ယူတီကာရောက် မြန်မာတိုင်းရင်းသားများက မင်းကိုနိုင်၊ ကိုကိုကြီးတို့ကို လှိုက်လှဲစွာ ကြိုဆိုကြမည်
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၇၊ ၂၀၁၃
လာမည့် ဇွန် ၈၊ စနေနေ့တွင် နယူးယောက်ပြည်နယ်၊ ယူတီကာမြို့နယ်တွင် ၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲ ကျင်းပရန် စီစဉ်ထားရာ ဒေသခံများအပြင် ရပ်နီး ရပ်ဝေးက မြန်မာများကလည်း သွားရောက်ကြိုဆိုနှုတ်ဆက်ကြရန် စီစဉ်နေကြကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စုသို့ လက်ရှိကြံ့ဖွံ့အစိုးရ ခေါင်းဆောင်များဖြစ်သော ဦးသိန်းစိန်နှင့် ၀န်ကြီးများ လည်ပတ်လျင် ဆန္ဒပြကန့်ကွက်ကြသလိုမျိုး ၈၈ မျိုးဆက်ခေါင်းဆောင်များကိုလည်း ကန့်ကွက်ကြရန် လှုံဆော်နေသည့် သတင်းများ၊ ပေးစာများ ထွက်ပေါ်နေကြောင်း ကြားသိရသည့်အတွက် ယူတီကာမြို့နယ်တွေ့ဆုံပွဲ ဖြစ်မြောက်ရေး တာဝန်ခံတဦးဖြစ်သော ကိုအောင်ကျော်မြင့်ကို မိုးမခက မေးမြန်းခဲ့ရာ ကိုအောင်ကျော်မြင့်က မိမိတို့ဒေသတွင် တိုင်းရင်းသားများ၊ မိသားစုများက ၈၈ မျိုးဆက် နှင့် ဒီမိုကရေစီခေါင်းဆောင် ၂ ဦးဖြစ်သော ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို ၀မ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုကြရန်၊ တွေ့ဆုံ ဆွေးနွေးကြရန် စိတ်အားထက်သန်နေကြကြောင်း ပြန်လည် ပြောကြားသည်။
မိမိတို့ လွန်ခဲ့သည့် အနှစ် ၂၀ မြန်မာပြည်အကျဉ်းထောင်ထဲတွင် စုပေါင်းရေးစပ်ခဲ့ကြသော သီချင်းတပုဒ်ကို သီဆိုပြီး ဂီတအနုပညာထုံသူ ကိုမင်းကိုနိုင်တို့ကို ဖျော်ဖြေမည်ဟု ပြင်ဆင်နေကြကြောင်း၊ သီချင်းစပ်ဆိုခဲ့သူထဲတွင် ယခုမြန်မာပြည်တွင် မကြာသေးမီက လွတ်မြောက်လာသူ ကိုဇော်သက်ထွေးလည်း ပါခဲ့ကြောင်း၊ လူ ၆ ဦး ၇ ဦး စုပေါင်းသီဆိုကြရန်ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားစိတ်ဓာတ် ထာဝရရှင်သန်နေမည့်အကြောင်း ထောင်ထဲတွင် အားပေးသည့် သီချင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
တိုင်းရင်းသားများက ကရင်ဒုံးအက၊ ရခိုင်ဆီးမီးအက၊ တပင်တိုင်အကတို့နှင့် ပျူငှာစွာ ကြိုဆိုကြမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားဝတ်စုံများ ၀တ်ဆင်ရန် လက်ဆောင်ပေးကြဖို့ လူကြီးများကိုယ်တိုင်က စီစဉ်နေကြကြောင်း၊ ယခုအမေရိကန်နွေရာသီဖြစ်၍ ခမ်းမများ ငှားယမ်းရန် အခက်အခဲ အများကြီး ကြုံတွေ့ရကြောင်း၊ ၂ လခန့် ကြိုတင်ပြင်ဆင်သည့်အထဲက အခု လူ ၁၂၀ခန့်သာ ဆန့်သည့် အခမ်းကို မနည်း ငှားယမ်းခဲ့ရကြောင်း ပွဲစီစဉ်နေသူများ၏ ကြိုးပမ်းမှုများကို ရှင်းလင်းပြောကြားသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဌေးကြွယ် လာရောက်စဉ်ကလည်း မိမိတို့ အတတ်နိုင်ဆုံး ပြင်ဆင်ပြီး ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြကြောင်း၊ မြန်မာ့တိုင်းရင်းသား ဒုက္ခသည်များ၊ မြန်မာ့အရေးလှုပ်ရှားသူ ၈၈ မျိုးဆက်များ၊ အဖွဲ့အစည်းများရှိရာ မိမိတို့ဒေသက ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို တွေ့ဆုံ ကြိုဆိုကြရန် နွေးထွေးစွာ လက်တွဲကြရန် ပြင်ဆင်နေကြကြောင်း ပြောကြားသွားသည်။
Comments