စင်တီယာဂို၊ အဘွားကြီးနှင့် ပင်လယ်ထဲသို့
ဖိုးထက်
ဇွန် ၇၊ ၂၀၁၃
အခုလောလောဆယ် ကျွန်တော့်လက်ထဲမှာ ဖတ်စရာ စာအုပ်တွေ များနေသည်။ မြန်မာနိုင်ငံကို အလည်ပြန်ရင်း ပြန်ခါနီး တစ်ရက်အလိုမှာ ကမြောသောပါး ၀ယ်ချလာသော စာအုပ်တွေ ဖြစ်သည်။ ဆရာနိုင်ဦး ဘာသာပြန်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စာတမ်းတွေဖြစ်သည့် “ဒီမိုကရေစီရှာပုံတော်”။ ပြီးတော့ ဆရာမ ဂျူးရဲ့ “အောက်ခြေသန်းတစ်ထောင်”။ နောက် ဆရာကြီး ဒေါက်တာသန်းထွန်း၏ “တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ”။ နောက်ဆုံး တစ်အုပ်က ဆရာဖေမြင့်၏ “ဘာကြောင့် ဒီမိုကရေစီလိုချင်ရသလဲ” ဆိုသည့် စာအုပ်များ ဖြစ်သည်။
ကျွန်တော် ရွေးချယ်ခဲ့သည့် စာအုပ်တွေကို အခန်းကို ပြန်ရောက်တော့ ပြန်စီကြည့်မိသည်။ ဘယ်စာအုပ်ကို အရင်ဆုံး ကောက်ကိုင်ရမလဲ။ လေယာဉ်ပေါ်မှာ ဆရာမဂျူး၏ အောက်ခြေသန်းတစ်ထောင် ဖတ်လာတာက ပြီးလုခါနီးပြီ။ ဆရာမက အင်္ဂလိပ်စီးပွားရေး ပညာရှင် ပေါလ်ကိုလီယာ (Paul Collier) ၏ The Bottom Billion စာအုပ်နှင့် မြန်မာနိုင်ငံမှာ သူလာပြီး ဟောပြောစဉ်က အကြောင်းအရာတွေကို ကျွန်တော်တို့လို သာမန်စာဖတ်သူတွေ နားလည်အောင် ခံစားရေးဖွဲ့ထားသည်။ နိုင်ငံတွေ တိုးတက်ခြင်း၊ မတိုးတက်ခြင်း၊ လူမျိုးတွေ အောင်မြင်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေကို ပညာရှိဆန်ဆန် ခွဲခြမ်းစိတ်ဖြာ ထားတာတွေ ဖတ်ရတာ အသိအမြင်အသစ်တွေ ရသည်။ သို့သော်…သို့သော်…ကျွန်တော့်အတွက် ဆရာမရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ထုတ်ဝေသူ စာအုပ်ပါးပါးလေးက ဖိစီးလွန်းလှသည်။ နောက်မှ ဆက်ဖတ်တော့မယ်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။
ဆရာကြီး ဒေါက်တာသန်းထွန်းစာအုပ်ကတော့ ပုဂံကို စိတ်ဝင်စားသောကြောင့် ၀ယ်လာမိသော်လည်း စိတ်နား၊ လူနား ဖြစ်မှဖတ်မှပါလေဟု တွေးမိပြီး စာအုပ်ပုံထဲသို့ ထိုးထည့်လိုက်သည်။ ဒီမိုကရေစီရှာပုံတော် ဆိုသည့် စာအုပ်မျက်နှာဖုံးက ဒေါ်အောင်ဆန်းစုကြည်ပုံနှင့်ဆိုတော့ စိတ်ဝင်စားမိသည်။ တကယ်ဖတ်ကြည့်တော့ ဆရာနိုင်ဦး ဘာသာပြန်တာတွေကို အင်္ဂလိပ်စာ အားနည်းသော ကျွန်တော်က အားမရ။ ၀ါကျတွေ ရှည်သည်။ ဖတ်ရတာ ထောင့်သည်။ ပြီးတော့ အကြောင်းအရာတွေက ကျွန်တော် ဖတ်ဘူးသည့် နေရူးရေးသည့် အိန္ဒိယကို တွေ့ရှိခြင်း (ဆရာဘိုးလှိုင် ဘာသာပြန်သည်ဟု ထင်) ထဲက အကြောင်းအရာတွေနှင့် သိပ်မတိမ်းမယိမ်း။ ဒေါ်အောင်ဆန်းစုကြည်၏ ဥာဏ်ပညာနှင့် မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံအပေါ်မှာ ထားရှိသော အမြင်တွေကို ဖတ်လိုက်ရပေမယ့် ပြီးဆုံးအောင် ဖတ်ဖို့ စိတ်အားက သိပ်မထက်သန်။ နောက်မှ အေးအေးဆေးဆေး ဖတ်တော့မယ်ဟု စာအုပ်ပုံထဲသို့ ထိုးထည့်လိုက်ပြန်သည်။
ဆရာဦးဖေမြင့်၏ “ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ” ဆိုသည့် စာအုပ်ကတော့ ခေါင်းစဉ်ဖတ်ပြီး လူက လေးလံသွားသည်။ ကျွန်တော့်မှာ အဖြေရယ်လို့မှ တိတိကျကျ မရှိခြင်းကြောင့်လဲ ဖြစ်နိုင်ပါ၏။ ဆရာကြီး၏ တက်ကျမ်းတွေကို မဆုတ်ယုတ်အောင် မနည်းကြိုးစားနေရသော ကျွန်တော့်အတွက် မခိုက်။ ဝေးဝေးနေမိသည်။ ဒါပေသိ ဆရာကြီး၏ “စာအုပ် ကမ္ဘာ” စာအုပ်ကတော့ ဖတ်စရာ စာအုပ် အသစ်မရှိတော့တိုင်း ဆွဲယူဖတ်နေမိသည့် ဘယ်တော့မှ မရိုးနိုင်သော စာအုပ်ဖြစ်သည်။ ပြီးတော့ ဆရာ၏ဥာဏ်ပညာ၊ စေတနာ က ကျွန်တော်တို့အတွက် စိုးစဉ်းမျှ သံသယဖြစ်စရာ မလိုဘူးဟု ထင်မိသည်။ ဒါကြောင့်လဲ စာအုပ်ကို ဆွဲယူဝယ်ချမိလာဖြင်းဖြစ်နိုင်သည်။ ဆရာ့ရဲ့ စာအုပ်ကျောဖုံးမှာ ရေးထိုးထားသည့် “ဒီမိုကရေစီဆိုလျှင် လွတ်လပ်မှု၊ တရားမျှတမှု နှင့် တန်းတူညီမျှမှုတို့ ရှိရလိမ့်မည်။” ဆိုသည့် Quote လေးနဲ့တင် အတော်ကြီး လုံလောက်သွားသည်။ မတိုလွန်း၊ မရှည်လွန်း ဆောင်းပါးလေးတွေနှင့်ဖွဲ့ စည်းထားသည့် ဆရာ့စာအုပ်က တစ်ထိုင်ထဲ ဖတ်မပြစ်သင့်ဘူးလို့ တွေးမိပြန်သည်။ အိတ်ထဲမှာ ထည့်ထားရင်း ရထားပေါ်မှာ၊ ကားပေါ်မှာ သွားရင်း လာရင်း ဖတ်၊ တွေးတာပေါ့ဟု တွေးပြီး ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။
ပြီးတော့ အလုပ်ကို ပြန်ပြန်ခြင်း လုပ်စရာ အလုပ်ကြွေးတွေက တောင်လိုပုံနေသည်။ အရင်က လက်စမသပ်ရသေးသော အလုပ်များ၊ အလုပ် အသစ်များကို ဘယ်က စပြီး ဘယ်လို ရှင်းရပါ့မလဲဟု တွေးမရအောင် စိတ်တွေ ရှုပ်သွားသည်။ စိတ်ရှုပ်နေလျှင် တွေးစရာတွေ ပါသည့် စာအုပ်တွေကို မဖတ်ဘဲ နေတာ အကောင်းဆုံးပါဘဲဟု တွေးမိသည်။ စာမဖတ်ဖြစ်သူတို့ ထုံးစံအတိုင်း အင်တာနက်မှာ FB သုံးဖြစ်သည့် အချိန်တွေတိုးလာသည်။ တစ်ချိန်တည်းမှာ စာတစ်အုပ်အုပ်တော့ ဖတ်ရမယ်လို့ တွေးနေမိပြန်သည်။ ကံကောင်းလှစွာဖြင့် မိတ်ဆွေတစ်ယောက်မှ “စာအုပ်တစ်အုပ် အရမ်း Hot နေတယ်။ ဖတ်ကြည့်ရအောင်ဗျာ။ အင်တာနက်မှာ ရှာစမ်းပါ။” ဟု အကြံပေးသလိုလိုနှင့် ခိုင်းလာသည်။
သူညွှန်းသည့် စာအုပ်က “မင်းဒင်၏ သက်ခိုင်”။ အရင်က ဆရာကြီး အောင်ဗလ (ကြေးမှုံ ဦးသောင်း) ၏ နိုင်ငံရေး စာအုပ်များကို ဖတ်ဘူးသော်လည်း ကျွန်တော်တို့ ခေတ်မှ မဟုတ်သော လူကြီးများ၊ လူချီးများအကြောင်းအရာတွေဆိုတော့ ဗဟုသုတရသည်။ ပေါ့ပေါ့ပါးပါး ဖတ်သွားလို့ရသည့် ဆရာကြီး၏ စာရေးဟန်ကို အတုခိုး၊ အားကျရတာဘဲ ရှိသည်။ အရမ်းကြီးတော့ စိတ်ထဲ မစွဲလှ။ သို့တည်းမဟုတ် ဆရာကြီး၏ ပါရမီကို ကျွန်တော် လိုက်မမှီတာလဲ ဖြစ်နိုင်ပါ၏။ အခုတော့ သူငယ်ချင်းက စာအုပ်ထဲမှာ သူ့အဖေအကြောင်းလဲ ပါသည်ဆိုတာနှင့် စပ်စပ်စုစုနိုင်သည့် ကျွန်တော့်စိတ်ကို လှုပ်နှိုးလိုက်သည်။ ဆရာမင်းဒင်၏ စာအုပ်ကို အင်တာနက်မှာ လိုက်ရှာတော့ တွေ့သည်။ ကိုယ့်ဘာသာ စာဖတ်အား မဆိုးဘူးဟု ထင်ထားသော ကျွန်တော့်အတွက် ၂၀၀၉ ခုနှစ်ကတည်းက ရေးနေသော ဆရာ့စာတွေကို မဖတ်မိတာ အတော်လျှော်တဲ့ ငါဘဲလို့ ကောက်ချက်ဆွဲလိုက်သည်။
စာအုပ်ကို စဖတ်တော့ ငယ်မူငယ်သွေးတွေ ပြန်လာသည်။ ဆယ်တန်းအောင်ခါစက စွဲစွဲမြဲမြဲ လက်က မချတမ်း ဖတ်သည့် ဆရာကြီး မင်းသိင်္ခ၏ စနေမောင်မောင် ဇာတ်လမ်းတွေလို လက်က မချတမ်းဖတ်မိသည်။ လူဆိုတာမျိုးက ကောင်းတာထက် မကောင်းတာကိုသာ ပိုပြီး အသိအမှတ်ပြု၊ ပိုပြီး သိချင်သည့် ဗီဇစိတ်ကြောင့်လဲ ဖြစ်နိုင်သည်။ သူငယ်ချင်း၏ အဖေကတော့ မိုးကာအင်္ကျီ လေး တစ်ထည်ကိုမှဘဲ ဇာတ်လိုက်ကြီး ကိုသက်ခိုင်က အတော်ကြီး ကြိုးစားလာဘ်ထိုးရသည် ဆိုတာနှင့်ကို သူ့သား ကျွန်တော့်သူငယ်ချင်းကို ပိုပြီး ခင်တွယ်သွားရသည်။ စပ်စုစိတ်၊ သိချင်စိတ်၊ တစ်ခန်းနှင့် တစ်ခန်း အဆက်အစပ်ရှိရှိ ပိုင်နိုင်လွန်းလှသည့် ဆရာမင်းဒင်၏ သက်ခိုင် ကို မျက်စိအောက်က အပျောက်မခံဘဲ လိုက်ကြည့်မိသည်။ သို့သော် ကျွန်တော် ရှာထားသည့် PDF ထဲမှာ ကိုသက်ခိုင်၏ ဇာတ်သိမ်းပိုင်း မပါ။ အိမ်ကို လှမ်းဝယ်ခိုင်းရသည်။ ပြီးတော့ လူကြုံရှာရအုံးမည်။ ဘယ်လောက်များ အူယား စိတ်တိုဖို့ ကောင်းလိုက်သလဲ။ ဘာမှမတတ်နိုင်။ ဆရာမင်းဒင်ကို လေးစားသော အားဖြင့် အဆုံးသတ်ကိုလဲ မရ၊ အရ အင်တာနက်မှာ လိုက်ရှာ ဖတ်မနေချင်တော့။ အိမ်က စာအုပ်ရောက်လာမည့် ရက်ကို စိတ်ရှည်ရှည် စောင့်ရုံသာ ရှိတော့သည်။
သိချင်စိတ်၊ ဖတ်ချင်စိတ်များ မရိုးမရွဖြင့် မတည်မငြိမ်ဖြစ်နေခြင်းကို စာဖတ်ခြင်းနှင့် ဖြေဖျောက်မှ ရမည်။ စာတစ်အုပ်အုပ်တော့ ဖတ်နေမှ ရမည်။ ဘာစာအုပ်ဖတ်မည်လဲ ဆိုသည့် မေးခွန်းက ပြန်ရောက်လာပြန်သည်။ ရန်ကုန်က ၀ယ်လာခဲ့သော စာအုပ်တွေကို အထက်က မှတ်ချက်တွေကြောင့် မတို့၊ မထိချင်သေး။ ပေါ့ပေါ့ပါးပါး ဖတ်ချင်သည်။ စဉ်းစားစရာတွေ၊ လက်ရှိ မြန်မာနိုင်ငံကြီးကို ခဏခဏ သတိတွေ ရစေမည့် ဒီမိုကရေစီတွေ၊ နိုင်ငံရေး စာပေတွေကို မျက်နှာလွှဲထားချင်သည်။ ထို့ကြောင့် PDF စာအုပ် တွေကို ၀င်ရှာတော့ စာအုပ်လေး တစ်အုပ်ကို သွားတွေ့သည်။ နိုဗယ်ဆုရ အမေရိကန်စာရေးဆရာ ဟဲမင်းဝေး၏ ပင်လယ်ပြာနှင့် တံငါအို။ ဆရာကြီး မောင်ဆုရှင် ဘာသာပြန်သည့် စာအုပ်လေး။
ဆရာကြီး ဟဲမင်းဝေးကို အီလျာလျင်ဘတ်၏ လူများ သက္ကရာဇ်များ (ဆရာမြသန်းတင့် ဘာသာပြန်) ထဲမှာ တွေ့ဘူးသည်။ စာရေးဆရာဆိုသည့် ဗီဇ၊ စရိုက် လက္ခဏာ လုံးဝမရှိသူဟု အီလျာလျင်ဘတ်က ရေးခဲ့သည်။ ကျွန်တော့်အတွက်ကတော့ သူ့လို ပညာရှိဆန်ဆန် ချဉ်းကပ်သုံးသပ်မိတာ မဟုတ်။ မုတ်ဆိတ်မွှေးဖြူဖြူကြီးနှင့် တည်ငြိမ်ရင့်ကျက်သည့် မျက်နှာပေးရှိသည့် ရှောင်ကွန်နရီကြီးနဲ့ တူတဲ့ စာရေးဆရာကြီးဟု သိထားသည်။ ကိုယ့် ကိုယ် ကိုယ် သတ်သေသွားသည့် စာရေးဆရာကြီး။ စာတစ်အုပ်ထဲနှင့် နိုဗယ်ဆုရ စာရေးဆရာကြီး။ ဘ၀ကို ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း နေသွားသည့် စာရေးဆရာကြီး ဆိုသည့် အသိကြောင့် ပိုပြီး သတိထားမိနေတာလဲ ဖြစ်နိုင်သည်။
တကယ်တော့ ပင်လယ်ပြာနှင့် တံငါအို ဆိုသည့် စာအုပ်ကို ကျွန်တော် ခပ်ငယ်ငယ်က ဖတ်ဘူးခဲ့သည်။ အဲဒီအချိန်က ငါးကြီးနှင့် ငါးမန်းတွေကို စိတ်က လိုက်ဖတ်ကြည့်နေတာနဲ့ ဆရာကြီး ဘာပြောချင်သလဲဆိုတာ သတိမထားမိခဲ့။ အလွန်ကောင်းသည်ဆိုသည့် စာအုပ်တွေကို တစ်ခေါက်မက ဖတ်ရမယ်ဆိုသည့် အသိက စေ့ဆော် သည်ထင်သည်။ စာအုပ်ကို ပြန်စဖတ်လိုက်ကတည်းက စိတ်က အလုပ် လုပ်နေရင်တောင် အဘိုးအိုကြီး စင်တီယာဂိုဆီရောက်နေသည်။ ပင်လယ်ပြင်ကျယ်ကြီးထဲက လှေခပ်ငယ်ငယ်ပေါ်က လူသား အဖိုးကြီး၊ ဘ၀ရှင်သန်ရပ်တည်မှု ရဖို့ အဖိုးအိုကို ရသလောက် ငြင်းဆန်နေသည့် ငါးကြီး၊ ကြောက်စရာ ငါးမန်းအုပ်ကြီးနှင့် အဖိုးအိုကြီး။
စာအုပ် ပါးပါး လေး တစ်အုပ်နဲ့ နိုဗယ်ဆု ဘာကြောင့်ရပါသလဲ ဆိုသည့် ကျွန်တော့် သံသယတွေကို ဆရာကြီး မောင်ဆုရှင်နှင့် ဟဲမင်းဝေးက တစ်မျက်နှာချင်း၊ တစ်မျက်နှာချင်း ရှင်းလင်းပြသသွားသည်။ ဘ၀မှာ လူရယ်လို့ ဖြစ်လာရင် ဘယ်သူမဆို အခက်အခဲတွေ၊ အတားအဆီးတွေ၊ ချောင်ပိတ်မိနေတတ်တာတွေ သူသူငါငါ ကြုံကြရတာဘဲ မဟုတ်လား။ တစ်ချို့က တည်တည်ငြိမ်ငြိမ်၊ တစ်ချို့က ဆူဆူပူပူ တုံ့ပြန်ကြသည်။ ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ ဆိုတာ ရှာကြသည်။ သိချင်ကြသည်။ သိဒ္ဓတ္ထ လို ကျွန်တော်တို့လို သာမန်လူတွေက မပြတ်သားနိုင်။ စူးစူးစိုက်စိုက်မရှိနိုင်။ ပါရမီ မရှိ။ သို့ပေသိ မိမိတတ်နိုင်သလောက် ရုန်းကန်လှုပ်ရှားကြရတာဘဲ မဟုတ်ပေဘူးလား။
အဖိုးကြီး စင်တီယာဂို လို ရိုးရိုးရှင်းရှင်းနဲ့ ဘ၀ကို အရှုံးမပေးစတမ်း၊ ဖြူဖြူစင်စင် တုံ့ပြန်ကြလျှင် ဘယ်လောက် ကောင်းလေမလဲလို့ စာအုပ်ကို ဖတ်ရင်း ကျွန်တော် အတွေးတွေ ချဲ့နေမိသည်။ စာအုပ်ကို သဲသဲမဲမဲ ဖတ်နေစဉ်မှာဘဲ ရင်ဘတ်မိတ်ဆွေတစ်ယောက်က FB မှာ Post တစ်ခု ကောင်းတယ်။ ဖတ်ကြည့်စမ်း ဆိုတာနဲ့ ဖတ်ကြည့်မိသည်။ အမေးကောင်းကောင်းတစ်ခုနှင့် အဖြေကောင်းကောင်းတစ်ခု။ အဖြေက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ဖတ်နေသော ပင်လယ်ပြာနှင့် တံငါအိုကို ကိုးကားပြီး ဖြေသွားသည်။
မေးခွန်းက…..
“ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ် ဆုကြီးကို ဘယ်လိုငြိမ်းချမ်းရေးစွမ်း စွမ်းဆောင်ရွက်ချက်များ ကြောင့်ရခဲ့တာပါလဲ။ ဘယ်ဒေသ ဘယ်အခြေအနေတွေ ငြိမ်းချမ်းသွားခဲ့ ပါသလဲ။”
မေးခွန်းမေးသူက ဘယ်ကို ရည်ရွယ်သလဲ မသိ။ တကယ်ရိုးရိုးသားသား မေးတာလဲ ဖြစ်နိုင်သည်။ ခါးအောက်ပိုင်း လက်သီး ထိုးဖို့ ကြိုးစားတာလဲ ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ အဖြေပေးသူရဲ့ အဖြေက အလွန်သဘောကျဖို့ ကောင်းသည်။
ဖြေပုံက…
“အထူးထင်ရှားပြီး မြန်မာ ပြည်သူတွေ နဲ့သိပ်မစိမ်းတဲ့ သူကိုပြောပြမယ်နော်။ Ernest Hemingway က စာရေးဆရာ ပါ။ သူလည်း နိုဗယ်ဆုရခဲ့တယ်။ သူရခဲ့တဲ့ စာအုပ်က The Old Man and The Sea တဲ့ မြန်မာပြည်မှာ လည်း ဘာသာပြန် ကြပါတယ် ပင်လယ်ပြာနဲ့ တံငါအိုတဲ့ ဖတ်ဖြစ်အောင် တော့ ဖတ်ကြည့်လိုက်ပေါ့။ ဘာသာပြန်သူလည်း ဆုရသွားပါတယ်။ ပြောပြချင်တဲ့ အကြောင်းအရာက တော့ ရှင်းရှင်းလေးပါ။ အဖိုးကြီးတစ်ယောက်က ပင်လယ်ထဲထွက်ပြီး ငါးဖမ်းထွက်တဲ့ အကြောင်းလေးပါပဲ။ ဘာလို့ဆုရတာလဲ။ စာအုပ်က လေးစားစရာကောင်းတဲ့ စစ်နဲ့ငြိမ်းချမ်းရေးလို စာအုပ်ကြီး မဟုတ်ဘူး။ စာမျက်နှာ က ၁၂၇ မျက်နှာပဲ ရှိတယ်။ သူထဲပါတဲ့ အကြောင်းအရာကသာ မျိုးချစ်စိတ်ဓါတ်ရှင်သန်ရေးတရား ဆိုရင်လည်း ဟုတ်သေးတယ်။ ဘာမှ မဟုတ်တဲ့ အဖိုးအိုကြီး ငါးဖမ်းထွက်တဲ့ အကြောင်းအရာလေးက ဘာလို့ ကမ္ဘာကျော်နိုဗယ်ဆုရရှိသွားတာလဲ။ ပြောပြပါမယ်။ ပုံပြင်ရဲ့ ပေးချင်တဲ့ အဓိက Message ကြောင့်ပါ။ ပုံပြင်ထဲမှာ အဲဒီအဖိုးကြီးကို လူတော်တော်များက ကံမကောင်းတဲ့သူ ငါးမဖမ်း နိုင်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ၈၄ ရက်လောက် ငါးမှမမိတာကိုး။ နောက်ဆုံးသူနောက်ကို လည်းဘယ်သူမှ မလိုက်တော့ဘူ။ မယုံကြည်ကြတော့လို့။တစ်ယောက်တည်းငါးဖမ်းထွက်ရတာပေါ့. အဘိုးကြီး ကံကောင်းသွားတာက ငါးမိသွားတယ်။မာလင်ငါးအကြီးစားလေ။ ဒီငါးမိလို့ကံဆိုးသွားတယ်။ သူမှာ အင်အားမရှိသလို လှေငယ်လေးကလည်း ချိနဲ့နေတယ်။ ငါးကို မဆွဲနိုင်ဘူး။ငါးဆွဲရာနောက်ပါသွားတယ် ၂ရက်၂ညတောင်။ စိတ်ဓါတ်ကျလွယ်သူသာဆို ငါးကိုလွှတ်ပေးလိုက်မှာ။ သူကတော့ ငါးကိုမလွှတ်ပေးဘူး။ ကံကောင်းသွားတယ် ငါးကို သူသတ်နိုင်ခဲ့တယ်။ ကံဆိုးတာက ငါးရဲ့သွေးကြောင်း ငါးမန်းတွေရောက်လာပြီး သူနဲ့တိုက်ခိုက်ရတယ်။နောက်ဆုံး သူကမ်းပေါ်ပြန်ရောက်သွားတယ်။ ဒီပုံပြင်က လူတွေကို စိတ်ဓါတ်ခွန်အား အများကြီးဖြစ်စေခဲ့တယ်။ စာရေးသူရဲ့ မူလလိုရင်းကလည်းဒါပဲ။ အကြောက်တရားနဲ့သာ သူတိုက်ခဲ့ရင် အဖိုးကြီး ငါးကိုလည်း ရှုံးမှာပဲ။ ငါးမန်းတွေကိုလည်းရှုံးမှာပဲ။ ဇွဲကော သတ္တိကော ပန်းတိုင်ကိုပါ သူသိခဲ့တယ်။ သူဘာတစ်ခုကို မှ မစွန့်လွှတ်ခဲ့လို့ပဲ။ လူတွေကို စိတ်ဓါတ်ခွန်အားပေးနိုင်ခဲ့တယ်။ ဒါကြောင့် ဘာမှမဟုတ်တဲ့ ၁၂၇ ရွက်ရှိတဲ့ စာအုပ်သေးသေးလေးက စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ်ကြီးလိုမျိုးဆုရ ခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည် သူဘာကြောင့်ဆုရခဲ့လဲ။ လူတွေကို စိတ်ဓါတ်ခွန်အား ပေးခဲ့တယ်။ သူမှာ ပန်းတိုင်ရှိတယ်။ သူမှာ ဇွဲရှိတယ် ။ သတ္တိရှိတယ်။ စစ်ဖိနပ်အောက် ပြားပြားဝပ်နေတဲ့ မြန်မာတွေ စိတ်ထဲမှာ မျော်လင့်ချက်ဆိုတဲ့ အရာကိုပေးခဲ့တယ်။ သူစိတ်ဓါတ်ကျသွားလား ။ လက်လျော့သွားလား။ သူအခုအချိန်အထိ သူရဲ့ ပန်းတိုင်ကို သူသွားနေတုန်းပဲ။ မြန်မာတိုင်းကို အိမ်မက်မက်ခွင့် ပေးခဲတယ်။ အဲဒါသူပဲ။”
ပိုင်ပိုင်နိုင်နိုင်ရှိလှသည့် အဖြေကို ဖတ်ရင်း ကြက်သီးများ ထသွားရသည်။ ပြီးတော့ ခေါင်းရင်းစာအုပ်ပုံထဲရှိ “ဒီမိုကရေစီရှာပုံတော်” စာအုပ် မျက်နှာဖုံးရှိ ဒေါ်စုပုံကို ငဲ့ကြည့်မိသည်။ ပင်ပန်းနွမ်းလျသော်လည်း မဆုတ်မနစ်သော မျက်နှာနှင့် အဘွားကြီးကို မြင်ရသည်။ ထို့နောက် ဖတ်လက်စ “ပင်လယ်ပြာနှင့် တံငါအို” ကို ဆက်ဖတ်နေမိသည်။ စိတ်က စာထဲကို ရောက်ဖို့ ဇွတ်နှစ်နေရသည်။ အဘွားကြီး ပြောခဲ့သော စကားတစ်ခွန်းက ကျွန်တော့်နားထဲသို့ ၀င်လာသည်။ “လူချစ်လူခင်များချင်ရင် ဇတ်ကမှာပေါ့” ဆိုသည့်စကား။ အဘွားကြီးဇာတ်ကလျှင် ကျွန်တော် လူကြမ်းဖြစ်ချင်တယ်ဗျာဟု တွေးမိလိုက်ပေမယ့် အဘိုးကြီး စင်တီယာဂိုက ကျွန်တော့်ကို သူ့လှေလေးပေါ်တင်ပြီး အပြောကျယ်သော ပင်လယ်ပြင်ကြီးဆီသို့ ခေါ်ဆောင်သွားပြန်တော့သည်။
Comments