လက်ဝဲသုန္ဒရ အမတ်ကြီး၏ ဘဝနှင့်စာပေ
သန်းဝင်းလှိုင်
ဇွန် ၂၁၊ ၂၀၁၃
ကျောင်းနေစဉ်ကပင် မြန်မာစာပေ၌ လေ့လာသင်ကြားခဲ့ရသော ရတုများအနက် လက်ဝဲသုန္ဒရ အမတ်ကြီး၏ မဲဇာသစ်တောမှ ရတနာသိင်္ဃရွှေမြို့တော်ကို တမ်းတ သီကုံးခဲ့သည့် (၃၃)ပါဒစီ အချီအချ အညီ ပိုဒ်စုံရတုကို ယနေ့တိုင် နားထဲ၌ စွဲနေတော့သည်။ လက်ဝဲသုန္ဒရအမတ်ကြီးသည် လှပနုယဉ်သော မဲဇာတောင်ခြေရတုဖြင့် စာပေဂန္တဝင် သမိုင်းတွင် မော်ကွန်းထိုးသည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။
သူ့ရတုကို ခံစားကြည့်ကြပါစို့-မဲဇာသစ်တောမှ ရတနာသိင်္ဃရွှေမြို့တော်ကို တမ်းတရတု
၁။ မဲဇာတောင်ခြေ စီးထွေထွေတည့်မြစ်ရေဝန်းလည် မြိုင်တောစည်က ရွှေပြည်ကိုက တရှာတော့မိ၊ မိုးရှိရှိလျှင် သီရိကျက်သရေ၊ တက်ဖြိုးပေသား၊ အောင်မြေကြော့ကြော့ ကုန်းမော့မော့၌၊ ဘိုးတော်ကောင်းမှု တည်ထားပြုသည်၊ ဇမ္ဗူဆီမီး ခြောက်ရောင်ညီးမျှ၊ ကူကြီးသခင် ရွှေလင်းပင်နှင့် ရွှေခြင်္သေ့မွေ၊ စ၍ရေသော် ရွှေစေတီကြီး၊ အသီးသီးတည့်ပိတ်ဆီးပြက်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံ မျက် မြင်၊ ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်းဖြောင့်တန်းတော့မည် စိတ်ကရည် သည် ရွှေပြည်ဌာန ဝေးသောကြောင့်။
၂။ သဲသာသောင်မြေ မြစ်ကမ်းခြေလည်း၊ အကြေတစ်ပြင် တို့အောက်ခွင်ဝယ်၊ ရေရှင်ပတ်ဝန်း၊ ပျော်ဘွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ စေပြစ်ခြံဆီး ရွှံတန်စီးနှင့်၊ တောင် ကြီးဆိတ်ညံ၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ပု၊ တွေးတောက်မမှန်၊ ဖြစ်ရဟန်ကို ဖန်ဖန်အံ့ဩ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ကမ်းစမ်းတောင်က၊ လေဦး စ၍၊ နောက်မှလေရှည်၊အတည်တည်သည်၊လေပြည်လာက ဧသောကြောင့်။
၃။ ပွဲခါညောင်ရေ၊ သွန်းမြဲလေသည့်၊ ရိုသေသဒ္ဓါ၊ ထံစဉ်လာဖြင့်၊ မဇာရပ်သူ၊တောင်းဆုယူသည်၊ ရွှေကူတော်နှင့်၊ ရှုတိုင်းတင့်သား၊ ဝေးမြင့်သီခေါင်၊ မဲဇာချောင်က တတောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍ ဝန်းကာဝေ့သည်၊ တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့် လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း မိုးသောက်ပြင်းထန်၊ သွန်းချပြန်သော်၊ယုဂန်ထင်ရှား၊ တောင် တော်ဖျားက၊ ရထားယဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက် လွယ်စေဟု၊ စေရေလှည့်လည်၊တလျက်မည်သည်၊ နေခြည်ဖြာမှ နွေးသောကြောင့်။
လက်ဝဲသုန္ဒရအမက်ကြီးသည် စာပေအဖွဲ့ ပုံစံခြားသလောက် အမျိုးအမည်များသော ရတု၊ မော် ကွန်း၊ ပျို့၊ လင်္ကာများစွာကို ရေးဖွဲ့သီကုံးစေကာမူ “မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ” အစချီသော ရတုပိုဒ်စုံသည်သာ ရဟန်းရှင်လူ ပြည်သူအပေါင်း၏လက်စွဲကြီးဖြစ်သည်။ လက်ဝဲသုန္ဒရကား တကယ့်ပညာရှိ ပုဂ္ဂိုလ်ကြီးပါပေ၊ မြန်မာစာပေကို အဘက်ဘက်မှ တိုးတတ်ကြွယ်ဝအောင် အဆောင် ဆောင်သော ကဗျာရတု အစုစုသော ပျို့တို့ကို ပြုစုကာသွားရှာလေသည်။ တကယ့် မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ် ယောက်လည်း ဖြစ်ပေသည်။ တကယ့် သူရသတ္တိနှင့်ပြည့်စုံသော သူရဲကောင်းကြီးတစ်ယောက်လည်း ဖြစ် ပေသည်။ တကယ့်ဉာဏဗလနှင့် ပြည့်စုံသော ပညာရှင်တစ်ယောက်လည်းဖြစ်ပေသည်။ တကယ့်တရားနှင့် ပြည့်စုံသော ဘုရင့်မင်းတိုင်ပင်အမက်ကြီးတစ်ပါးလည်း ဖြစ်ပေသည်။
လက်ဝဲသုန္ဒရကို မဲဇာတောင်ခြေရတု ရေးသားသူအဖြစ်ဖြင့်သာ အမှတ်ရကြသူ များလေ သည်။ ဟံသာဝတီတို့ လက်အောက်သို့ ရောက်လျက်ရှိသော နိုင်ငံတော်ကို အသက်ပေး၍ ပြန်လည်တိုက် ခိုက်ရာ၌ ပါဝင်ခဲ့ပုံများကို ကောင်းစွာမသိကြချေ။ စစ်တိုက်ချိန်တွင် ပြကတေ့စစ်သားကြီးဖြစ်၍၊ ငြိမ်းချမ်း ချိန်တွင် ပြကတေ့ပညာရှိကြီး ဖြစ်ပြီးလျှင် သာယာဝပြောချိန်တွင် ပြကတေ့ ထက်မြက် တည်ကြည်သော တရားသူကြီးတစ်ဦး ဖြစ်ခဲ့လေသည်။ လက်ဝဲသုန္ဒရဘွဲ့ဖြင့် ထင်ရှားသော အမတ်ကြီး ဦးမြတ်စံကို ရွှေဘိုမြို့ တောင်ဘက် (၁၆) မိုင်အကွာ ဝက်လက်မြို့အနီးရှိ မန်ကျည်းတုံရွာတွင် သက္ကရာဇ် ၁၀၉၈ ခုနှစ်၌ မြင်းစီး မျိုးရိုး စာရင်းပါ အဖ မင်းသီဟ (မင်းပေးဘွဲ့)နှင့် အမိ မယ်ဂွမ်းဖြူတို့မှ ဖွားမြင်သည်။ ဖခင် မင်းသီဟ၏ ငယ် မည်မှာ ဦးရေးဟု ဆိုသည်။သို့သော် မုံရွေးဆရာတော် မှတ်စု၌ ၁၀၈၈ ၌ ဖွားမြင်သည်ဟု ဖော်ပြထားသလို ဦးဖေမောင်တင်ပြုစုသော မြန်မာစာပေသမိုင်း၌ သက္ကရာဇ် ၁၀၈၅ ဟု ဖော်ပြထားသည်။
ထို့ပြင် အမတ်ကြီးမြတ်စံ၏ ဇာတိနှင့် ဖွားသက္ကရာဇ်ကို သီရိမဟာဇေယျသူဘွဲ့ခံ နိုင်ငံခြားဝန် ထောက်မင်း ဦးခြိမ့် စီရင်သော “ကဝိလက္ခဏာ ဒီပနီကျမ်း” သတ်ပုံရင်း ၁၇၉၃ ၌ “ငုံအာချပ်သေးကွေး အ ရေး၊ မုလေးလက်တံရှည်”၌ ….ရတနာသိင်္ဃမြို့စီရင်စု၊ မန်ကျည်းတုံရွာဇာတိ သက္ကရာဇ် ၁၀၈၉ ခုဖွား၊ ငယ် မည် မောင်မြတ်စံ၊ မင်းလက်ဝဲသုန္ဒရ စပ်ဆိုသည်”ဖော်ပြထားသည်။
ကာယကံရှင် လက်ဝဲသုန္ဒရဘွဲ့ခံ အမတ်ကြီးကိုယ်တိုင် ရေးသားခဲ့၍ ၁၀၂၈ ခု ဆောင်းလတွင် ရေး သားပြီးစီးသော “နန္ဒီသေနပျို့” ၏ ကြားပိမ့်သီးသီး၊ နိဂုံးချီ အံ့ချီ နိဂုံးပျို့၌ …..
၁၀၃။ “စာရင်းကမ္ပည်း၊ မှတ်ရုံးစည်းလျက်၊ မန်ကျည်းတုံရွာ၊ တည်သည်မှာကား၊ သုနာပရန် ကျော် ဝှန်သမိုင်း… မည်သောတိုင်း၌၊ စစ်ကိုင်းမြို့တည် နိုင်ငံပြည်ကို၊ စိုးသည်ရာဇာ သင်္ခယာဟု…ကိုးရာပိုင်းခြား၊ စားမြေများနှင့် မှတ်သားမြဲနှောင်၊ ရွာကြီးထောင်လျက်၊ မြောက်တောင်ကန်ချောင်း၊ ဂူကျောင်းကုန်းကြည်း အနည်းနည်းတည့်၊ ကမ္ပည်းအမှန်၊ ကိုးချက်ကန်သည်၊ ရွာမန်ကျည်းတုံ သမိုင်းတည်း”။
၁၀၄။“ရွာမန်ကျည်းတုံ၊ နတ်ဘုံတမျှ၊ မိဘမိုးမြေ၊ မွေးချင်ကြွေတွင်၊ မျိုးဆွေစည်းဝေး၊ ချမ်းသာအေး လျက်၊ ဘေးလည်းမငြိုး၊ ဘိုးလည်းမကျ၊ ဖလည်းမနွမ်း၊ မင်းရေးကျွမ်း၍၊ မှုထမ်းမူလ၊ မတိမ်းရသည့်၊ မွေးဖမိ ခင်၊ ထားရစ်ခွင်ဖြင့်၊ လည်တွင်ခွေရစ်၊ ပျော်တုံဖြစ်သား၊ ခုနှစ်နှစ်သက်၊ ငယ်ရွယ်ချက်နှင့်၊ လိုက်ဖက်မတန်၊ လေ့ချက်ဟန်ထား၊ ကျမ်းဂန်စာပေ၊ သဒ္ဒါလက်ဦး၊ ဆွတ်ယူခူးမှ၊ ကျေးဇူးတီထွင် သွန်သင်သိမ်းရုံ ၊ ဆယ့်သုံး နှစ်တိုင်၊ လက်စွဲကိုင်လျက်…ရတနာပူရ၊ ရွှေအင်းဝ၌ ဒုတိယမှန်စီ၊ ထံတော်မှီမှ…သီရိမာန်အောင်၊ ပြိုးပြို ပြောင်တည့်၊ တိမ်တောင်တတ်ဆို့၊ ရွှေမြင့်မြို့ဝယ်၊ နေသို့တောက်ထိန်၊ ဝင်းဝင်းရှိန်သည်၊ အစိန္တေယျံ၊ မုဋ္ဌောမံ၏ ကျောင်းရံတော်မှ၊ ဝိဟာရနှင့်၊ထိန်လှဝင်းဝါ၊ အာကာမို့မှိုင်း၊ တောင်ဆိုင်းဆိုင်းတည့်၊ စစ်ကိုင်း သာစံ၊ မင်းစံနကို၊ တောင်ရိုးခိုလျက်၊ ထိုသို့ဆင့်ပွား၊ သင်ကြိုးစားမှ၊ တိုးပွားရာရာ၊ ဇာတိမှာလျှင်၊ မဟာပဝရ၊ သမ္ဗေစတိ၊ ကဝိဖုန်းစည်၊ မြတ်မထေရ်မူ၊ ဂုဏ်ရည်ဖက်ကင်း၊ ဆရာရင်းတည့်…” ဟူ၍ ဖော်ပြထားသည်။
ထို့ပြင် သက္ကရာဇ် ၁၁၃၉ ခုနှစ်က အမတ်ကြီး ရေးသားသော “ဝိနိစ္ဆယ ပကာသနီဓမ္မသတ်လင်္ကာ” နိဂုံးတွင်လည်း…“နတ်ပြည်တစ်ဘုံ၊ မန်ကျည်းတုံဝယ်၊ ဘိုးစုံဘွားစုံ၊ ကြူနယ်ရုံမျှ၊ ဆွေပုံမျိုးရှက်၊ မိဘလက် တွင်၊ အသက်နုနယ်၊ ရှေးအငယ်က၊ ဆန်းကြယ်အထူး၊ သင်ပေးဘူးသည်၊ ကျေးဇူးသေခွေ၊ ဥပဒေဖြင့် စာ ပေဆိုလေ့၊ ပျော်ပါးမွေ့ရှင်….”ဟူ၍ ဖော်ပြထားပြန်သည်။ ၎င်းနိဂုံးတွင်ပင် ဆက်လက်၍ …. “မော်ကွန်း ထားတင်၊ ကျော်စောထင်၍၊ ဘယ်တွင်မငြိုး၊ သူကြီးစိုးနှင့်၊ ပြည်စိုးမရှိ၊ နှံ့သိမွမ်းပြင်၊ စီးပုံတင်က၊ မြင်ခွင် မြေ တောင်၊ ပါအောင်အကုံး၊ စည်းရုံးခြားနား၊ ဖွဲ့စည်းထား၍၊ ပိုင်ကာစိုးသီး၊ မြင်းစီးတို့သာ နွယ်လာဆင့်ဖွား၊ ကောက်စားစွဲလမ်း၊ရှေးထုံးတမ်းကြောင့်၊ ရွက်ထမ်းမှုတော်၊ အစဉ်ပျော်သည် ထင်ပေးလှသည့် မြင်းမျိုး တည်း” ဟူ၍ ဖော်ပြထားသည်။
ယင်းစာပေများအရ သက္ကရာဇ် ၆၈၄ ခုနှစ်တွင် စစ်ကိုင်းမြို့တည် အသင်္ခယာ စောယွမ်းမင်း လက် ထက် ကျေးလက်မြို့ရွာများကို စစ်ရေးအရ သင့်ရှိစေဟူသော ရည်မှန်းချက်ဖြင့် စတင်ဖွဲ့စည်း နေရာချ ထားသည်။ ဤတွင် မန်ကျည်း တုံရွာလည်း ပါသွားလေသည်။ ထို့နောက်တွင် လက်ဝဲသုန္ဒရအမတ်ဖြစ်မည့် ဦးမြတ်စံကို မန်ကျည်းတုံရွာ၌ ဖွားမြင်ခဲ့သည်။ ဦးမြတ်စံ၏ မိဘဘိုးဘွားတို့မှာလည်း မန်ကျည်းတုံဇာတိ မြင်းစီး၊ မြင်းခေါင်း၊မြင်းသူကြီးမျိုးရိုးများအဖြစ် ထင်ရှားသည့် မင်းမှုထမ်းများဖြစ်ကြသည်။ ဦးမြတ်စံ၏ မိဘ များသည် ဦးမြတ်စံအား ငယ်စဉ်ကပင် ရွာကျောင်းဆရာတော် အသျှင်မဟာပဝရသမ္ဗောဓ မထေရ်မြတ် ထံ တွင် အပ်နှံပညာသင်ကြားစေသည်။ ဦးမြတ်စံသည် ပါရမီရှိသူဖြစ်၍ (၇)နှစ်သားအရွယ်တွင် ပိဋကတ်သုံးပုံ ၏ မျက်လုံးသဖွယ်ဖြစ်သော သဒ္ဒါကျမ်းဂန်တို့ကို တစ်ဖက်ကမ်း တတ်မြောက်ကျွမ်းကျင်လေသည်။
ထို့နောက် မိဘနှစ်ပါးကို မိန့်တော်မူ၍ မန်ကျည်းတံဆရာတော်က ဦးမြတ်စံအား အသက် (၁၁)နှစ်အရွယ်တွင် ရှင်သာမဏေဘောင်သို့ သွတ်သွင်းပေးသည်။ သာမဏေဘဝနှင့် သုံးနှစ်ကြာလေ သည်။ ရှေးက ပညာရှာမှီးသူများ ထုံးတမ်းစဉ်လာအတိုင်း ဦးမြတ်စံအား ရတနာပူရ အင်းဝမှ ထင်ရှားကျော် ကြားသော ဒုတိယမှန်စီ သီရိမာန်အောင် ဆရာတော်၊ မုံရွာခရိုင် အမြင်မြို့မှ ရွှေမုဋ္ဌောဆရာတော်၊ စစ်ကိုင်း မင်းဝံ တောင်ရိုးရှိ ကမ္ဘောဇဆရာတော် စသည့် ပုဂ္ဂိုလ်ကျော်များထံ အသက် (၁၃)နှစ် အရွယ်အထိ လှည့် လည်ပညာဆည်းပူးစေသေးသည်။ သို့သော် ဆရာရင်းမှာ မန်ကျည်းတုံဆရာတော်သာ ဖြစ်လေသည်။
သာမဏေဘဝ သုံးဝါမြောက်တွင် ပိဋကတ်သုံးပုံကို တစ်ဖက်ကမ်းသို့ ရောက်သည်။ ကဗျာ၊ လင်္ကာ၊ ရတု၊ ဧချင်း၊ မော်ကွန်း သီကုံးနှုန်းဖွဲ့မှုကို လေ့လာ သင်ကြား၍ သာမဏေဘဝနှင့်ရှိစဉ် အသက် (၁၃)နှစ်နှင့် (၄) လအရွယ်၌ မဟော်ပျို့”ကို စပ်ဆိုသည်။ စာပေတတ်မြောက်၍ (၁၄)နှစ်အရွယ် တွင် လူဝတ်လဲကာ အင်းဝနန်းတွင်း ဝင်ထွက်သွားလာနေသည်။ သို့ရာတွင် အသက်ငယ်သေးသဖြင့် မိဘ များက ဟံသာဝတီရောက် မင်းတရားကြီးထံတွင် အမှုတော်ကို ထမ်းရွက်ခွင့်မပေးခဲ့ချေ။ သက္ကရာဇ် ၁၁၁၁ ခုတွင် ဟံသာဝတီရောက် မင်းတရားကြီးသည် မလွန်တပ်မှုး သတိုးမင်းခေါင်ကို စဥ့်ကိုင်တွင် အစောင့် အနေထားခဲ့ပြီးလျှင် အလုံးအရင်းနှင့် မွန်တပ်တို့ကို တွန်းလှန်သည်။ သတိုးမင်းခေါင်လည်း စဥ့်ကိုင်တပ်ကို အခိုင်အမာ ပြု၍ မွန်တပ်တို့ ပြန်သွားလျှင် ဟံသာဝတီရောက် မင်းတရားကြီးသည် စဥ့်ကိုင်ကို ကေတုမတီ ဟု သမုတ်၍ သတိုးမင်းခေါင်အား ကိုးသိန်းသခင် ဘွဲ့နှင်းသည်။ နန်းတော်၊ လွှတ်တော်အရှေ့ရုံး၊ နောက်ရုံး များကိုလည်း ဆောက်စေပြီးလျှင် ထီးပြိုင်နန်းပြိုင် အုပ်ချုပ်စေသည်။ထိုအခါတွင်မှ ဦးမြတ်စံသည် လွှတ် တော်စာ ရေးအဖြစ် ကိုးသိန်းသခင်ထံ၌ ခစားထမ်းရွက်ခွင့် ရတော့သည်။
သက္ကရာဇ် ၁၁၁၃ ခုတွင် မွန်-မြန်မာ စစ်ဖြစ်၍၊ အင်းဝနေပြည်တော်ကြီး မွန်တို့လက်သို့ ကျ ရောက်သောအခါ ဦးမြတ်စံသည် မိဘရပ်ထံ ပြန်နေသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ကုန်းဘောင်ရွှေပြည်ကြီးကို သိမ်းမြန်း၍ ထီးနန်းစံတော်မူသောအခါမှ ဦးမြတ်စံသည် မင်းတရားကြီးထံ ဝင် ရောက် ခစားရာ မိမိအတတ်ပညာနှင့် လုပ်ရည်ကိုင်ရည်တို့ကြောင့် သက္ကရာဇ် ၁၁၁၅ ခုတွင် ရတနာ သိင်္ဃမြို့တည် အလောင်းမင်းတရားကြီးက သားတော် အိမ်ရှေ့ဥပရာဇာ (နောင်အခါ နောင်တော်ကြီး မင်းဖြစ်လာသူ) ထံတွင် ဦးမြတ်စံအား နေရာချထားပေးသည်။ ထို့နောက် အိမ်ရှေ့မင်း၏ လျှောက်ထား ပေးချက်အရ အလောင်းမင်းတရားကြီးက အကြီးတော်အရာ ခန့်အပ်တော်မူသည်။ အမြင့်မြို့စားထံတွင် ထမ်းရွက်ခစားဆဲမှာပင် ရွှေမြို့တော်သို့ ခေါ်တော်မူ၍ လက်ဝဲသုန္ဒရဟူသော ဘွဲ့ထူးနှင့်မှူးမတ်အဖြစ် ချီးကျုးမြှောက်စားကာ အဆောင်အယောင်ပါ ပေးအပ်ပြီးလျှင် မြောက်ဘက်ကိုးသင်းမြင်းမြေနှင့်တကွ ယင်း တော်ရွာသို့ ပေးသနားတော် မူလေသည်။
အလောင်းမင်းတရားကြီး နတ်ပြည်စံ၍ နောင်တော်ကြီးမင်း နန်းတက်သောအခါ အမှုတော်ကို ဆက်လက်ထမ်းရွက်မြဲ ထမ်းရွက်ရသည်။ ၁၁၂၅ ခုတွင် အင်းဝရွှေပြည်တော်ကို ပြည်လည် တည်ဆောက် ကြဌာန်းဖွင့်တော်မူသော ဆင်ဖြူရှင်မင်းလက်ထက် သက္ကရာဇ် ၁၁၂၆ ခု နယုန်လပြည့်ကျော် ၂ ရက် (ခရစ် ၁၇၆၄ ခု၊ ဧပြီ ၁၆ ရက်) တနင်္လာနေ့တွင် ဥကင်တော်ကြီး ဖွင့်တော်မူကာ ဆွေတော်မျိုးတော်၊ မှူးတော်၊ မတ်တော်တို့အား ဘွဲ့များချီးမြင့်သည့်အခါ၌ ယင်းလပြည့်ကျော် (၁၀)ရက်နေ့တွင် အမြင့်မင်းသား သုသီရိဓမ္မရာဇာ အကြီးတော် လက်ဝဲသုန္ဒရအမတ်အား ဘယရန္တမိတ်ဘွဲ့ ချီးမြင့်ခဲ့ကြောင်းဖြင့် ဆင်ဖြူရှင် ဘုရားတံဆိပ် နာခံတော်နှင့် မိဘုရားသားတော် ညီတော်၊မှူးတော်၊ မတ်တော် အမှုထမ်း အရာထမ်း ဘွဲ့စာရင်း ပေမူ၌ ဖော်ပြထားသည်။ သက္ကရာဇ် ၁၁၂၆ ခု၊ တော်သလင်းလပြည့်ကျော် ၆ ရက်(ခရစ် ၁၇၆၄ ခု၊ စက်တင်ဘာလ ၁၅ ရက်) စနေနေ့တွင် မှူးတော်မယ်တော်၊ သူရဲသူခက် ကျွန်တော်မျိုးအပေါင်းကို ရွေးကောက်သီးသန့်တော်မူ၍ လေးဆယ်တော် ငါးဆယ်အတွင်း သွေးသောက်၊ အပြင်သွေးသောက် ဖွဲ့ တော်မူရာတွင် လက်ဝဲသုန္ဒရ အမတ်ကြီးသည် ဘယရန္တမိတ်ဘွဲ့ဖြင့် အရည်တူ လူပေါင်း (၃၉) ဦး ပါဝင်သော အပြင်သွေးသောက် လက်ကို ကြီးမှုးခဲ့ရသည်။
ဆင်ဖြူရှင်ဘုရားလက်ထက်တွင် ညီတော်အမြင့်မြို့စား၏ အိမ်တော်တွင် အကြီးတက်အရာဖြင့် ခစားထမ်းရွက်ခိုက် အမြင့်မင်းသား၏ လူပျိုတော် ငထင်ကျော် (အချို့က ငအောင် တင်ဟု ဖော်ပြ)သည်။ အပျိုတော် မိမိတ်နှင့် ချစ်ကြိုက်ကြ၍ နန်းတော် အနောက်တံခါး၏ အပြင်ဘက်တွင် ချိန်းချက်စကားပြောနေကြသည်ကို အနောက်ဝန်နှင့် စာရေးတို့သိရှိ၍ ဖမ်းကြလေရာ ငထင်ကျော် ထွက် ပြေးလွတ်မြောက်သဖြင့် ငထင်ကျော်ကို ဖမ်းပေးရန် အမြင့်မင်းသားထံ တောင်းခံလေသည်။
အမြင့်မင်းလည်း မပေးသဖြင့် မင်းသားအား အစစအရာရာ ဆုံးမသွန်သင်ရန် အပ်ထားပါလျက် အဆုံးအမ အသွန်အသင်မရှိ၍သာ ဖြစ်ရသည်ဟု အကြီးတော် လက်ဝဲသုန္ဒရအပေါ် ဆင်ဖြူရှင်မင်းက မျက် တော်ရှကာ အညာမဲဇာတောင်သို့ အပို့ခံရသည်။ မဲဇာသည် စစ်ကိုင်းတိုင်း ကသာခရိုင် ထီးလှိုင်မြို့နယ် လေသာကုန်းကျေးရွာအုပ်စု မဲဇာလေးရွာ၌် ရှိသည်။ မဲဇာသို့ အပို့ခံရစဉ် နေပြည်တော်သို့ တသလွမ်း ဆွတ်သဖြင့် နေပြည်တော်ရှိ စေတီတော်များ ရည်မှတ်၍ စေတီတော်များတည်ခဲ့သည်။ စေတီတော်များ၏ ဘွဲ့အမည်ကိုလည်း နေပြည်တော်ရှိ စေတီများ၏ဘွဲ့နှင့် ထပ်တူပြုထားသည်။ ဤအကြောင်းကို ပတ်သန်း စွေအိုင်ရတု၌ ထည့်သွင်း စပ်ဆိုထားသည်။ အဆိုပါ ရတုကို ရေးစပ်စဉ်က စေတီငယ် (၁၃)ဆူ မပြီး သေးချေ။ စေတီငယ် ငါးဆူသာပြီးသေးသည်။ ထိုစေတီများ၏ ဘွဲ့ကိုလည်း (၁) တန်းဆောင်းဘုရား (၂) တစည်းဘုရား (၃) ပန်လည်းဘုရား (၄) စည်းခုံဘုရား (၅) ရွှေကူနံတော်သင့်ဘုရားဟူ၍ ပေးထား လေသည်။
မဲသစ်သစ်တော၌ နေရစဉ် ကုန်းဘောင်နေပြည်တော်ကို တသကြောင်း၊ သားမယားကို လွမ်းဆွတ် ကြောင်း စပ်ဆိုထားသော “မဲဇာ တောင်ခြေ” ချီ ပိုဒ်စုံရတုနှင့် “ဝေရွှန်းစန္ဒာ” ချီ ပိုဒ်စုံရတုများကို ရေးသား ဆက်သွင်းသည်။ ရတုများကို နားဆင်တော်မူရသော ဆင်ဖြူရှင်မင်းတရားကြီးသည် အမတ်ကြီးအပေါ် သနားတော်မူလာသဖြင့် နေပြည်တော်သို့ ပြန်ခေါ်သည်။ သို့ဖြစ်ရကား ကဆုန်လ အစလောက်တွင် မဲဇာ အပို့ခံရ၍ မဲဇာသစ်တောတွင် ဝါဆိုလ အစခန့်တွင် ပြန်လည်ခေါ်ဆောင်ခြင်းခံရသဖြင့် (၆၄) ရက်သာ နေခဲ့ရသည်။ (အချို့က (၄၅) ရက်သာ နေခဲ့ရသည်ဟု ဆိုကြသည်။)
ဝေရွှန်းစန္ဒာချီ ချီရတု၏ နွေကျွန်းသန်ကာ အပိုဒ် “…ညွန်ပြကျိုးဆက်၊ ဆယ်ကျော်သက် က၊ ကြင်ဖက်အတူ၊ တောင်းဆုယူသည်၊ အိမ်သူချောသွယ်၊ သုံးယောက်မယ်နှင့်၊ ပင်လယ်ခြားရာ၊ ခရီးကွာ သို့…” ဟူ၍ စပ်ဆိုထားရာ အသက်အရွယ် ဆယ်နှစ်ကျော်ခါ အတူတကွ ချစ်ခင်ကြင်နာဖက်ဖြစ်သော ဇနီးသည် ယခုသော် သားသမီးသုံးယောက်တို့၏ မွေးသမိခင် ဖြစ်နေလေပြီ၊ ဝန်ကတော် ဒေါ်ရွဲနှင့် သားကြီး ဦးအေး၊ သားလတ် ဦးရွှေသား၊ သမီးငယ် မလွန်းမယ်တို့ ဖြစ်လေသည်။ နေပြည်တော်သို့ ပြန်လည် ရောက်ရှိပြီးသော် ဦးမြတ်စံအား အကြီးတော်အရာ ပြန်လည်ပေးတော်မမူတော့ဘဲ ထမ်းရွက်ရင်း အမြင့် မင်းသား အိမ်တော်ဝယ် ဘယရန္တမိတ်ဘွဲ့နှင့်အမှုတော်ကို ဆက်လက်ထမ်းရွက်စေတော်မူသည်။ ဘုရင် မင်းမြတ်ကိုယ်တိုင်ကလည်း အမျက်တော်ရှိရင်းစွဲ ဖြစ်သည့်အတိုင်း ခမည်းတော် အလောင်းမင်းတရား၊ နောင်တော်ကြီးမင်းတရားကြီးတို့ကဲ့သို့ မြှောက်စားခြင်းမရှိတော့ချေ။ အမတ်ကြီးကိုယ်တိုင်ကလည်း စိတ် ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိရှာချေ။ ဆင်ဖြူတော်လက်ထက် တစ်ရက်မျှ မပျော်မွေ့ကြောင်းကို ဗဒုံမင်း ဘိုးတော် မင်းတရား) လက်ထက်၌ အမတ်ကြီး ရေးသားခဲ့သော “ဗျူဟစက္ကိပျို့” နိဂုံးတွင် ဖော်ပြထားပေ၏။
“ ဗန္တတ်မင်းသုံး၊ ဇဗ္ဗူလုံးကို၊ သိမ်းကျုံးစိုးယူ၊ စံတော်မူသည်၊ ဆင်ဖြူများရှင်၊ စက်ရွှေစင်ကို၊ဦးတင် ထားလျက်၊ ရွှေလက်ထက်တွင်၊ အားတက်လေလေ၊ ဉာဏ်စွမ်းဝေ၍၊ သန္ဓေပညာ၊ ဆက်တိုင်းပါသား၊ ဝါသနာကြိုက်ကြုံ၊ အမြဲထုံလျက်၊ ကြေးမုံတစ်ခု၊ စာဆိုမှုကို၊ မရှုမကွက်၊ မရှက်မတင်၊ မမြင်မမြှော်၊ မပျော် မမွေ့၊ ရက်တစ်နေ့မျှ၊ မမေ့တုံလေ၊ မနေတတ်နိုင်၊ စိတ်မပိုင်၍ ၊ စွဲကိုင်မကွာ၊ သို့ရှိရာတွင်….” သက္ကရာဇ် ၁၁၃၈ ခု နယုန်လပြည့်ကျော် (၉) ရက် (ခရစ် ၁၇၇၆ ခု၊ ဇွန်လ (၉)ရက်) တနင်္ဂနွေနေ့တွင် ဆင်ဖြူရှင်မင်း နတ်ပြည်စံ၍ သားတော်စဥ့်ကူမင်း နန်းတတ်လေသည်။ စဥ့်ကူမင်းသည် ခရစ် ၁၇၇၇ ခု၊ စက်တင်ဘာ ၂၆ ရက်တွင် အမတ်ကြီး၏ အရှင်ရင်း သခင်ရင်းဖြစ်သော ဘထွေးတော် အမြင့်မင်းသား ဦးပိုးကို ၎င်းအား ကုန်ကန်မှုနှင့် ပက်သက်၍ ကြံရာပါတို့နှင့်အတူ စီရင်ကွက်မျက်ခဲ့၏။
ခရစ် ၁၇၈၂ ခုနှစ်အထိ စဥ့်ကူမင်း ထီးနန်းစိုးစံခဲ့ရာ ဦးမြတ်စံအဖို့ကား ဆင်ဖြူမင်း လက် ထက် ကတည်းက ဩဇာဂုဏ်သိမ် မှေးမှိန်ကျဆင်းလာခဲ့ရာ၊ သားတော်စဥ့်ကူမင်းလက်ထက် (၁၇၇၆-၁၇၈၂)တွင် အဆိုးရွားဆုံး ဖြစ်တော့သည်။ မိမိ၏ သခင်ရင်းအမြင့်မင်းသား အသတ်ခံရပြီးသည်မှ စဥ့်ကူ မင်းကွပ်မျက်ခံရသည့် ခရစ် ၁၇၈၂ ခု၊ ဖေဖော်ဝါရီ (၁၄) အထိ (၄)နှစ်ကျော် ခရီးအတွင်း မည်သို့ ခံစား ရသည်ကို “ သာဓိနပျို့” တွင် အောက်ပါအတိုင်း ဖွဲ့ဆိုထားလေသည်။
“….လေးနှစ်ကျော်ခင်၊ မြင့်ကြာထင်အောင်၊ စိတ်ရွှင်မငွေ့၊ ညဥ့်နှင့်နေ့ကို မမွေ့မလျော်၊ မပျော်ချင်လို့၊ စာပေဆိုလည်း၊ မချိုလေတတ်၊ စိတ်ထားမှတ်ခဲ့…..”
စဥ့်ကူမင်း ကွပ်မျက်ခံရပြီးနောက် အမရပူရ ပထမမြို့တည် ဘိုးတော်ဦးဝိုင်းခေါ် ဗဒုံမင်းနန်းတက်ခဲ့သည်။ စာဆိုရှင် အမတ်ကြီးနှင့် ဒုက္ခအဖုံဖုံ ခံစားနေရသော တိုင်းပြည်ကပါ မျှော်လင့်တောင့် တနေချိန်လည်း ဖြစ် လေသည်။ ထို့ကြောင့် ဦးမြတ်စံက “ သာဓိနပျို့” တွင် စိတ်ချမ်းသာသွားပြီ ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ် သွားပြီဟု ရေးသားစပ်ဆိုလိုက်သည်မှာ…….
“မန္တတ် ရာဇာ၊ ဖုန်းနေဝါဖြင့်၊ စကြာပြိုးပြောင်၊ ရှေ့တော်ဆောင်၍၊ သာခေါင်ချမ်းငြိမ်း၊ နိုင်ငံသိမ်းသို့၊ ရိုက်ခြိမ်းမြေပေါ်၊ သီးသီးကျော်အောင်၊ ဖုန်းတော်ဝှန်းတက်၊ ရွှေလက်ထက်တွင် ရာမျက်သိဂါင်္၊ ရတနာတံဆိပ်၊ ရွှေစက်ရိပ်ကို ဦးထိပ်သွယ်ခွေ၊ သောကပြေ၍၊ နေ့လည်းပျော်ပါး၊ သွားလည်း ပျော်ရွှင်၊ ရှိရာတွင်ကို”
“…သို့စင်ဆင့်ပွား၊ ဆန်းပြားအထွေထွေ၊ ဆာဆာဝေမျှ၊ သရေသင်္ခယာ၊ သာသည့်အမည်၊
ထူးလည်လျောက်ပတ်၊ မှူးမတ်ဆောင်ယောင်၊အရောင်အဝါ၊ ဖွယ်ရာတင့်မော၊ ဘဝေါနှင့်လည်း၊ ဝနည်းမက၊ နေရာရလျက်….” ဟူ၍ ဖြစ်သည်။
ဘိုးတော်မင်းတရားကြီး (ဗဒုံမင်း) လက်ထက် (၁၇၈၂-၁၈၁၉) တွင် ဦးမြတ်စံသည် ပြန်လည်၍ မြှောက်စားခြင်းခံရသေးသည်။ မှူးမတ်အဆောင်ယောင် ပြန်ရခြင်း၊ တရားသူကြီးတာဝန် အပ်နှင်း ခြင်း၊ သရေသင်္ခယာဘွဲ့ဖြင့် ချီးမြှင့်ခြင်းတို့ ဖြစ်သည်။ သို့ကလို စာဆိုအမတ်ကြီးသည် စိတ်ပျော် ရွှင်ချမ်းမြေ့သွားပြီ ဖြစ်သဖြင့် စာပေကျမ်းဂန်များကို စိတ်အေးလက်အေး တစ်စောင်ပြီးတစ်စောင် ရေးသားဖွဲ့ဆိုနိုင်ခဲ့လေတော့သည်။
ရေးစပ်သီကုံးခဲ့သည့် ပျိုများအနက် စစ်သမိုင်းဟု ဆိုအပ်သော “ သေနင်္ဂဗျူဟာပျို့”၊ “ဗျူဟစက္ကိပျို့” များမှာ ထင်ရှားလေသည်။ ထို့ပြင် စစ်သည်တော်တို့ လက်စွဲပြုအပ်သော “နန္ဒိ သေနပျို့” ကိုလည်း စီရင်ခဲ့သည်။
လက်ဝဲသုန္ဒရသည် သေနင်္ဂဗျူဟာပျို့တွင် မြန်မာ့အစီအရင် ခုနှစ်ပါးအကြောင်းကို နောင်လာနောက်သားများအတွက် မော်ကွန်းတစ်စောင်တစ်ဖွဲ့၊ အမှတ်အသား တည်ရစ်အောင်၊ သိသာရုံမျှ ရေးဖွဲ့ခဲ့ခြင်း ဖြစ်ကြောင်းကို…..“မော်ကွန်းဖြစ်အောင်၊ ခုနှစ်အဂါင်္၊ စစ်ရေးရာနှင့်၊ ဆက်ကာအညီ၊ စစ်ချီလေးရပ်၊ စစ်တပ်နှစ်မျိုး၊ စစ်ထိုးခြောက်ဖြာ။ စစ်ခံမှာလည်း၊ သင်္ချာခြောက် ချက်၊ စစ်ဖျက် ခြောက်တန်၊ စစ်ပြန် သုံးပါး၊ အကျဉ်းထား၍၊ ကြောင်းလျားစဉ်လာ၊ မာတိကာကို၊ သိသာသဖွယ်၊ လင်္ကာ သွယ်ရှင့်” ဟု ပဏာမ အစီရင်ခံသည်။ ဗျူဟစက္ကိပျို့သည်လည်း စစ်ပျို့ တစ်စောင်ပင် ဖြစ်သည်။ လက်ဝဲကိုယ်တိုင်က ဗျူဟစက္ကိပျို့သည်မည်သို့သော စာဖြစ်၍ မည်သို့ ရေးဖွဲ့မည့်အကြောင်းကို…..
“ဇမ္ဗူဒိပ်တွင် တံဆိပ်အသွင်၊ ရာဇဝင်နှင့် သေနင်္ဂစာ၊ ကျော်ဝှန်ဝါသား၊ ဗျူဟာစက္ကိ၊ နတ်မျက်စိသို့၊နှိုင်းရှိပမာ၊ သုံးစောင်စာတွင်၊ တော်ရာရွေးနှုတ်၊ ဖွေဖော်ထုတ်အံ့” ဦးစွာဝန်ခံသည်။ “စစ် ကစားလျှင်၊ ကြုံဝါးမဆို၊ ရန်လုံးပြို၍၊ စိတ်လိုသမျှ အောင်မြင်ရသည် ဗျူဟစက္ကိ၊ အမည်ရှိသား၊ ကဝိ လက္ခဏာ၊ ကျမ်းထွက်စာကို၊ လင်္ကာချီမြှောက်၊ တစ်ခန်းကောက်အံ့” ဟုလည်းဆိုသေးသည်။
ထို့ကြောင့် “ဗျူဟစက္ကိပျို့”သည် စစ်အောင်ရာအောင်ကြောင်းကို ပြဆိုသော လမ်းညွှန်ပျို့ဖြစ် ကြောင်း သိသာသည်။ လက်ဝဲသုန္ဒရသည် ငါးရာ့ငါးဆယ် နိပါတ်တော်လာ စူဠကလိင်္ဂဇာတ်ကို အခြေခံ၍ “နန္ဒီသေနပျို့” ကို လည်း ရေးဖွဲ့ခဲ့သည်။ နန္ဒီသေနပျို့တွင် စစ်ဆင်၊ စစ်ဖျက်၊ စစ်တက်၊ စစ်ထိုး အစရှိသည် တို့ကို အနည်းအကျဉ်းသာ ဖော်ပြသည်။ စစ်သူကြီးတို့၏ ကျင့်ဝတ်များ၊ စစ်သည်တော်တို့၏ ကျင့်ဝတ် များကို အဓိကထား ဖွဲ့ထားသည်။
အမတ်ကြီး လက်ဝဲသုန္ဒရသည် “နန္ဒီသေနပျို့” ကို ရေးသားဆက်သွင်းခဲ့ပြီးနောက် “လက်ဝဲဘိ နန်သူ” ဘွဲ့ကို ရရှိခဲ့ပြန်သည်။ ထို့ကြောင့် အမတ်ကြီးသည် ဘဝတစ်သက်တာတွင် လက်ဝဲ သုန္ဒရ၊ ဘယရန္တမိတ်၊ လက်ဝဲနန္ဒမိတ်၊ သရေသင်္ခယာ၊ လက်ဝဲဘိနန်သူ စသော ဘွဲ့ငါးဘွဲ့ ရရှိခဲ့လေသည်။ အမတ်ကြီးသည် ဘွဲ့ထူးငါးဘွဲ့ ရရှိလဲ့သော်လည်း မြတ်နိုးတနာပြုဘွဲ့မှာ “လက်ဝဲသုန္ဒရ”ပင် ဖြစ်ဟန် တူ သည်။ ယင်းဘွဲ့ဖြင့်ပင် ထင်ရှားသည်။ အမတ်ကြီး ဦးမြတ်စံ ကွယ်လွန်သောနှစ်ကို ဗိုလ်မှူးဘသောင်း (မောင်သုတ) ပြုစုသော “စာဆိုတော်များ အတ္ထုပ္ပတ္တိ“ တွင် သက္ကရာဇ် ၁၁၆၁ (ခရစ် ၁၇၉၉)တွင် မင်းကွန်း ဘက်၌ အနိစ္စရောက်ကြောင်း ခန့်မှန်းထားသည်။
ဟံသာဝတီ ဦးဘရင်၏ “စစ်ထွက်စာဆိုများ” စာအုပ်တွင်မူ…..
“သက္ကရာဇ် ၁၁၈၁ ခု၊ ခရစ် ၁၈၁၉ ဘိုးတော်မင်းတရားကြီး နတ်ပြည်စံ၍ မြေးတော် စစ်ကိုင်းမင်း
(ဘကြီးတော်) လက်ထက် (၁၈၁၉-၁၈၇၃) တွင် လက်ဝဲသုန္ဒရအမတ်မှာ မည်သည့်ဘက်ကမျှ နိမ့်ကျခြင်းမရှိ၊ ယခင် တရားသူကြီးရာထူးအဖြစ်နှင့်ပင် အမှုတော်များ ထမ်းရွက်ရလေရာ “ရတနာပူရ အင်းဝပြည်တော်ကြီးလာ မော်ကွန်းနှင့် မဟာဝိဇယရံသီ စည်းခုံတော်မော်ကွန်း” တို့ကို ရေးသားလေ တော့သည်။ ထိုစစ်ကိုင်းမင်းအခေါ် ဘကြီးတော်မင်းတရား လက်ထက်တော်မှာပင် ဧရာဝတီမြစ်၏ အ နောက်ဘက်ကမ်း မင်းကွန်းဘက်တွင် ဘုရားရဟန္တာတို့သော်မှ ငြင်းဆန်ခြင်းငှာ မတက်သာသော မရဏ နိုင်ငံသို့ လိုက်ပါရတော့သတည်း ”ဟု ရေးသားထားလေသည်။
အမတ်ကြီး ဦးမြတ်စံသည် ဇနီးသုံးယောက်ရှိသည်။ ယင်းတို့မှာ မန်ကျည်းတုံရွာသူမယားကြီး မယ်ရွဲနှင့်၊အပြင်လှတောရွာသူနှင့် ဟန်လင်းကြီးရွာသူတို့ ဖြစ်သည်။ ကွယ်လွန်ချိန်၌ အလောင်းမင်းတရား လက်ထက် ငယ်စဉ်ကပင် ရည်ငံခဲ့သော မယ်ရွဲနှင့် ရရှိခဲ့သော သားနှစ်ယောက် သမီးတစ်ယောက် ကျန်ခဲ့ သည်။ သားကြီးမှာ အမရပူရ ပထမမြို့တည်မင်းလက်ထက် ရေကြည်ဝန်၊ စစ်ကိုင်းမင်းလက်ထက် အသည်ဝန်၊ အမရပူရမြို့တည်မင်းလက်ထက် မင်းကြီး အတုလမဟာဓမ္မိကရာဇာဘွဲ့ဖြင့် တရားသူကြီး ဖြစ်ခဲ့သော ဦးအေးဖြစ်ပြီး၊ သားလတ်မှာ နောင်တွင် ဘိုးတော်မင်းတရားလက်ထက် အိမ်ရှေ့ သံတော်ဆင့်၊ ဘကြီးတော်မင်းတရား (စစ်ကိုင်းမင်း) လက်ထက် ရွှေပြည်တံခွန် မြင်းဝန် နောက် အမရပူရမြို့ဝန်၊ ရွှေဘို မင်း (သာယာဝတီမင်း) လက်ထက် တရားသူကြီးဖြစ်ခဲ့သော ဦးရွှေသား ဖြစ်သည်။ သမီးထွေးမှာ မလွန်း မယ် ဖြစ်သည်။
လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံ၏ မြေးများမှာလည်း ဘမျိုးဘိုးတူဟု ဆိုရလောက်အောင် အုပ်ချုပ်ရေးပိုင်းတွင် သာမက၊ စာပေဂီတ သုခုမအနုပညာဘက်၌ ထွန်းပေါက်ခဲ့ သူ များဖြစ်သည်။ ယင်းတို့မှာ သားတော်ကြီး အတုလမင်းကြီး ဦးအေးမြင့်က မြင်သည့် မောင်ကျောက်ခဲသည် ဇာတ်တော်အုပ်အဖြစ် အမှုထမ်းရသော ရုပ်စုံဆရာ ဇာတ်ဆရာ ဦးကျောက်ခဲပင်ဖြစ်သည်။ သားလတ် ဦးရွှေသားမှ မြင်သည့် လက်ဝဲသုန္ဒရ၏ မြေးဖြစ်သူ ဦးတွန့်မှာလည်း ရွှေဘိုမင်းလက်ထက်တွင် တရား သူကြီး၊ မင်းတုန်းမင်းလက်ထက်တွင် မင်းလှမဟာဓမ္မိကရာဇာဘွဲ့ဖြင့် မြင်းခုံတိုင်မြို့စားအဖြစ် လည်း ကောင်း၊ တရားသူကြီးအဖြစ်လည်းကောင်း ထမ်းရွက်ခဲ့သူဖြစ်သည်။ ထို့ပြင် ရတု၊ ကဗျာများကိုလည်း ရေး ဖွဲ့ခဲ့သူဖြစ်ရာ၊ မင်းတုန်းမင်းတရားကြီးလက်ထက် ၁၂၂၂ ခု၊ ဝါဆိုလတွင် ကျင်းပခဲ့သော သားတော်များ၏ နားကွင်းသျှောင်ထုံးပမာ အခမ်းအနားတို့တွင် ဆက်သွင်းခဲ့သော “မြင်းပေါ် သံကဗျာ” (၇)ပိုဒ်ကား ကျော်ကြားလေသည်။
လက်ဝဲသုန္ဒရအမတ်ကြီး ပြုစုခဲ့သော ကျမ်းများမှာ…..
(၁) ဝိနိစ္ဆယ ပကာသနီ ဓမ္မသတ်လင်္ကာပျို့ (၁၁၃၉)
(၂) အာဒါသမုခပျို့
(၃) သေနင်္ဂဗျူဟာပျို့ (၁၁၄၇)
(၄) သောဏပျို့ (၁၁၆၁)
(၅) သာဓိနပျို့ (၁၁၄၅)
(၆) မန္ဓာတုစကြာမင်းပျို့ (၁၁၅၇)
(၇) နန္ဒီသေနပျို့ (၁၁၂၈)
(၈) ဗျူဟစက္ကပျို့ (၁၁၅၂)
(၉) ရတနာပူရ အင်းဝရွှေပြည်ကြီးလာမော်ကွန်း
(၁၀) ပြည်တော်ဝင်မော်ကွန်း
(၁၁) သောဏပျို့ (၁၁၆၁)
(၁၂) မဟာဝိဇယရသီ စည်းခုံတော်မော်ကွန်း
(၁၃) မင်းကွန်းစေတီတော်တည်မော်ကွန်း
(၁၄) အမရပူရ ပထမမြို့တည်မင်းတရား ဗုဒ္ဓါဘိသိက်မော်ကွန်း
(၁၅) ဓညဝတီနိုင်မော်ကွန်း
(၁၆) ဓညဝတီသို့ သာသနာပြုစေသည့်မော်ကွန်း
(၁၇) မြန်မာ့သံယောဂဒီပနီသတ်ပုံ
(၁၈) ရတုများ၊ အိုင်ချင်းများ၊ ၈၀ ပေါ်အဲရိုးများ
စသည်တို့ ဖြစ်သည်။ ထို့ပြင် ကျေးစေရတု (၁၂) ပုဒ်၊ သာလိကာစေရတု (၄) ပုဒ်၊ ဘုရားထိုင် ရတု(၅) ပုဒ်၊ မိသားစု တမ်းတရတု (၃) ပုဒ်၊ မယ်ဖွဲ့မောင်ဖွဲ့ ရာသီအခြေပြုရတု (၅) ပုဒ်၊ ဘုန်းတော်နှင့် နန်းမြို့နယ်ပယ်ဖွဲ့ရတု (၄)၊ စစ်မှုဆိုင်ရာဖွဲ့ရတု (၄)ပုဒ်၊ အဲရိုးနှင့် လူတားတို့ကိုလည်း ပြုစုခြ့လေသည်။ အမတ်ကြီး ရေးသားခဲ့သည့် စာပေအနက် “မဲဇာတောင်ခြေ” ချီ ရတုသည် အထင်ရှားဆုံး ဖြစ်၍ “သာဓိနပျို့”သည် အကောင်းဆုံးဟု ဆိုကြသည်။ အမတ်ကြီးသည် ဓမ္မသတ်ကျမ်း၌ ကျွမ်းကျင်သည့် အ လျောက် သာဓိနပျို့တွင် မနုရင်းဓမ္မသတ်ကြီး တစ်စောင်လုံးကို စာပေတစ်ပိုဒ်တည်းဖြင့် ဖွဲ့ဆိုထား လေ သည်။ အမတ်ကြီးသည် ဓမ္မသတ်အရာ၌သာ မဟုတ်၊ စစ်မှုရေးရာ၌လည်း နှံ့စပ်သူဖြစ်သော သေနင်္ဂဗျူ ဟာပျို့၊ ဗျူဟစက္ကပျို့၊ နန္ဒီသေနပျို့တို့တွင် တွေ့မြင်နိုင်လေသည်။
စာကိုး
၁။ထွန်းရီ(ရှေးဟောင်းသုတေသီ)၊မဲဇာပြန်စာဆိုလက်ဝဲသုန္ဒရဘွဲ့ ခံ ဦးမြတ်စံ ရာပြည့်စာအုပ်တိုက် - ပကြိမ်၂၀၁၀။
၂။ ဦးဖေမောင်တင်၊မြန်မာစာပေသမိုင်း၂၀၁၂။
Comments