Saung Luu - Poem

ပြောင်းလာလိုက်တာ
ဆောင်းလူ
ဇွန် ၁၀၊ ၂၀၁၃


ပြောင်းလာလိုက်တာ
ဘ၀ကို
စတစ်ကာ ဖမ်းအကပ်ခံလိုက်ရတယ် …

ပြောင်းလာလိုက်တာ
ရဲဘော်ရဲဘက်တယောက်
အိုကြီး အိုမမှ
နေ့စားအလုပ် ၀င်လုပ်နေရတယ် ...။

ပြောင်းလာလိုက်တာ
အဲန်ဂျီအိုလခစား
ရဲဘော် ရဲဘက်တယောက်
အိပ်မက်တွေ ထုပ်ပိုးပြီးမှ
အလုပ်က လက်မဲ့ ...။

ပြောင်းလာလိုက်တာ
မျက်စိကစားမိရာ
မန်းရှားခမ်းမတ၀ိုက်
ခွပ်ဒေါင်းတွန်သံတွေတိတ်လို့ ...။

ပြောင်းလာလိုက်တာ …
လမ်းဟောင်းတွေ ကျဉ်းကျဉ်းလာသလောက်
လမ်းသစ်တွေ ချဲ့ချဲ့လာလိုက်ကြတာ ...။
လူဟောင်းတွေ ပျောက်ပျောက်လာသလောက်
လူသစ်တွေ ပေါက်ပေါက်လာတယ် ...။

ပြောင်းလာလိုက်တာ …
ခွေးလေ ခွေးလွင့်တကောင်တောင်
ပလက်ဖောင်းဘေးမှာ
ရင်ကိုကော့ ခေါင်းကိုမော့လို့ ...။

ပြောင်းလာလိုက်တာ …
နယ်စပ်မြို့ နှစ်မြို့
လက်ချင်းချိတ်
ခွက်ချင်းတိုက်လို့
တစားပွဲထဲ အတူထိုင်ဖြစ်သွားပြီ ...။

ပြောင်းလာလိုက်တာ
ပြေင်းလာလိုက်တာ

မေးမိတဲ့ အလုပ်ကြမ်းသမား
တနေ့ကို တစ်ရာနဲ့
ဘ၀ကို ရိုးမြေကျလို့ ...။


Photo by Aung Htet

Comments