစတြီးယား ချက် ပိုလန်နယ်အထိ လူသန်းပေါင်း ၆၀ ကျော် ပြောတဲ့စကားနဲ့ အများသုံး ဂျာမန်စကားလို့ ဆိုနိုင်ပါတယ်၊ Nedderdüütsch ခေါ် Low German စကားကိုတော့ နယ်သာလန် ဒိန်းမတ်ပြည်တို့နဲ့နီးတဲ့ ဂျာမဏီမြောက်ပိုင်းဒေသတွေက လူဦးရေ ငါးသန်းကျော်ရယ် ပင်လယ်ရပ်ခြားက အမေရိကတိုက်ရောက် ဂျာမန်နွယ်ဖွားတွေ အများအားဖြင့် ပြောကြပါတယ်တဲ့၊ သူတို့တတွေ ဂျာမဏီနိုင်ငံကို ခေါ်တာကတော့ Düütschland လို့ဘဲဖြစ်ပါတယ်၊ သိပ်တော့လည်း ကွာခြားလှတဲ့အခေါ် မဟုတ်ပါဘူး၊ လူဦးရေစုစုပေါင်း ငါးသောင်းကျော်သာရှိပြီး ချက်နယ်စပ်အနီး အရှေ့ဂျာမန်နယ် Sachsen ဒေသထဲက Bautzen ခေါ် Budyšin မြို့နယ်သားတွေ ပြောဆိုကြတဲ့ Sorbische စကားကတော့ ဂျာမန်စကားထက် အလယ်ဥရောပစကားတွေနဲ့ ပိုမိုပြီးတူမယ်လို့သာ ထင်မြင်မိပါတယ်၊ ဂျာမန်မြေကို ခဏတာမျှ နင်းမိတာနဲ့ ဂျာမန်အကြောင်းတွေကို ရမ်းသန်းဖြီးဖြန်း ကျူးကျော်ပြီး ရေးနေမိတာ အမှားများပါသွားရင်တော့ ဆောရီးပါဘဲ၊ သိရှိသူတွေ ဒီထက်ချဲ့ကားပြီး ရေးကြတာတွေကိုလည်း ဖတ်ချင်မိပါကြောင်း ပြောချင်ပါတယ်၊
မရှိတော့ပြီဖြစ်သော ဘာလင်တံတိုင်း |
တရားဝင်ခေါ်နေတဲ့ Bundesrepublik Deutschland (de) Federal Republic of Germany (en) ဆိုတာကို ၁၉၄၉ ခုနှစ်ကနေ ၁၉၉၀ ထိတော့ အနောက်ဂျာမဏီနယ်များကိုသာ ခေါ်ခဲ့တာဖြစ်ပေမဲ့ ၁၉၉၀ ခုနောက်ပိုင်းကာလ ဆိုရှယ်လစ်နိုင်ငံခေတ် ကုန်ဆုံးသွားခဲ့ပြီး ဂျာမဏီနှစ်နိုင်ငံ ပြန်လည်ပြီး ပေါင်းစည်းမိကြတဲ့အခါမှာ Deutsche Demokratische Republik (de) German Democratic Republic (GDR) အရှေ့ဂျာမဏီနိုင်ငံဆိုတာက ပျောက်ကွယ်သွားခဲ့ရပြီးနောက် Bundesrepublik Deutschland ဆိုတဲ့ ယနေ့ခေတ် ဂျာမဏီ ဖက်ဒရယ် သမတနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့တာပါ၊
Post-war occupied Germany: The British (Green) Soviet (Red) American (Orange) and French (Blue) ၁၉၄၅ ခု စစ်အပြီး ခွဲခြမ်းစိတ်ဖြာ ဂျာမဏီမြေများ |
Member states of the German Empire (Prussia shown in blue) |
အပါအဝင် ဂျာမန်မြောက်ပိုင်းဒေသများနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ၊ ပထမကမ္ဘာစစ်ရှုံးအပြီးက စတင်ပြီး ၁၉၃၃ ထိကာလကိုတော့ Weimarer Republik သို့မဟုတ် Deutsches Reich လို့ခေါ်ဆို ကြပါတယ်၊ နာဇီတွေအားကောင်းလာတဲ့ ဟစ်တလာခေတ် ၁၉၃၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်များက ဂျာမန်တို့ရဲ့နိုင်ငံကိုတော့ Großdeutsches Reich သို့မဟုတ်အင်္ဂလိပ်လို Greater German Reich
ရယ်လို့ အမည်တွင်ခဲ့ပါတယ်၊ အဲဒီကာလ ဂျာမဏီနိုင်ငံရဲ့ အကျယ်အဝန်းဟာ ကနေ့ဂျာမဏီနိုင်ငံ ဆိုတာထက် နှစ်ဆကျော်အထိအောင် ကျယ်ဝန်းခဲ့တာပါ၊ အဲဒီ ၁၈၇၀ ခုနှစ်ကျော်ကာလများကစပြီး ဘာလင်မြို့ဟာ တောက်လျှောက်လိုလို မြို့တော်အဖြစ် တည်ရှိခဲ့ပါတယ်၊ အရှေ့နဲ့အနောက်ဂျာမန် နှစ်ပိုင်းကွဲခဲ့တဲ့ ကာလများမှာတော့ အရှေ့ဂျာမဏီရဲ့မြို့တော်ဟာ အရှေ့ဘာလင် ဖြစ်လာခဲ့ပေမဲ့ အနောက်ဂျာမဏီရဲ့ မြို့တော်ကတော့ အနောက်ဘာလင်မြို့က တည်နေရာအနေအထားကြောင့် မြို့တော်ဖြစ်ခွင့် မရရှိခဲ့ပါဘူး၊ ကိုလုံးမြို့အနီး Bonn ဆိုတဲ့ မြို့ကလေးကသာ အနောက်ဂျာမဏီရဲ့ မြို့တော်အဖြစ် ရွေးချယ်ခံရပြီး ၁၉၄၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ် ဘာလင်တံတိုင်း ဖြိုချခဲ့တဲ့အချိန်ထိ နှစ်ပေါင်း ၄၁ နှစ်ကြာခန့် မြို့တော်အဖြစ် တည်ရှိခဲ့ပါတယ်၊
Freistaat Bayern (de) Free State of Bavaria (en) |
ဧရိယာစတုရန်းမိုင် ၁၃၇၈၄၇ မိုင်သာအကျယ်အဝန်းရှိတဲ့ ဂျာမဏီနိုင်ငံဟာ ၂၆၁၂၂၈ ရှိတယ်ဆိုတဲ့ မောင်ရင်ငတေတို့ရဲ့ မွေးရပ်မြေထက် တဝက်သာသာ ကျယ်တာပါ၊ ဥရောပအလယ်ခေါင် နေရာမှာ တည်ရှိပြီး လူဦးရေက သန်းရှစ်ဆယ်ကျော် ရှိတာကြောင့် လူဦးရေ ထူထပ်သိပ်သည်းမှုက ဥရောပ အနေနဲ့ များပြားတယ်လို့ ဆိုနိုင်ပါတယ်၊ လွတ်လပ်တဲ့ အုပ်ချုပ်ရေးပြည်နယ်ပေါင်း ၁၆ ခုရှိပြီး Free State of Bavaria ခေါ် Freistaat Bayern ဘိုင်ယန်ပြည်နယ်က ဂျာမဏီမှာ အကျယ်ဆုံးပြည်နယ် ဖြစ်ပေမဲ့ စတုရန်းကီလိုမီတာ ခုနှစ်သောင်းကျော် စတုရန်းမိုင် နှစ်သောင်းခုနှစ်ထောင်သာ အကျယ် ရှိတာမို့ ရှမ်းပြည်နယ်ရဲ့ ထက်ဝက်ခန့်သာ ကျယ်ဝန်းပါတယ်၊ ရှမ်းပြည်မှာက လူဦးရေ ငါးသန်းသာ နေထိုင်ပြီး ဘိုင်ယန်မှာတော့ ၁၂ သန်းကျော် နေထိုင်ကြပါတယ်၊ ပါရီမြို့တော်ရဲ့ မေထရိုပိုလီတန် ဧရိယာ Île-de-France ဒေသနဲ့ ဘိုင်ယန်ပြည်နယ်မှာ နေကြတဲ့ လူဦးရေက အတူတူနီးပါးလောက် ရှိပါတယ်၊ ပါရီမြို့တော် မေထရိုပိုလီတန်နယ်မြေက ၁၂၀၁၂ စတုရန်းကီလိုမီတာသာ ရှိတာကြောင့် ပါရီမြို့တော်ဧရိယာက ဘိုင်ယန်ထက် ခြောက်ဆလောက်ပို၍ သေးငယ်ပြီး လူနေခြောက်ဆပိုပြီး ထူထပ်စွာ ရှိနေတယ်လို့ ပြောနိုင်ပါတယ်၊ ဆိုလိုချင်တာကတော့ ပြင်သစ်ပြည်မှာက လူတွေဟာ မြို့တော်ပါရီ ဧရိယာမှာသာ စုပြုံတိုးခွေ့ပြီး နေကြသလို ဖြစ်နေတာပါ၊ ဒါကြောင့်လည်း ပါရီမြို့ရဲ့ မြေဈေးအိမ်ဈေးတွေက ကြီးမြင့်နေတာဖြစ်မှာပါ၊ ဂျာမဏီနိုင်ငံဟာ နိုင်ငံရဲ့အကျယ်က လူဦးရေနဲ့ နှိုင်းစာလိုက်ရင် အနည်းငယ် ကျဉ်းနေသလို ရှိနေပေမဲ့ မြို့တမြို့နဲ့တမြို့ ရွာတရွာနဲ့တရွာ အကြီး အသေးက သိပ်ကွာခြားမှု မရှိလှဘဲ လူတွေက တနိုင်ငံလုံးမှာ ပြန့်နှံ့နေထိုင်ကြသလို ဖြစ်နေတာပါ၊ ပြင်သစ်ပြည်ရဲ့ သာမန်တောမြို့တမြို့မှာက လူဦးရေ ထောင်ဂဏန်းကျော်ခန့်သာ နေထိုင်ကြပေမဲ့ ဂျာမဏီရဲ့ မြို့တွေမှာတော့ သောင်းဂဏန်းနီးပါး နေထိုင်ကြတာမျိုးပါ၊
ဘိုင်ယန်ပြည်က ဆိုလာပြားနဲ့ အိမ်ခေါင်နီ |
လမ်းပန်းဆက်သွယ်ရေးအရလည်း ဥပမာအနေနဲ့ပြောရရင် ဂျာမဏီမှာက လက်မှတ်အလကားရလို့ ဘောလုံးပွဲတပွဲကို သွားလို့ကြည့်မယ် ဆိုကြပါစို့၊ တောင်ပိုင်းက ဘိုင်ယန်မြူးနစ်နဲ့ မြောက်ပိုင်းက မိုင်လေးရာနီပါးလောက် ကွာဝေးတဲ့ Borussia Dortmund BVB 09 တို့ရဲ့အိမ်ကွင်းမှာ ကန်တဲ့ပွဲကို မောင်ရင်ငတေတို့ လူငါးယောက် အတူသွားကြည့်မယ်ဆိုရင် အသွားအပြန် အုပ်စုလိုက် ခရီးသွား လက်မှတ်တန်ဖိုးက ယူရို ၆၀ ကျော် ၇၀ သာကျသင့်မှာဖြစ်ပြီး ပြင်သစ်မှာဆိုရင်တော့ ပါရီမြို့ကနေ အလားတူ မိုင်လေးငါးရာလောက် ကွာဝေးတဲ့ လီယွန်တို့ မားဆေးလ်တို့ကို ဘောလုံးပွဲလက်မှတ် အလကားရတောင်မှ သွားကြည့်ဖို့ ရထားလက်မှတ်ဖိုး မတတ်နိုင်တာနဲ့ စိတ်ကူးမယဉ်နိုင်ပါဘူး၊
ဘေယန်သို့မဟုတ် ဘိုင်ယန်ပြည်သို့အသွား |
ဘိုင်ယန်နယ်သားတွေဟာ သူတို့ကိုသူတို့ ဘိုင်ယန်သည်သာပထမ ဂျာမန်ကဒုတိယလို့ သမိုင်းစဉ် တလျှောက် ခံယူထားကြသူတွေ များကြသလို ဘိုင်ယန်ဟာ ဂျာမဏီရဲ့ အစိတ်အပိုင်းတခုလို့လည်း ပြောသူတွေက ပြောကြပါတယ်၊ ဘိုင်ယန်ရဲ့ အဓိကမြို့ကြီးတွေကတော့ München, Nürnberg, Augsburg မြို့တို့ဖြစ်ကြပြီး ဘိုင်ယန်ပြည်နဲ့ နယ်နမိတ် ဆက်စပ်နေကြတာကတော့ ချက်နိုင်ငံနဲ့ သြစတြီးယားပြည်တို့ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံနဲ့ကတော့ Bodensee ခေါ် Lake Constance နဲ့ ပိုင်းခြားထားပါတယ်၊ ဘိုင်ယန်ပြည်နယ်ရဲ့ မြို့တော်ကတော့ မြူးနစ်ပါ၊ အင်္ဂလိပ်လို Munich မြို့ကို ဂျာမန်ဘာသာမှာတော့ München လို့သာ ရေးကြပါတယ်၊ ဂျာမဏီရဲ့ တတိယအကြီးဆုံးသောမြို့ ဖြစ်ပါတယ်၊ စီးတီးဧရိယာ စတုရန်းကီလိုမီတာ ၃၀၀ ကျော်ကျယ်ပြီး လူဦးရေက တသန်းခွဲခန့်သာ နေကြပါတယ်၊ နှိုင်းယှဉ်ကြည့်မယ်ဆိုခဲ့ရင် ပါရီမြို့စီးတီးဧရိယာက ၁၀၀ စတုရန်းကီလိုမီတာခန့်သာ ကျယ်ဝန်းပြီး လူဦးရေက နှစ်ဒဿမ နှစ်သန်းကျော် ရှိနေတာပါ၊ ဒါကြောင့် လူဦးရေ ထူထပ်မှုမှာ မြူးနစ်မြို့ဟာ ပါရီထက် ငါးပုံတပုံလောက်သာ အတိုင်းအတာ ရှိတာပါ၊ ဂျာမန်မြို့တော် ဘာလင်က
မြူးနစ်ထက်တောင်မှ လူနေကျဲပါးပါသေးတယ်၊ စစ်ကြီးတွေပြီးမှ မြို့ကွက်တွေကို ပြန်လည်နေရာချ တည်ဆောက်ခဲ့လို့ထင်ပါတယ်၊ ဘာလင်မြို့ရဲ့အကျယ်ဟာ စတုရန်းကီလိုမီတာ ၈၀၀ ကျော်ရှိပြီး နေထိုင်သူ လူဦးရေက သုံးသန်းကျော်ရှိတော့ လူနေသိပ်သည်းမှုက နည်းပါးနေရတာ ဖြစ်ပါတယ်၊
Das Neue Rathaus am Marienplatz in München (New Town Hall 1874) |
Österreich သြစတြီးယားက မြစ်ဖျားခံစီးဆင်းလာတဲ့ ကီလိုမီတာ ၃၀၀ နီးပါးရှည်တဲ့ Isar မြစ်ဟာ မြူးနစ်မြို့ကို ဖြတ်သန်းစီးဆင်းသွားပြီးနောက် Donau ဒန်ညုမြစ်နဲ့ပေါင်းဆုံသွားတာပါ၊ ၁၂ ရာစုက စတင်တည်ရှိလာတဲ့ ဒီမြို့ဟာ Duchy of Bavaria နဲ့ Kingdom of Bavaria ခေတ်များတလျှောက် ကစပြီး ဒီကနေ့ကာလထိ ဘိုင်ယန်ပြည်ရဲ့မြို့တော်အဖြစ် သတ်မှတ်ခံခဲ့ရတာပါ၊ ကမ္ဘာစစ်နှစ်ခုရဲ့ ရှုံးခဲ့ရတဲ့ဒဏ်တွေကြောင့် ပျက်ဆီးခဲ့ရတဲ့ မြူးနစ်မြို့တော်ဟောင်းရဲ့ ရှေးအဆောက်အဦများစွာကို အရင်အတိုင်းဖြစ်အောင် ပြန်လည်ပြီး တည်ဆောက်ခဲ့ရပါတယ်၊ မြူးနစ်မြို့ဟောင်းရဲ့ အဓိကနေရာ အချက်အချာကတော့ မြို့တော်ခန်းမများ တည်ရှိရာ Marienplatz ဘဲဖြစ်ပါတယ်၊ ဒီနေရာတဝိုက် ကတော့ မြူးနစ်မြို့သို့ လာရောက်လည်ပတ်ကြသူ လူမျိုးပေါင်းစုံကို တွေ့မြင်ရတဲ့ နေရာဖြစ်သလို ဈေးဆိုင်များ အရောင်းဆိုင်များ ကုန်တိုက်ကြီးများ အစုံအလင် တွေ့ရှိရာနေရာဘဲ ဖြစ်ပါတယ်၊ မြူးနစ်မြို့ရှိ လူဦးရေရဲ့ လေးပုံတပုံက ဥရောပမြို့ကြီးတွေရဲ့ ထုံးစံအတိုင်း ရွှေ့ပြောင်းအခြေစိုက်သူ နိုင်ငံခြားသားများပါဘဲ၊ ဂရိတွေ တူရကီနွယ်ဖွားတွေကို အများဆုံးတွေ့မြင်ရမှာဖြစ်ပြီး Albanians အယ်လ်ဘေးနီးယန်းများ Hrvati ခေါ်တဲ့ Croats ခရိုတ့်မျိုးနွယ်များ Serbs လူမျိုးနွယ်များကိုလည်း အများအပြား တွေ့မြင်ရမှာပါ၊ အင်ဒီယန်းတို့ တရုတ်တို့ရဲ့ စားသောက်ဆိုင်များ ကုန်စုံဆိုင်များကို တွေ့မြင်ခဲ့ရပေမဲ့ လန်ဒန်မြို့တို့ ပါရီမြို့တို့မှာလို တစုတဝေး တနေရာတည်းမှာ ချိုင်းနားတောင်း လစ်တဲလ်အိန္ဒိယ ဆိုတာမျိုးရယ်လို့တော့ ရှိဟန်မတူပါဘူး၊ ရွှေပြည်တော်သားတချို့တော့ မြူးနစ် အနီးနားဒေသတွေမှာ ရောက်ရှိနေထိုင်ကြတယ်လို့ ကြားသိရပါတယ်၊
ပြန်လည်တည်ဆောက်ထားတဲ့ ၁၃ ရာစုက Das Alte Rathaus (de) Old Town Hall (en) |
ဒီမြိုတော်ခန်းမများ တည်ရှိရာ Marienplatz နေရာက မြူးနစ်ဘူတာရုံကြီးကနေ သိပ်ပြီးတော့မဝေး ကွာလှဘဲ လမ်းလျှောက်သွားရင် ရနိုင်တဲ့နေရာပါ၊ မြေအောက်ရထား မြေပေါ်ဓါတ်ရထားများလည်း စုံပါတယ်၊ မြူးနစ်မြို့မှာ မြို့တွင်းမြို့ပြင်သွားလာရေးအတွက် မြေပေါ်ဓါတ်ရထား မြေအောက်ရထား ဘတ်စ်ကားလိုင်းများ အစုံရှိပါတယ်၊ မြို့တွင်းသွား U-Bahn München မှာ လိုင်းပေါင်း ခုနှစ်လိုင်း ရှိပြီး အရှည်ကီလိုမီတာ ၁၀၀ ကျော်ရှိပါတယ်၊ မြူးနစ်မြို့ အပြင်ထိ သွားနိုင်တဲ့ မြေပေါ် မြေအောက် ရထားလိုင်း S-Bahn မှာတော့ ၁၀ လိုင်းရှိပြီး အရှည် ကီလိုမီတာ ၄၅၀ လောက်ရှိပါတယ်၊ ဒီရထား လိုင်းတွေကို ၁၉၇၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး ခေတ်သစ်မြူးနစ်မြို့ရဲ့ အစဦးပွဲတော်ကြီးဖြစ်တဲ့ နွေရာသီအိုလံပစ်ပွဲတော် ၁၉၇၂ ပွဲကြီးနဲ့အတူ မွေးဖွားလာခဲ့တာဖြစ်ပါတယ်၊ ၁၈၇၆ ခုနှစ်က စတင် ပြေးဆွဲခဲ့တဲ့ Tramways ခေါ် Straßenbahn München မြူးနစ်မြို့တွင်းပြေး မြေပေါ်ဓါတ်ရထား လိုင်းများကတော့ ၁၃ လိုင်းရှိပါတယ်၊ မြူးနစ်မြို့ကြီးရဲ့ မြို့လယ်ခေါင် ဖွဲ့စည်းတည်ရှိ ပုံပန်းသဏ္ဍန် ကိုတော့ မောင်ရင်ငတေ စိတ်ထဲမှာ သိပ်ပြီးတော့ သဘောမကျပါဘူး၊ ဥရောပရဲ့ မြို့ကြီးတမြို့ကို မီးရထားစီးပြီး ဆိုက်ရောက်လာပါတယ် ဆိုပါစို့၊ မြို့တော်တော်များများရဲ့ မိန်းဘူတာရုံကြီးတွေက မြို့လယ်အချက်အချာ နေရာတွေမှာသာ ရှိတတ်တာပါ၊ ဘူတာရုံအရှေ့ဘက် မျက်နှာစာကိုလည်း တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ရင်ပြင်သဘောမျိုး ဖြစ်အောင်ထား ကြပါတယ်၊ ဘူတာရုံကြီးရဲ့ အနီးတဝိုက်မှာလည်း ဈေးဆိုင်များ ဟော်တယ်များ မြို့တွင်းမြို့ပြင်သွား ရထားဂိတ်ကားဂိတ်များ တစုတစည်းတည်းရှိပြီး တခါတရံ ရောက်ရှိလာသူများ တမနက်တာသာ အချိန်ရသူများ ဝင်ရောက် ရပ်နားသူများအတွက် လွယ်ကူချောမွေ့အောင် စီစဉ်ထားတာမျိုးပါ၊ မြူးနစ်မြို့ဘူတာရုံကြီးကတော့
ရှေ့ထွက်ပေါက် ဘေးထွက်ပေါက်တွေက ဘယ်လိုပင်ထွက်ထွက် မျက်စိလည်စေပါတယ်၊ လေးငါး ခြောက်ကြိမ်မက ဝင်ထွက်သွားလာဖူးသော်လည်း ဘူတာရုံနဲ့ မြို့ဟောင်းရပ်ကွက်ကို ခြေလျှင်သွား ရမဲ့လမ်းကို ရှာဖွေရ ခက်လှပါတယ်၊ ဘူတာအဆောက်အဦကလည်း ရှေးဟောင်းမဟုတ်ဘဲ ၁၉၆၀ ခုက တည်ဆောက်ခဲ့တာဖြစ်ပြီး ဘူတာနဲ့မတူဘဲ ဈေးကြီးတဈေးလိုလိုနဲ့သာ ပိုပြီးတူနေပါတယ်၊
München Hauptbahnhof မြူးနစ်ဘူတာရုံအဝင်ပေါက် |
FC Bayern München ဘိုင်ယန်မွန်ချမ်း |
ဘိုင်ယန် ဘိုင်ယန်နဲ့ ဘိုင်ယန်မြူးနစ်လို့ ပြောလိုက်ရင်ဘဲ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်သား ဘောလုံးဝါသနာအိုးများ အကုန်လိုလို သိကြပါတယ်၊ သိပ်မကြာခင်က မူလဆရာကြီး မရှိတော့တဲ့ Futbol Club Barcelona ခေါ် Barça ဘာဆာအသင်းက မက်ဆီတို့ ဇာဗီတို့ရဲ့ အသည်းလည်းနာ ကမ္ဘာမကြေလောက်အောင် နှစ်ပွဲပေါင်း ခုနှစ်ဂိုးသွင်းပြီး နှစ်တော်တော်ကြာ မက်ဆီတို့တသိုက်ရဲ့ အောင်ပွဲခံအပြုံးတွေကို ရပ်တန့်သွားအောင် ပြုလုပ်ပြသွားခဲ့ပြီး ချန်ပီယံတွေရဲ့ ချန်ပီယံအသင်းက Fußball-Club Bayern München မြူးနစ်မြို့က ဘိုင်ယန်အသင်းပါဘဲ၊ ဘိုင်ယန်မြူးနစ် ဘောလုံး အသင်းနဲ့ မြူးနစ်ဘောလုံးကွင်းတွေအကြောင်း ဖတ်ရ တွေ့ရရင် မောင်ရင်ငတေမှာတော့ အသက် ခပ်ငယ်ငယ်က ကြားခဲ့ဖူး ဖတ်ခဲ့ဖူးတာလေးတွေကို ပြန်အမှတ်ရစေပါတယ်၊ ငယ်ငယ်က ဘောလုံး ရူးခဲ့ဖူးတော့ အဲဒီအချိန်က တိုင်းနဲ့ ပြည်နယ်ဘောလုံးပွဲတွေကို မြန်မာ့အသံကလွှင့်တဲ့ အချိန်တွေမှာ ဘာတခုမှ မြင်ရတာမဟုတ်တဲ့ သစ်သားနေရှင်နယ် ရေဒီယိုကြီး အနားက မခွာနိုင်ဘဲ နားထောင်ခဲ့ ရတာတွေ အားကာစာစောင်နဲ့ တံခွန်ဂျာနယ်တွေ စုဆောင်းထားခဲ့တာကို ပြန်လည်အမှတ်ရမိ ပါတယ်၊ နောက်ပြီး ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ် ဘောလုံးပြိုင်ပွဲဝင်ခဲ့တဲ့ အအောင်မြင်ခဲ့ဆုံးသော ရွှေခေတ်ကာလ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အကြောင်းပါဘဲ၊ မြန်မာဘောလုံးအသင်းရဲ့ အအောင်မြင်ဆုံးအချိန်နဲ့ တွဲပြီးသိခဲ့ရတဲ့ ဒီဘောလုံးကွင်းကြီးက ဒီကနေ့ ဥရောပချန်ပီယံအသင်းရဲ့ အိမ်ကွင်းဟောင်း ဖြစ်နေပါတယ်၊ ဒီကွင်းကြီးဟာ ပဒု ကမ္ဘာစစ်ပြီးနောက် ပြာပုံဘဝကနေ ပြန်လည် ရှင်သန်ထမြောက်လာတဲ့ အနောက်ဂျာမဏီဆိုတာက ဒါမျိုးဘဲဆိုပြီး အားလုံးကိုပြသနိုင်ဖို့ ပြုလုပ် ကျင့်ပခဲ့သော အိုလံပစ်ပွဲကြီးရဲ့ အဓိက ကစားကွင်းကြီး တကွင်းပါ၊
Olympiastadion München 1972 – 2005 |
2012 UEFA Women’s Champions League Final Olympique Lyon - FFC Frankfurt (2:0) |
ဘိုင်ယန်အိမ်ကွင်းသစ် Allianz Arena |
အဘက်ဘက်မှာ ဥရောပတလွှား တဖြေးဖြေး ပြိုင်ဘက်ကင်းလာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာတဲ့အပြင် ဒီနိုင်ငံထဲမှာမှ ဒီပြည်နယ်ရဲ့ ဖွင့်ဖြိုးတိုးတက်မှုက အမြင့်မားဆုံးလိုလို ဖြစ်လာနေတာက တကြောင်း ဒီကွင်းကြီးရဲ့ အိမ်ရှင်အသင်းကလည်း ကမ္ဘာ့ဘောလုံး ကျားတကောင် ဖြစ်နေပြီး ဒီနှစ် ၂၀၁၃ ခုနှစ် ပူပူနွေးနွေး ဥရောပ ချန်ပီယံ ဖြစ်ခဲ့တာကိုဘဲ ကြည့်ကြပါတော့၊ ဒီကွင်းရဲ့ အပြင်ဘန်း အနေအထား ကြည့်ရင်တောင်မှ သုံးရောင်ချယ်ထားတာပါ၊ နေ့လယ်နေ့ခင်းဘက်မှာတော့ မူလအဖြူရောင်ဖြစ်ပြီး ညပိုင်း ဘောလုံးပွဲချိန်များ ဆိုရင်တော့ ဘိုင်ယန်အသင်းကန်တဲ့ ပွဲဆိုရင် မီးအနီရောင် TSV 1860 အသင်းကန်ရင် မီးအပြာရောင်နဲ့ ဂျာမန်လက်ရွေစင်အသင်း ကန်တာဆိုရင်တော့ မီးအဖြူရောင်များ ကွင်းအပြင်နံရံတခုလုံး ထိန်ထိန်ညီးမတတ် ထွန်းညှိထားတာကို တွေ့မြင်ကြရမှာပါ၊
http://www.youtube.com/watch?v=AzxRmtDeAB0
ဘိုင်ယန်ပြည်အကြောင်း မြူးနစ်မြို့အကြောင်း ပတ်သက်တာတွေကို ရှာဖွေဖတ်ကြည့်လိုက်တာနဲ့ တပြိုင်နက် တွဲပါလာမှာကတော့ ၁၈၁၀ ခုနှစ် ကာလလောက်ကတည်းက စတင်ပြီးကျင့်ပလာခဲ့တဲ့ Oktoberfest ရိုးရာဘီယာပွဲတော်ပါဘဲ၊ အောက်တိုဘာဖက်စ် ဘီယာပွဲတော်မှာ ရောင်းချတဲ့ဘီယာ တလီတာ မတ်ခွက်တခွက်ရဲ့ ဈေးနှုန်းတွေကလည်း ပွဲတော်ကြီး နာမည်ကျော်ကြားလာတာနဲ့အမျှ ဈေးတက်လာတာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကာလက တခွက်ကို ခြောက်ယူရိုလောက် ရှိခဲ့ရာက အခုတော့ ၁၀ ယူရို ထိရောက်အောင် ဈေးနှုန်းက မြင့်တက်လာခဲ့ပါပြီ၊
http://www.dailymail.co.uk/news/article-1313581/Oktoberfest-2010-200th-anniversary-beer-drinkers-ultimate-festival.html |
Augustiner Bräu |
Staatliches Hofbräuhaus in München (de) Royal Brewery in Munich (en) |
ယာယီဘီယာတဲကြီး Hofbräu-Festzelt
ဒါကြောင့်လည်း ဒီဘီယာဆိုင်ခွဲများနဲ့အတူ စီးပွားရေးအရ တွက်သားကိုက်မှန်း သိလာကြလို့ ပုံစံတူ အောက်တိုဘာ ဘီယာပွဲတော်တွေကိုလည်း ဂျာမဏီနိုင်ငံ တဝှန်းအပြင် အမေရိကန်မြို့ကြီး အများ အပြား အပါအဝင်နဲ့ တခြား ကမ္ဘာ့မြို့ကြီး တချို့မှာ အပြိုင်အဆိုင် ပြုလုပ်လာကြပြီး Hofbräuhaus ဘီယာဆိုင်ကြီးရဲ့ Hofbräu-Festzelt ဘီယာတဲကြီးနဲ့ ပုံစံတူတွေကိုလည်း များစွာတွေ့ရှိ နေရပါပြီ၊ မြူးနစ်အောက်တိုဘာ ဘီယာပွဲကြီးမှာ လက်ရှိရှိနေသော သုံးလကြာ အချိန်ယူ တည်ဆောက်ရတဲ့ ယာယီဘီယာတဲကြီး Hofbräu-Festzelt ကို အိုလံပစ်ပွဲတော် ပြုလုပ်တဲ့ ၁၉၇၂ ခုနှစ်က စတင်ပြီး အသုံးပြုခဲ့တာဖြစ်ပြီး ဘီယာသောက်သုံးသူ စုစုပေါင်း တဲအတွင်း တဲအပြင် လူတသောင်းကျော် တပြိုင်နက်တည်း သောက်သုံးနိုင်ပါတယ်၊ ပွဲတော်ရက် ၁၆ ရက်အတွင်းမှာ ဘီယာလီတာပေါင်း ခြောက်သိန်းကျော် ခုနှစ်သိန်း ရောင်းချရပြီး အမြည်းကြက်ကင် အကောင်တသိန်း နီးပါးလောက် မြည်းသွားကြပါတယ်လို့ ဆိုကြပါတယ်ခင်ဗျာ၊ ဒီ ၁၆ ရက် အတွင်းမှာ ဘယ်လောက် အခွန်အခတွေ ပေးရပြီး ဘယ်လောက် တွက်သားကိုက်မလဲ ဆိုတာကတော့ ဒီပွဲတော်ကြီး တနှစ်ထက်တနှစ် ပိုမို ကြီးကျယ်လာတာကိုဘဲ တွက်ဆကြည့် တွေးကြည့်လို့ ရနိုင်တယ်လို့ ထင်ပါတယ်၊
BMW Head Quarters in Munich Germany. |
အဓိကထုတ်လုပ်တာကတော့ လျှပ်စစ်ပစ္စည်းများအပြင် ခုနောက်ဆုံးပေါ် Siemens Velaro အမြန် ရထားများ ထုတ်လုပ်တာပါဘဲ၊ Fujitsu Siemens, Nokia Siemens တို့ကတော့ လူသိများပြီးသား အမည်တွေပါဘဲ၊ ဆီးမန်းကုမ္ပဏီရဲ့ ရုံးချုပ်ကတော့ မြူးနစ်မှာရော ဘာလင်မှာပါ ရှိနေတာပါ၊ BMW မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်များကိုတော့ အားလုံးသိကြပါတယ်၊ ဒီကားကုမ္ပဏီကတော့ မြူးနစ်မြို့မှာ ပေါက်ဖွားလာတာပါ၊ တနှစ်ကို ကားအစီးရေ တသန်းခွဲခန့်နဲ့ ဆိုင်ကယ်စီးရေ တသိန်း ကျော် ထုတ်လုပ်နေတဲ့ ဒီကုမ္ပဏီဟာ ၁၉၉၈ ခုနှစ်မှာတော့ အင်္ဂလန်က နာမည်ကျော် Rolls-Royce ကားကုမ္ပဏီကိုပါ သူ့ရဲ့လက်အောက်သို့ သွပ်သွင်း ဝယ်ယူခဲ့ပြီးပါပြီ၊ BMW ရဲ့ မော်တော်ကားများ မော်တော်ဆိုင်ကယ်များဟာ ဈေးအနည်းငယ် မြင့်မားသော်လည်းဘဲ ခိုင်မာမှု ခန့်ထည်မှုတို့ကြောင့် ကားလောက ဆိုင်ကယ်လောကမှာ လူကြိုက်များလှတာ ဖြစ်မှာပါ၊
ဆီမန်းရဲ့ နောက်ဆုံးပေါ် အမြန်ရထား Siemens Velaro |
(၁၈၇၉-၁၉၅၅) ကတော့ မြူးနစ်မြို့မှာ မွေးဖွားခဲ့တာ မဟုတ်ပေမဲ့ အသက်တနှစ် မပြည့်ခင်မှာဘဲ မြူးနစ်မြို့သား ဖြစ်ခဲ့တာပါ၊ ၁၈၉၄ ခုနှစ်ကုန်အထိ အိုင်းစတိုင်းဟာ သူ့ရဲ့ငယ်ဘဝကျောင်းသားဘဝ ၁၄ နှစ်မျှ ဖြတ်သန်းခဲ့တာ ဖြစ်ပေမဲ့ အိုင်းစတိုင်း အမှတ်တရနဲ့ ပတ်သက်တာတော့ မြူးနစ်မြို့မှာ ဘာတခုမှ ထင်ထင်ရှားရှား မတွေ့ရှိတာကတော့ အံ့သြစရာ တခုပါဘဲ၊ မြူးနစ်မြို့မှာ နေထိုင်ခဲ့ဖူးသူ နောက်တဦးကတော့ သြစတြီးယားပြည် အရှေ့တောင်ပိုင်းဒေသက Thal ဆိုတဲ့ မြို့ကလေးမှာ မွေးဖွားခဲ့သူ ကမ္ဘာကျော် အလေးမသမား ကာယဗလသမား မောင်စကြာစဠာ ဟောလီဝုဒ် ရုပ်ရှင် မင်းသားကြီး ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှုးဟောင်း Arnold Schwarzenegger (၁၉၄၇- ) ဖြစ်ပါတယ်၊ အာနိုးကြီးကတော့ အမေရိကသို့ ရွှေ့ပြောင်းမနေထိုင်မီ ၁၉၆၆ ခုဝန်းကျင်ကာလမှာ နှစ်နှစ်ကျော်လောက် မြူးနစ်မြို့မှာ နေထိုင်သွားခဲ့ဖူးတာပါ၊ အမေရိကန်နိုင်ငံသူ အာဖရိကနွယ်ဖွား ၁၉၇၀ ခုနှစ်များဆီက ဒစ်စကိုဘုရင်မကြီး အဆိုတော် Donna Summer (၁၉၄၈- ၂၀၁၂) ကတော့ သူမ အသက် ၂၀ ခန့်အရွယ် ၁၉၆၈ ခုနှစ်လောက်မှာ မြူးနစ်မြို့သို့ ရောက်ရှိနေထိုင်သွားခဲ့ဖူးပြီး သူမရဲ့ သီချင်းတချို့ကိုလည်း ဂျာမန်လို သီဆိုထုတ်လုပ် ဖြန့်ချီခဲ့ဖူးပါတယ်၊ မြူးနစ်မြို့မှာ နေထိုင် နေစဉ် သြစတြီယား ရုပ်ရှင်မင်းသား Helmuth Sommer နဲ့တွေ့ဆုံ လက်ထပ်ခဲ့ပြီး သမီးတဦးကို မြူးနစ်မြို့မှာဘဲ မွေးဖွားခဲ့တာပါ၊ ကမ္ဘာကျော် Queen တေးဂီတ အဖွဲ့ကြီးက လိဒ်ဂစ်တာတီးခတ်သူ တေးရေးဆရာ အဆိုကျော်ကြီး အိန္ဒိယနွယ်ဖွား အာဖရိကအရှေ့ခြမ်း အိန္ဒိယသမုဒ္ဒယာထဲက သာယာလှပတဲ့ ပင်လယ်ကမ်းခြေများရှိတဲ့ Zanzibar ကျွန်းစုနိုင်ငံလို့ ခေါ်တွင်ခဲ့ဖူးတဲ့ ၁၉၆၄ ခုနှစ် နောက်ပိုင်းမှာ Tanzania နိုင်ငံနဲ့ ပေါင်းစည်းသွားခဲ့တဲ့ ဇန်ဇီဘာနိုင်ငံရဲ့မြို့တော် Stone Town ခေါ် Zanzibar City မြို့မှာမွေးဖွားခဲ့သူ Freddie Mercury (၁၉၄၆-၁၉၉၁) လည်းဘဲ မြူးနစ်မြို့မှာ နေခဲ့ဖူးသူတဦး ဖြစ်ပါတယ်၊
Marienplatz မြေအောက်ဘူတာအတွင်း |
မြေပုံများနဲ့ တခြားလက်လှမ်းမမှီနိုင်သော ပုံများကို အင်တာနက်ဂူဂယ်လ်မှ ရယူပါတယ်၊
Comments