Saung Luu - Poem

ေ လ လံ ပြဲ 
ဆောင်းလူ
ဇွန် ၁၆၊ ၂၀၁၃

Photo by : Aung Htet

ကမ္ဘာကျော်တွေ ...
ပြောင်းရွှေ့ကြေး မတန်တဆနဲ့
ခြေထောက်တွေကို
ရောင်းငှား ၀ယ်ငှားလုပ်ကြတယ် ...။

မျက်နှာပွင့်လန်းခြင်းများနဲ့အတူ
လုပ်ချင်မှု စိတ်ကူးတွေ
စီတန်းခြင်းများစွာနဲ့
အနာဂတ်အတွက်
လေလံပစ်ကုန်ကြပြီ ...။

ဒီမယ် ...
ကျနော့်နှလုံးသားကို လေလံပစ်ပါရစေ ...
နှလုံးသားမဲ့နေသူတွေအတွက် ...။

ဒီမယ် ..
ကျနော့် သွေးသားကို လေလံပစ်ပါရစေ ...
သွေးသားမဲ့နေသူတွေအတွက် ...။

ဒီမယ် ...
ကျနော့် ရူးသွပ်မှုတွေကို လေလံပစ်ပါရစေ ...
မရူးသွပ်ဖူးသူတွေအတွက် ...။

ဒီမယ် ...
ကျနော့်ရဲ့ နာကျင်မှုတွေကို လေလံပစ်ပါရစေ ...
မေ့တတ်လွန်းသူတွေအတွက် ...။

ဒီမယ် ...
ကျနော့်ရဲ့အတ္တတွေကို လေလံပစ်ပါရစေ ...
စစ်နဲ့ ငြိမ်းချမ်းရေးအတွက် ...။ 

ဒီမယ် ...
ကျနော့် မိုက်မဲမှုအတွက်တော့
စိတ်အဟာရတချို့ ၀ယ်ယူစုဆောင်းဦးမှဖြစ်မယ် ...။

လမ်းကြုံရင် 
လမ်းဘေးဆိုင်က ပေါချောင်ကောင်းလေးတခုလောက်
ဝယ်ခဲ့ပေးစမ်းပါဗျာ ...

ပစ်စလက်ခတ်နဲ့
မေ့လွယ် ပျောက်လွယ်တဲ့
ကျနော့် စိတ်တွေနေရာမှာ အစားထိုးမှဖြစ်တော့မယ် ..။

မဟုတ်ရင် ...
နောက် နှစ် (၆၀) ထပ်ကြာသွားမှာ စိုးရတယ် ...။

Comments