K Thwe - Essay

ဇူလိုင် ၀ိညာဉ်
ကေသွယ်
ဇူလိုင် ၇၊ ၂၀၁၃

ဇူလိုင်လထဲကိုစ၀င်လာပြီ ဆိုတာနဲ့  ၊ တစုံတရာက နှိုးဆွ လိုက်သလိုသူ့တို့ စိတ်ဝိညာဉ်တွေ အသင့်ဖြစ်နေတတ်ကြသည်။ ဇူလိုင်..သြဂုတ် ဆိုတဲ့ ပြက္ခဒိန်စာလုံးတွေရဲ့ နောက်မှာ သမိုင်းနီနီ ညိုညိုမှိုင်းတွေက ကပ်ပါနေခဲ့ သည်ကိုး။

“ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများ” ဆိုတဲ့ စကားရပ်ကိုတော့၊ ကျောင်းတက်စ အရွယ်ကတည်းက  သူတို့ ခေါင်းထဲမှာ သံမှိုနှက်ပြီးသား။ မုတ်သုန်မိုးတဖွဲဖွဲစွေနေတတ်တဲ့  ဇူလိုင်ဆယ့်ကိုးရဲ့ ဥသြစွဲသံကိုကြားယုံ နှင့်ပင် ၀မ်းနည်းပက်လက် ဖြစ်တတ်ခဲ့သလို ၊ ဒီဇူလိုင်လထဲ မှာပဲ  နောက်ထပ် ၀မ်းနည်းစရာ နေ့ တနေ့  ရှိနေသေးတယ် ဆိုတာကိုလည်း  ရိပ်ဖမ်း သံဖမ်း သိနေခဲ့ ကြသည်။ တကယ်တော့ ဆဲဗင်းဇူလိုင် ဆိုတာ ၊ ဥသြသံ မစွဲ၊ မျက်ရည်မ၀ဲ နိုင်ပဲ ၊ အံကြိတ်ခဲ ရင်း မျိုးဆက်တခုကနေ မျိုးဆက်နောက်တခုကို တိတ်တိတ်ဆိတ်ဆိတ် လက်ဆင့်ကမ်း ခဲ့ ရတဲ့ အာဇာနည်နေ့ နောက်တနေ့ပဲ မဟုတ်လား။

အဲဒီလိုနဲ့ ကျောင်းဖတ်စာအုပ်တွေ ရဲ့ ပြင်ပက ၊ ကျောင်းသားသမဂ္ဂကြီးနဲ့ ဆဲဗင်းဂျုလိုင် ဆိုတဲ့ စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေ ဟာ၊ သူတို့တွေရဲ့  အိပ်ယာဝင် ပုံပြင် တွေထဲမှာ ။ ရေနွေးကြမ်း စကားဝိုင်းတွေမှာ။ ဓါတ်ပုံဟောင်းတွေထဲက..အဖြူအမဲ ပုံရိပ် တွေကြားမှာ..။ ၀ါကျင်ကျင် ဒိုင်ယာရီစာရွက်ပေါ်က.. ခပ်သော့သော့ မှင် စာလုံး တွေပေါ်မှာ..။

xxx ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ အဲဒီနေ့ဟာ စနေနေ့ပါ။ နေ့လည် တစ်နာရီမှာ သမဂ္ဂအစည်းအဝေး ခန်းမမှာ အစည်းအဝေးကျင်းပ ပါတယ်။ ဥက္ကဌက ကိုဗဆွေလေးပါ။ အခန်းအနားမှူးကတော့ ကိုသာဒိုးလား ကိုလှရွှေလား မမှတ်မိတော့ပါ။အစည်းအဝေးမှာ ကျောင်းသားထု တခဲနက် ဆုံးဖြတ် တာတွေထဲက မှတ်မိသလောက်ကတော့...ကျောင်းသားတွေကိုဖိနှိပ် ချူပ်ချယ်တဲ့ စည်းကမ်း အမျိုးမျိုးကို ကန့်ကွက်တယ်။ စစ်တပ်က အာဏာ သိမ်းတာကိုလည်းကန့်ကွက်တယ်။ တက္ကသိုလ်အက်ဥပဒေများကို ရုတ်သိမ်းတာကိုလည်း ကန့်ကွက်တယ် စတာတွေပဲဖြစ်ပါတယ်။အစည်းအဝေးအပြီးမှာ သမဂ္ဂရှေ့ကစပြီး ကျောင်းဝင်းအတွင်းမှာပဲ ကြွေးကြော်သံများ ကြွေးကြော်ကာလှည့်လည်ပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့ မှာ ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲလိုက်ကြပါတယ်။xxx


အဲဒီဒိုင်ယာရီစာရွက်ရဲ့ နောက်တမျက်နှာမှာတော့ ၊ ဇူလိုင်(၇)ရက်နေ့ ညနေစောင်းလောက်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးကိုလေးဖက်လေးတန် ပိတ်ဆို့ပြီး ၊ ပစ်ခတ်ခဲ့တဲ့ ကျောင်းသား (၁၀၀) ကျော်ရဲ့ သွေးမြေကျပွဲကြီး။ နောက်တနေ့ မနက် လင်းအားကြီးမှာ ကျယ်လောင်စွာ မြည်ဟီးသွားတဲ့ ပေါက်ကွဲသံကြီး။စက္ကန့်ပိုင်းအတွင်း လေထဲမှာ ကွယ်ပျောက်သွားတဲ့ ၊ အခိုင်အခန့်  သမဂ္ဂအဆောက်အဦကြီး ဆိုတဲ့ အကြောင်းတွေ တရွက်ပြီးတရွက်။

အဲဒီသမဂ္ဂကြီးထဲမှာ ပါဝင်လုပ်ကိုင်နိုင်ဖို့ ကျောင်းဆောင်တွေ တခုခြင်း ကနေပြီး အမူဆောင်တွေ ရွေးကြတော့ ၊ တယောက်က အဆိုတင်သွင်းနောက်တယောက်က ထောက်ခံပေးရတယ် ဆိုတဲ့ မတ်တပ်ထ လက်ထောင် မဲပေးစနစ် ဆိုတာ၊ သူတို့ အတွက်အဆန်း ။ အဆောင် သဟာယ နဲ့ စာဖတ်အသင်း ဆိုတဲ့ အသုံးအနှုံးမှာ ကိုက ကြီးကျယ်ခမ်းနားမူတွေ အပြည့် နဲ့။

လက်ရှိရောက်နေတဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကြီး ကိုတောင် မေ့လျော့ ရင်း၊ ရုပ်ရှင်သရုပ်ဆောင်မြတ်လေးကြီး ရေးစပ်ခဲ့တာ ဆိုတဲ့ `တပ်ဦးကြွေးကြော်သံ´ သီချင်းအဟောင်းလေးကို ၊သူတို့အဖေ ဆိုပြတဲ့ အတိုင်း အသံနေ အသံထား နဲ့ ဆိုတတ်နေခဲ့ ကြသည်။

တပ်ဦးလက်ရေးနှင့် ရေးထားသော တပ်ဦးကြွေးကြော်သံ သီချင်း

ရဲဘော်အပေါင်းတို့ရေ.. ခွပ်ဒေါင်းရဲဘော် အပေါင်းတို့ရေ..
ရာဇ၀င် ကဏ္ဍသစ်..တည်ဆောက် ကြမယ်လေ...
ဒီမိုကရေစီ ပညာရေး စနစ်..အုတ်မြစ် ချရစ်ပေ...
ဇစ်မြစ် ပင်စည် ရှည်...ရှည်...
အဲဒါ..ကျောင်းသား ကျောင်းသူ တိုင်းရဲ့..
ထာဝစဉ်..တာဝန် တရပ်ပေ...
(ဟေ့..ရဲဘော်..ရဲဘော် အတွက်..
တပ်ဦး..တပ်ဦး ..လာပြီ..)၂

ဖေ..တပ်ဦးနဲ့ တကသ တူတူပဲလား.. လို့ ၊  နားမလည်တဲ့ သင်ခန်းစာတခု လို မေး တော့ …

“တသားတည်းလို့ ပြောရမှာပေါ့ကွာ.. တကသ ဆိုတာကြီးက တကယ့် တက္ကသိုလ် အက်ဥပဒေတွေနဲ့ အညီ ဖွဲ့ထားတဲ့တက္ကသိုလ်ကျောင်းသားသမဂ္ဂကြီး..။ အစိုးရတခုဖြစ်ဖို့် ပါတီတွေ ပြိုင်ကြသလိုပဲ…နှစ်တိုင်း..နှစ်တိုင်း တကသကြီး အတွက် လည်း  ကျောင်းသားအဖွဲ့တွေ ပြိုင်ကြရတာပေါ့.. အဲဒီတုန်းက..အစိုးရ အရာရှိ ၀န်ကြီး ၀န်ကလေးတွေ ရဲ့ သားသမီးတွေ အများစုပါတဲ့  ဒီအက်စ်အို လို့ ခေါ်တဲ့ Democratic StudentsOrganization အဖွဲ့ကလည်းတခု။ အဲဒီ နှစ်ခုကြားထဲကနေ ခုခေတ်လိုပေါ့.. no anti, nopro, no politics ဆိုတဲ့ “သန့်ရှင်း” အဖွဲ့က တခု..။ နောက် “တပ်ဦး” ပေါ့ကွာ… ပထမတော့“တိုးတက်” ဆိုတဲ့ နံမယ်နဲ့ အနယ်အနယ် အရပ်ရပ်က တိုင်းရင်းသား ကျောင်းသားတွေ အများဆုံးပါ တာပေါ့…နောက်တော့ ၅၄ ကနေ တောက်လျှောက် သမဂ္ဂထဲမှာ အနိုင်ရလာခဲ့တာ  ယူနီယံကြီး ဒိုင်းနမိုက်နဲ့ ခွဲခံလိုက်ရတဲ့  အဲဒီ ၇ ရက် နေ့ ထိပဲပေါ့…”

အမျိုးသားပညာရေး တွေ..ပြုပြင်ဖို့..စုဆင်ဖို့ (ဒို့)
တိုက်ပွဲဝင်မည်..
ဒီမိုကရေစီ ရရှိရေး...အသက်သွေး လှူမည်...
ယုတ်မာတဲ့ စနစ်ကို..အမြစ်ပါ လှန် မည်....
(အောင်ပြီ)၃ ..မုချ...ဒို့သာ အောင်မည်...


အမျိုးသားပညာရေးဆိုတာကို ဖတ်စာအုပ်ထဲကနေ အော်ကျက်နေရပြီဖြစ်ပေမဲ့၊ဒီမိုကရေစီဆိုတာတော့ ဘာမှန်း သူတို့ ရေရေရာရာ မသိသေး။

အဓိဌါန် တူညီ...ကျောင်းသား..ကျောင်းသူ တို့သည်..
ဘယ်တော့မှ..အနိုင်မခံ..အလံဖြူ မလွင့် လိုသည်..
တပ်ဦးကြီး အလံ အောက်မှာ..စုဝေး...လို့တည်..
ညီရင်း အကိုလို..မောင်ရင်း နှမတွေ စုံစုံညီ..
အပြုံးချင်းလှယ် လက်ချင်းဆက်ကာ ညီညွတ်ဖို့ သစ္စာပြုမည်
အရေးတော်ပုံအောင်ပါမည်…အရေးတော်ပုံအောင်ပါမည်…
ပန်းတိုင်း ပွင့် ရမည်..ကျောင်းတိုင်းဖွင့်ရမည်..


အထက်တန်းကျောင်းသားအရွယ်တက္ကသိုလ်ကျောင်းသားအရွယ် ရှစ်ဆယ့်ရှစ် လူထုအုံကြွမူကြီး ဖြစ်လာတဲ့ အချိန်မှာတော့ဒီသီချင်းလေးရဲ့ အဓိပ္ဗါယ်ကို သူတို့ ပြည့်ပြည့်၀၀ နားလည် သဘောပေါက်ခဲ့လေပြီ။ အရေးတော်ပုံအောင်ပါမည်ဆိုတဲ့ အပိုဒ်ကို၊ ပီပီပြင်ပြင် ဆိုတတ်လေ တော့ပြီ။ ဇူလိုင်ဝိညာဉ်တို့ သူတို့ကိုယ်တွင်းက နိုးထခဲ့လေပြီ။

အဲဒီလိုနဲ့ မျိုးဆက် အဆင့်ဆင့် ပခုံးပြောင်းရင်း၊ သမိုင်းဘီးကြီး တရစ်ပြီး တရစ် လည်ရင်း၊ဇူလိုင်ဝိညာဉ်တွေလည်း တခေတ်ပြီး တခေတ် အသစ်ပြန် ဖြစ်ကြသည်။ ယခုပင် ဆဲဗင်းဂျူလိုင်ရွှေရတု တိုင်ပြီး၍  ရှစ်ရက်ရှစ်လ ငွေရတုဝင်ခဲ့ပြီ။ စစ်အာဏာရှင် အကျင့်ဆိုးကို စတင်အန်တု ခဲ့တဲ့  ဇူလိုင်ဝိညာဉ်သည် စစ်အာဏာရှင် စနစ်တခုလုံးကိုတွန်းလှန် ဆန့်ကျင် နိုင်ခဲ့တဲ့  ရှစ်ဆယ့်ရှစ်စိတ်ဓါတ်နဲ့တင် အဆုံးသပ်သွားမည် မဟုတ်သေး။  စစ်အာဏာရှင်အရိပ်အငွေ့ တွေ မကင်းစင် မခြင်းထွန်းလင်းနေရပေဦးမည်။

တကယ်သာမြန်မာပြည်ကြီးပေါ်မှာ၊ အမုန်းတရားနဲ့ အကြောက်တရား အရိပ်အငွေ့တွေ ကင်းစင် ကွယ်လွင့်ချင်တယ်ဆိုရင် …မြန်မာပြည် သစ်ကြီး တည်ချင်တယ်ဆိုရင် ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ပြည်တွင်းငြိမ်းချမ်းရေးတို့ ဆိုတဲ့ ဝေါဟာရတွေထဲမှာ ၀ဲချာလည် နေမဲ့အစား ၊ ၀န်ချတောင်းပန်ရေးလို့ ပြောလာတိုင်း  မသိယောင်ဆောင် စကားလမ်းလွှဲနေရမဲ့အစား၊ သမိုင်းဖြစ်ရပ်တွေကို  မှန်မှန်ကန်ကန် ဝေဖန်ဆန်းစစ်ပြီး၊ အပြန်အလှန် အသိအမှတ်ပြု သမိုင်းတင်နိုင်ကြမယ်ဆိုရင် ၊ အားလုံးအတွက် ကျေအေး ပြေလည်အတူသွားနိုင်မယ့် လမ်းကြောင်းတခုကို ရောက်နိုင်မှာပါ။ အာဇာနည်နေ့မှာ သြဥ ဆွဲ-မဆွဲဆိုတာလောက်နဲ့တင်မက ၊ ငွေရတုအမှတ်တံဆိပ်က ဒေါင်းလား- ချိုးလား သတ်မှတ်နေယုံနဲ့တင်မက၊  သူရဲကောင်းနေ့ တွေ တရားဝင် ပေါ်ထွန်းလာဖို့ ၊ အချိန်အခါကောင်းဖြစ်သင့်ပါပြီ။ 

ဇူလိုင်ဝိညာဉ်တွေစတင် မွေးဖွားခဲ့တဲ့  ကျောင်းသားသမဂ္ဂကြီး ကိုလည်း၊ ကတိတွေပေးထားခဲ့တဲ့အတိုင်း ပျော်ပျော်ပါးပါးကြီး အုတ်မြစ် ချသင့်ပါပြီ။ အမိတက္ကသိုလ်ကြီးလည်း  နံနက်ခင်းအလင်းရောင်တွေနဲ့ အတူ ကြည်လင် လန်းဆန်းစွာနိုးထ သင့်ပါပြီ။ ပန်းတိုင်း ပွင့်ရပါဦး မည်။ ကျောင်းတိုင်း ဖွင့်ရပါဦးမည်။

ကေသွယ်

ကျောင်းသားသမဂ္ဂဥက္ကဌ ဦးဗဆွေလေး( ကလောင်အမည် မောင်ထွန်းသစ်) ၏ လက်ရေး

ကျောင်းသားသမဂ္ဂအဆောက်အဦရှေ့ မှ ကျောင်းသားတစု ( ၁၉၅၈=၁၉ ၆၂)


(ဓါတ်ပုံများသည် မိသားစု ကိုယ်ပိုင် အမှတ်တရပစ္စည်းများဖြစ်သည်။)

ကေသွယ်မှတ်စုမှ ပြန်လည်ကူးယူဖော်ပြါသည်။

Comments