Free Burma Info to record Burmese prisoners and fallen activists lists


၈လေးလုံး အရေးတော်ပုံ ငွေရတုကို FreeBurma.Info ၀က်ဆိုက်ဖြင့် ကြိုဆို
မိုးမခအထောက်တော် ၀၀၂၊ ဇူလိုင် ၂၈၊ ၂၀၁၃
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလကြီးမှ စတင်ပြီး အနှစ် ၂၅ နှစ် တာ ကာလအတွင်း စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်း အကျဉ်းချခြင်း ခံခဲ့ရသူများ၊ အရေးတော်ပုံလှုပ်ရှားမှုများတွင် ထိခိုက်ဒဏ်ရာရသူများ၊ ကျဆုံးခဲ့သူများ၏ အမည်စာရင်းများကို တတ်နိုင်သမျှစုစည်းပြီး မှတ်တမ်းတင်ထားသည့် စာရင်းဝက်ဆိုက်တခုကို မြန်မာ့အရေးလှုပ်ရှားသူတစုက တင်ဆက်လိုက်သည်။ ၎င်းအမည်မှာ http://www.FreeBurma.Info ဖြစ်သည်။
မူရင်းစာရင်းများမှာ ထိုင်းနိုင်ငံအခြေစိုက် AAPP-Burma ၏ ၂၀၁၀ကာလ ပြုစုထားသော နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်၏ စာရင်း၊ ဧရာဝတီ သတင်းမီဒီယာ၏ သုတေသနစာမျက်နှာက စုဆောင်းထားသော ၈၈ အရေးအခင်းအတွင်း သေဆုံးဒဏ်ရာရသည့် ရန်ကုန်ဆေးရုံကြီးနှင့် စစ်ကိုင်းမြို့ အရေးအခင်းစာရင်းများ ဖြင့် စတင်ခြင်း ဖြစ်သည်။ ၎င်းနောက် MoeMaKa News Group၏ မှတ်စုမှတ်တမ်း၊ Online Burma Library Internet Pages နှင့် 8888 Linker Blog၏ မှတ်တမ်းများကို ကောက်နုတ်ပြီး စုစည်းတင်ဆက်လိုက်ခြင်း ဖြစ်သည်။ အများပြည်သူတို့က  မိမိတို့သိရှိသော နိုင်ငံရေးအကျဉ်းသားများ၊ ကျဆုံးသူများ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများနှင့် အရေးတော်ပုံအဆက်ဆက်တွင် စွန့်လွှတ်ခဲ့သူတို့၏ အမည်စာရင်းတို့ကို ထည့်သွင်းဖွင့်လှစ်နိုင်သည့် စာရင်းသွင်းစာမျက်နှာလည်း ထားရှိသည်ကို တွေ့ရသည်။
အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်၏ ကျဆုံးခဲ့သော ကျောင်းသား ကျောင်းသူများစာရင်းမှတ်တမ်း၊ အေဘီမြောက်ပိုင်းတွင် လုပ်ကြံခြင်းခံခဲ့ရသည့် အပြစ်မဲ့ ကျောင်းသာများ စာရင်း၊ ဒီပဲယင်းလုပ်ကြံမှုတွင် ထိခိုက်ဒဏ်ရာရသူများ၊ နှိမ်နှင်းခံရသည့် စာရင်းများကိုလည်း လက်လှမ်းမီသလောက် ပြုစုနေဆဲဖြစ်ကြောင်း သိရသည်။ စာရင်းအများအပြားတွင် သက္ကရာဇ် ၂၀၀၀ နောက်ပိုင်း အင်တာနက်၊ အီးမေးတို့ မြန်မာတို့အတွင်း ခေတ်စားလာပြီးနောက် ရရှိသည့် စာရင်းများက လွယ်ကူစွာ ရှာဖွေရရှိပြီး သက္ကရာဇ် ၂၀၀၀မှ ၁၉၈၈ အတွင်း နိုင်ငံရေးအကျဉ်းသားစာရင်းများ၊ စွန့်လွှတ်ခဲ့သူများ စာရင်းက အလွယ်တကူ ကောက်ယူရန် ခက်ခဲသည်ဟု ဆိုသည်။
အဆိုပါ လှုပ်ရှားမှုကို စတင်သူတို့မှာ ဆန်ဖရန်ဘေးဧရိယာက မြန်မာ့အရေးလှုပ်ရှားသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ထွန်းမြတ်ဦး (ပန်းသီး) နှင့် မိတ်ဆွေများ ဖြစ်သည်။ မိုးမခမီဒီယာ အဖွဲ့သားများက အထောက်အကူပြု ကူညီသည်။ အမေရိကန်အရှေ့ပိုင်း၊ ဘတ်ဖဲလိုးအခြေစိုက် 8888Linker.Blogspot.com က ဘလော့ဂါ ကိုစောမင်းထိုက်ကျော်၏ စုဆောင်းထားသည့် မြန်မာ့နိုင်ငံရေး အကျဉ်းသားအဘိဓာန်နှင့် ဓာတ်ပုံအညွှန်းတို့ကလည်း များစွာ ပံ့ပိုးအားဖြည့်မှု ရှိသည်ကို တွေ့ရသည်။
အဆိုပါ ၀က်ဆိုက်ကို ပြင်ဆင်နေချိန်တွင်း အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိနေသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမင်းဇေယျ၊ ကိုဗသက်အောင်၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်တို့အား တင်ပြဆွေးနွေး အကြံဥာဏ်များ ရယူခဲ့သည်။ ပြည်တွင်းရှိ ဒီမိုကရေစီရေး မှတ်စုမှတ်တမ်းများပြုစုနေသူများ၊ အစုအဖွဲ့များနှင့် ချိတ်ဆက်ပြီး အချက်အလက်များကို ဆက်လက်မျှဝေရန်၊ ချိတ်ဆက်လှုပ်ရှားသွားရန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့က အကြံပေး ပြောကြားသွားကြသည်ဟု ဆိုသည်။
အရေးတော်ပုံအဆက်ဆက်တွင် စွန့်လွှတ် အနစ်နာခံခဲ့သူများတွင် အထင်ကရများ၊ သူရဲကောင်းများ၊ အာဇာနည်များ၊ ခေါင်းဆောင်များ ရှိသကဲ့သို့ အညတရများ ရဲဘော်များ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မိသားစုများလည်း ရှိကြရာ ယခုကဲ့သို့ မှတ်တမ်းပြုစုထားခြင်းဖြင့် ဒီမိုကရေစီအရေးတော်ပုံတွင် ထိုသူတို့ကို ကျန်ရစ်သူတို့၊ နှောင်းလူတို့က မမေ့မလျော့ ဂုဏ်ပြုသည့် အလေးဂရုပြုသည့် သဘောဖြစ်သည်ဟု ဆိုနိုင်သည်။
လာမည့် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု ညီလာခံကြီးကို မြန်မာပြည်တွင် အများပြည်သူတို့၏ စုဝေးမှု၊ ညီညွတ်မှုနှင့် ရှေ့အနာဂတ်တိုင်းပြည်ထူထောင် တည်ဆောက်ရေးကို ရည်ရွယ်ပြီး ခမ်းနားစွာ ကျင်းပကြရန် ပြင်ဆင်နေကြရာ စွန့်လွှတ် အနစ်နာခံခဲ့သူများ၊ ကျဆုံးခဲ့များ၊ ကျန်ရစ်သူ မိသားစုဝင်များကိုလည်း ဂုဏ်ပြုသည့် ပြယုဒ်အဖြစ် မိမိတို့ တတ်နိုင်သလောက် ထုတ်ဖော်ခြင်း ဖြစ်သည်ဟု Free Burma Info ၀က်ဆိုက်စီစဉ်သူတို့က ပြောကြားသည်။
လွယ်ကူစွာ ဒေတာများ မျှဝေထားနိုင်ရန် - https://www.facebook.com/pages/Free-Burma-Info/209633789191490 ဖေ့စ်ဘွတ်စာမျက်နှာလည်း ထားရှိရန် စီစဉ်ထားပြီး၊ ထိုစာမျက်နှာပေါ်တွင် စိတ်ဝင်စားသူတိုင်းက အချက်အလက်များ မျှဝေခြင်း၊ အမှားပြင်ဆင်ခြင်း၊ အကြံပေးခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

Comments