Nat Sae - Essay

ဆုနဲ့ ဒဏ်
နတ်စည်
ဇွန် ၄၊ ၂၀၁၃



“ငရဲကြီးတော့မယ် ဟေ့ ... ငရဲကြီးတော့မယ်”

တိုင်ပင်ကိုက် ထပ်ပြောဆိုနေသံကြောင့် နားစွင့် မိသည်၊ ခင်မေထွန်းနဲ့ ယမင်းတို့အသံ၊ ဘာများ ဖြစ်ကြ ပြန်ပြီလဲ မသိ၊

“နီနီတို့ရေ ဟောဒီမယ် ကိုညီညီတို့ ဘုရားအုတ်ခုံပေါ်တက်ပြီး ခိုလေးတွေကို ခဲလုံးနဲ့ လိုက်ပစ်နေတာ ခိုလေးတစ်ကောင် မှန်သွားပြီ”

“ညီညီထွန်းဝေနဲ့ စည်သူထွေးတို့ နင်တို့ ဝဋ် လိုက်မယ် ... ငရဲကြီးမယ် သိရဲ့လား”

“ဟင်း ... နီနီကလဲ၊ သားတို့က သတ်တာမှ မဟုတ်ဘဲ ကစားတာဟာ”

“ဟဲ့ ... ကိုယ်ပျော်ဖို့ သူများကို မညှင်းဆဲ ရဘူးလို့ ဘုန်းဘုန်း သင်ထားတာလေ”

“မိနွယ်ကလဲဟာ ဒါလောက်နဲ့တော့ ငရဲမကြီး လောက်ပါဘူး”

“ကောင်းမြတ် ... နင်မြှောက်မပေးနဲ့၊ အဝီစိ ချိုးကပ်မယ်”

“ဟ ... အဝီစိကျလဲ ရေတောင်များများ သောက်ရသေး ... နော့ကွာ ကောင်းမြတ်”

“လာပြန်ပြီ ကိုဇင်မင်း၊ အဝီစိကျပါတယ်ဆိုမှ ဘယ်က ရေများများသောက်ရမှာလဲ”

“ဟဲ့ ... မိနွယ်ရ၊ ခုခေတ်အဝီစိက မပူလောက်တော့ဘူး၊ တို့အိမ်မှာတူးထားတဲ့ အဝီစိတွင်းဆို ရေတွေကပန်း နေတာ ဟဲဟဲ”

“ဒါဆို ကိုဇင်မင်း၊ ဓာတ်ငွေ့တွေ တူးလို့ရတာကြရော၊  ငရဲအိုးကင်းက အငွေ့ထွက်တာလို့ ပြောရမှာပေါ့နော ကိုကောင်း”

အာဂကလေးတွေ၊ အဲ ... လူငယ်တွေ၊ ကြည့်စမ်း ပြောနေလိုက်ကြတာ၊ ဓာတ်ငွေ့တွေကိုတောင် နီလာထွန်းက ဆွဲပြောလိုက်သေး၊ ကောင်းတယ် ... ကောင်းတယ်၊ ခုလို စူးစူးစမ်းစမ်း ရှိကြတာ၊ “မစူးမစမ်း၊ ဉာဏ်မြင်ကန်း၊ စူးစမ်း ဉာဏ်ကြီးသည်” လင်္ကာလေးတောင် ရှိသေး၊ မစူးစမ်းဘဲ၊ ယုံလွယ်ပြုလွယ်တာနှင့်စာရင် စူးစမ်းငြင်းဆန်တာက ဉာဏ်နှင့် ယှဉ်လို့ အကျိုးနှင့် နီးလွယ်မည်၊ အတွေးဖြင့် သူတို့လေးတွေရှိရာ ကျောင်းထောင့် အင်ကြင်းပင်ရိပ်ဆီ လာခဲ့သည်။

“ဘုန်းဘုန်း ငရဲတို့ နတ်ပြည်တို့ဆိုတာ ရှိလားဟင်”

မေးခွန်းကြီးနှင့် ဆီးဆောင့်လိုက်သူက ထုံးစံအတိုင်း ကောင်းမြတ်ထွန်း၊ ရှိတာပေါ့လို့ ဖြေလုလုမှာ ဆင့်လာမည့် မေးခွန်းတွေ၊  တက်လာမည့် ကွန်ပလိန့်တွေကို လှမ်းမြင်မိမှ ...

“ဘာဖြစ်လို့လဲ ကိုကောင်းရဲ့”

“ခုနက သားတို့ ပြောနေကြတာ ငရဲပြည်တို့ အဝီစိတို့ဆိုတာ အဖွားပြောသလို ငရဲမီးတွေ ခွေးနက်ကြီးတွေ မရှိလောက်တော့ဘူး၊ အဝီစိတွင်းဆို ရေတွေထွက်နေတာလေ၊ နောက်ပြီး နတ်ပြည်ဆိုတာကကော ဘယ်နားမှာလဲ အင်္ဂါဂြိုဟ်တို့မှာ လူတွေရောက်နေပြီလေ၊ မိုးပေါ်မှာဆို တွေ့ရမှာပေါ့”

ဟုတ်ပဟေ့၊ ITခေတ် လူငယ်တွေ၊ ငရဲခန်းနဲ့ခြောက်၊ ဘုံခန်းနဲ့မြှောက်လို့ မရတော့တာကတော့ ဧကန်၊ စာတုမဟာရာဇ်အစ ဝသဝတ္တိအဆုံး နတ်ပြည်ခြောက်ထပ်နှင့် သိဉ္ဇိုးအစ အဝီစိအဆုံး ရှစ်ထပ်သော ငရဲကြီးတို့ကို အသာထားကာ သင်းကလေးတို့ နားဝင်လွယ်မည့် ဓမ္မကို စဉ်းစားရသည်။ ဒီမေးခွန်းလေးသည် အားလုံးရဲ့ အာဘော်ဆိုတာ ရှေ့မှာ စုရုံးလာကြသည့် သင်းတို့လေးတွေကို ကြည့်၍ သိနိုင်သည်လေ။

“အေး ... ဘာသာတရားတိုင်း ဘာသာတိုင်းရဲ့ ကျမ်းစာတွေမှာတော့ ရှိတာပေါ့ကွယ် ... အဲ ... သိပ္ပံ ပညာကလည်း မရှိဘူးလို့ မငြင်းဆိုသေးပါဘူး”

အရာရာကို လက်တွေ့နှင့်ဆုံးဖြတ်သော၊ သိပ္ပံနည်းကျမှ ယုံလိုသည့်ခေတ်တွင် လက်တွေ့မပြတတ်ရုံနှင့် ကောင်း မြတ်သော အယူအဆတို့သည် ပျောက်ကွယ် ရတော့မည်လော၊ ထို့ပြင် သိပ္ပံပညာဆိုသည်မှာ “မှန်ခြင်း” နဲ့ “မှားခြင်း” (Right or Wrong) ကိုသာ ဆုံးဖြတ်နိုင်ပြီး၊ “ကောင်းခြင်း” နဲ့ “ဆိုးခြင်း” (Good or Bad) ကိုမူ ဘာသာတရားကသာ ပြုလုပ်နိုင်သည် မဟုတ်ပါလား၊ ဒီအကြောင်းကို တလောကပင် ဒဿန ပါမောက္ခကြီးတစ်ဦးရေးတာ ဖတ်လိုက်မိသေးသည်၊ တဖြည်းဖြည်း သူတို့လေးတွေကို ရှင်းပြရမည်၊ လောလောဆယ်တော့ ..

“ဒီလိုကွယ့် ... ငရဲဆိုတာ နိ - အယ ချမ်းသာကင်းသော ဆင်းရဲအတိဖြစ်ခြင်းကိုခေါ်တာဖြစ်ပြီး နတ်ပြည်ဆိုတာ သဂ္ဂလောက  မြင့်မြတ်သူတို့လားရာ၊ ကောင်းသူတို့ နေရာလို့ ဆိုတာပေါ့ကွယ်”

“ငရဲကြီးတယ်ဆိုတာ ဆင်းရဲခြင်း ကြီးလိမ့်မယ် လို့ဆိုတာပေါ့နော် ဘုန်းဘုန်း”

“အေး ... ကိုတေဇာကြီး ပြောသလို ထင်မယ်ဆိုလည်း ထင်နိုင်ပါတယ်ကွယ်၊ တကယ်တော့ ငရဲဆိုတာ အတ္တကြီးတဲ့သူ၊ သူတစ်ပါးသတ်ဖြတ် ညှင်းဆဲသူ၊ လိမ်သူ ကောက်သူစတဲ့ ဆိုးယုတ်သူတွေအတွက် ပြစ်ဒဏ် အဖြစ်ရှိနေပြီး၊ နတ်ပြည်ဆိုတာကတော့ အများအရေး ဆောင်သူ၊ သူတစ်ပါးကို ကြင်နာစောင့်ရှောက်သူ စတဲ့ ကောင်းသူတွေအတွက် ဆုလာဘ်အဖြစ် သတ်မှတ်ထားခဲ့ ကြတာပေါ့ကွယ်။

“ကောင်းတာလုပ်သူတွေအတွက် ဆုလာဘ်၊ မကောင်းတာလုပ်သူအတွက် အပြစ်ဒဏ်လား ဘုန်းဘုန်း”

“အေး အေး ဆိုပါတော့ကွယ်”

ပြုအပ်တာကို မပြုမိ၍ နောင်တဆင်းရဲ၊ မပြုအပ်တာကို ပြုမိ၍ ပူပန်ဆင်းရဲ၊ မပြုအပ်တာကို ရှောင်ခဲ့လို့ လွတ်လပ်ချမ်းသာ၊ ပြုအပ်တာကို ပြုခဲ့လို့ ပျော်ရွှင်ချမ်းသာ စတဲ့သဘောတွေကိုတော့ သင်းတို့လေးတွေ နားထွေး ကုန်ရော့မည် ... ဒါကြောင့် ...

“ဒါပေါ့ ... ကိုကောင်းရဲ့၊ ဒီအကြောင်းကို သားတို့ ထင်ဟပ်လွယ်အောင် ပုံဝတ္ထုလေးတစ်ခု ဘုန်းဘုန်းပြောပြမယ်၊ တစ်ခါတုန်းက သားတို့ သမီးတို့လိုဘဲ ငရဲနဲ့ နတ်ပြည်ကို သိလိုတဲ့ လူငယ်လေးတစ်ယောက်ကို သူ့ဆရာရှင်က ပြသဖို့ရန် ပထမ တနေရာကို ခေါ်သွားပါသတဲ့၊  ရောက်တဲ့အခါ (သူတို့မေးမည့်အရေး ကြိုသိသည့် အနေဖြင့် လက်နှစ်ဘက်လုံးကို ဘေးသို့ ဆန့်ထားကာ) တလံလောက်အရိုး ရှည်တဲ့ ရေမှုတ်ကြီးတွေနဲ့ ရေသောက် နေကြတဲ့ သူတွေကို ပြသတဲ့၊ အဲဒီသူတွေ ဟာ ရေမှုတ်ရှည်ကြီးကို အဖျားကကိုင်ပြီး ပါးစပ်ထဲ ရေထည့် နေတာ ဘယ်လိုမှ ရေကမဝင်၊ သောက်လို့မရတဲ့ အတွက် ရေငတ်တာထက်ပိုပြီး ဆင်းရဲကြရသတဲ့။ အဲဒါ ငရဲပေါ့လို့ ပြောသတဲ့။

နောက်တစ်ခါ တနေရာကို လိုက်ပြပြန်သတဲ့၊ ရောက်တဲ့အခါမှာလည်း အဲလို ရေမှုတ်ရှည်ကြီးတွေနဲ့ ရေသောက်နေ ကြတာ တွေ့ရပြန်သတဲ့၊ ဒါပေမယ့် ဒီမှာက ရေမှုတ်ကြီးတွေကို တစ်ယောက်ကကိုင်ပြီး အခြားတစ်ယောက်ပါးစပ်ထဲ လောင်းပေးနေကြတာ၊ တိုက်ပေးနေကြတာတဲ့၊ ဝလင်အောင် သောက်သုံးကြရတော့ ချမ်းသာကြရသတဲ့။ အဲဒါ နတ်ပြည်လို့ ပြောလိုက်သတဲ့။

ဒီမျှဆို သူတို့လေးတွေ မိတ်ဆက်နိဒါန်းတော့ ရလောက်ပြီ၊ စကားသတ်ရန် ...


“ကိုင်း ... အဲဒါကြောင့် အတ္တကြီးသူတွေအတွက် ငရဲဟာ ရှိနေမှာဖြစ်ပြီး၊ သူတစ်ပါးအကျိုး သည်ပိုးသူတွေ အတွက်လည်း နတ်ပြည်ဟာ ရှိနေမှာပေါ့ကွယ်”။     ။

Comments