WEF - Suu and Interest Group Discuss on Burma's Future

ကမ္ဘာစီးပွားရေးဆွေးနွေးပွဲ (WEF) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်များ ဆွေးနွေး
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၆၊ ၂၀၁၃
ဇွန် ၅ က နေပြည်တော်မှာ ပထဦးဆုံးအကြိမ် ကျင်းပတဲ့ နိုင်ငံတကာဖိုရမ်တခု ကျင်းပရာမှာ မြန်မာပြည် အနာဂတ်ဘာလဲ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးစိုးသိမ်း၊ ဒေါ်ဇင်မာအောင်၊ ဒေါက်တာသန့်မြင့်ဦးတို့က ဦးဆောင်ပြီး ဆွေးနွေးခဲ့ကြသည်။ ဘီဘီစီ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို အွန်လိုင်းမှာ ပရိတ်သတ် လူ ထောင်ချီပြီး တိုက်ရိုက်ကြည့်ရှုခဲ့သည်။ တက်ရောက်သည့် ပရိတသ် ၉၀၀ ကျော် ရှိသည်ဟု ဆိုသည်။
ဦးစိုးသိမ်းက ၎င်းတို့အစိုးရသည် နောက်ပြန်လှည့်ရန် မရှိကြောင်း၊ အမကြီးဒေါ်စု၏ ကြောက်ရွံခြင်းမှ ကင်းဝေးရေးစာအုပ်ခေါင်းစဉ်ကဲ့သို့ ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသော်လည်း၊ တပ်မတော် အခမ်းကဏ္ဍ၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တိုင်းပြည်ဘဏ္ဍာနှင့် အမွေအနှစ်များ အားလုံး အညီအမျှ သုံးစွဲနိုင်ရေးတို့ကို ဆွေးနွေးရာတွင် ယခင်စစ်အစိုးရနှင့် လက်ရှိကန့်သတ်ဆဲ ပေါ်လစီများကို ကာကွယ်သွားသည်။ ၎င်းကဲ့သို့ ပရိသတ်ထဲက လွှတ်တော်ဥက္ကဌ ဦးရွှေမန်းကလည်း လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထား၊ အခြေခံဥပဒေ၏ အတိုင်းအတာနှင့် လူထုဆန္ဒနှင့် အညီ အပြောင်းအလဲလုပ်သွားမည်ဟု ကာကွယ်ပြောဆိုသည့် မှတ်ချက်ကို ပေးသည်။
ဒေါ်အောင်ဆန်းစုကြည်က ဥပဒေစိုးမိုးရေး၊ ပြည်သူလူထု အားလုံး အညီအမျှ တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုရရေး၊ အခြေခံဥပဒေပြင်ဆင်နိုင်ရေးတို့ကို ကိုင်စွဲပြီး ဆွေးနွေးခဲ့သည်။ ဒေါ်စုက လက်ရှိအခြေအနေ နောက်ပြန်မလှည့်နိုင်ရေးကို အာမ မခံနိုင်ကြောင်း၊ အစိုးရနဲ့ အတိုက်အခံ ၂ ဖက် စလုံးက ၀ိုင်းဝန်းပြီး အရှိအတိုင်း ၀ိုင်းလုပ်ကြဖို့လိုကြောင်း၊ ထောက်ပြသွားသည်။ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်နိုင်မှသာ တိုင်းပြည်ကောင်းမည် ဖြစ်ကြောင်း မှတ်ချက်ပေးရာ၊ အခမ်းအနားမှူးက ဒေါ်စုသမ္မတဖြစ်ဖို့လည်း လိုတယ်မဟုတ်လားဟု ထောက်ခံမေးခွန်း မေးခဲ့သည်။  ထိုအခါတွင် ပရိသတ်က ရယ်မောသြဘာပေးကြသည်။

မြန်မာပြည်၏ ပြုပြင်ပြောင်းလဲစရာ အချက်အလက်များ၊ စိန်ခေါ်ချက်များ လိုအပ်ချက်အများအပြားနှင့် အကောင်းမြင်မှုများ၊ ဝေဖန်ချက်များကို ပရိသတ်၊ ဟောပြောသူ၊ အခမ်းအနားမှူးတို့က အပြန်အလှန်ပြောဆို ဆွေးနွေးခြင်း၊ ဝေဖန်ခြင်းတို့ကို ပြုလုပ်ကြသည်ကို တွေ့ရသည်။ နိဂုံးချုပ်တွင် ဆွေးနွေးပွဲ၏ အကျိုးအဖြစ် လူဘယ်နှယောက်က မြန်မာပြည်အနာဂတ်အတွက် အဆိုးမြင်နေသေးလဲဟု မေးမြန်းရာ လူ ၄၊ ၅ ဦးခန့်က လက်ထောင်ကြသည်။ အကောင်းမြင်သလားဟု မေးရာ လူအတော်များများက လက်ထောင်ကြသည်ကို တွေ့ရသည်။ ထိုနည်းတူ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း ၂ ဖက်စလုံးမှာ လက်မထောင်ဘဲ ထိုင်နေသူများလည်း ရှိသည်။

Comments