Ant Bwe Kyaw - Profile - 88 Generation Student Leader

၈လေးလုံး ငွေရတုအကြို ပြည်ပခရီးစဉ်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
အံ့ဘွယ်ကျော်
သတင်းနဲ့ ပြန်ကြားရေး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
ကိုယ်ရေးအကျဉ်း၊ ဇူလိုင် ၃၊ ၂၀၁၃

မိသားစု ဘဝ
၁၉၆၆ ခုနှစ် နိုဝင်ဘာ၊ ၂၇ ရက် တွင် အဖ ဦးကျော်ဆွေ (စာရေးဆရာ မင်းကျော်)၊ အမိ ဒေါ်တင်တင်ဝင်းတို့မှ ရန်ကုန်မြို့၌ ဖွားမြင်သည်။ ညီ အစ်ကို မောင် နှမ အရင်း မရှိ။
ငယ်စဉ်က ရန်ကင်း၊ အမက (၁၂) ကျောင်းတွင်လည်းကောင်း၊ အထက (၂) ကမာရွတ် ကျောင်းတွင်လည်းကောင်း ပညာဆည်းပူးခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် အထက်တန်းအောင်မြင်ခဲ့သည်။
၁၉၈၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ၌ မြန်မာစာအဓိကဖြင့် ဆက်လက်ပညာ ဆည်းပူးခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်(ပင်မ)သို့ ရောက်ရှိခဲ့သည်။ ကျောင်းတက်ရင်း ရှုမ၀၊ မိုးဝေ၊ စန္ဒာ၊ ချယ်ရီ စသည့် မဂ္ဂဇင်းတို့တွင် ၀တ္ထုတို၊ ၀တ္ထုရှည်နှင့် ဆောင်းပါးများ ရေးသားခဲ့သည်။

ကျောင်းသားလှုပ်ရှားမှုများ
မြန်မာစာ စတုတ္ထနှစ် ။ (၁၉၈၈) မတ်လ ဖုန်းမော်အရေးအခင်းတွင် ရှေ့တန်းမှပါဝင်ခဲ့ပြီး ၁၉၈၈ မတ်လ ၁၇ ရက်၌ ရန်ကုန်တက္ကသိုလ်အတွင်း ဆန္ဒပြမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည်။ ပုဒ်မ ၁၀(က)ဖြင့် ရန်ကုန်အင်းစိန်(သီးသန့်) ထောင်တွင် ၄ လခန့် နေခဲ့ရပြီး ၁၉၈၈ ဇူလိုင် ၇ ရက်တွင် ပြန်လည်လွတ်မြောက်သည်။
ထောင်မှ လွတ်မြောက်ပြီးနောက် မင်းဇေယျ၊ ဌေးကြွယ် စသူတို့နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီရေးလှုပ်ရှားမှု အစည်းအရုံး (မကဒ) ကို တည်ထောင်သူတစ်ဦး ဖြစ်ခဲ့သည်။ ထို့နောက် ၈လေးလုံး(၈၊ ၈၊ ၈၈) အရေးအခင်းကို ကိုကိုကြီး၊ မိုးသီးဇွန်တို့နှင့်အတူ စတင်နိုင်အောင် ကြိုးစားခဲ့ပြီး ၈လေးလုံး ကာလတစ်လျှောက်တွင် (မကဒ)အဖွဲ့မှ တက်တက်ကြွကြွပါဝင်ခဲ့သည်။
၁၉၈၈၊ စက်တင်ဘာ ၁၈၊ စစ်တပ်မှ အာဏာသိမ်းခံရပြီးနောက်ပိုင်းတွင် စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးထိန်းသိမ်းစစ်မေးခြင်း ၂ ကြိမ်ခံခဲ့ရသည်။
၁၉၉၁ ခုနှစ်တွင် စတုတ္ထနှစ်(မြန်မာစာ) ကို ဆက်လက်တက်ရောက်ခဲ့ပြီး အောင်မြင်ခဲ့သည်။
၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက် ၊ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရရှိခြင်းကို ထောက်ခံကြိုဆိုပြီး ကျောင်းသားများဆန္ဒပြရာတွင် နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် ပုဒ်မ - ၅ည ဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခြင်းခံခဲ့ရပြီး အင်းစိန်ထောင်၊ သာယာဝတီထောင်တို့တွင် ၉ နှစ်ကြာ နေထိုင်ခဲ့ရသည်။
၂၀၀၀ ခုနှစ်တွင် ထောင်မှ လွတ်မြောက်ပြီး AV Media တွင် Researcher အဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် စာအုပ်ထုတ်ဝေရေး လုပ်ငန်းလုပ်ကိုင်ခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားများ လှုပ်ရှားမှု
၂၀၀၅ ခုနှစ်တွင် ထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာခဲ့ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဌေးကြွယ်၊ ဂျင်မီ၊ ပြုံးချို စသူတို့နှင့်အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဖွဲ့စည်းပြီး စစ်အစိုးရဆန့်ကျင်ရေးကို စဉ်ဆက်မပြတ်ကြိုးစားလှုပ်ရှားခဲ့သည်။
၂၀၀၇ သြဂုတ်လ ၂၁ ရက်တွင် ၈၈မျိုးဆက်ကျောင်းသားများအားလုံး ထပ်မံဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခြင်း ခံရသည်။ ထောင်ဒဏ်ဖြင့် အင်းစိန်ထောင်၊ ကသာထောင်တို့တွင် ၄ နှစ်ခွဲကြာ နေထိုင်ခဲ့ရသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါလ ၁၃ ရက်တွင် ကသာထောင်မှ ပြန်လည်လွတ်မြောက် ခဲ့ပြီးနောက် ၈၈မျိုးဆက်ကျောင်းသားများနှင့်အတူ နိုင်ငံရေးကိုဆက်လက်လုပ်ကိုင်နေသည်မှာ ယနေ့အထိဖြစ်သည်။

Comments