Kyaw Home - Poem

တော်လှန်ရေးလုလင်များဖြစ်ရခြင်း တစွန်းတစ
ကျော်ဟုန်း
ဇူလိုင် ၁၈၊ ၂၀၁၃


ကိုယ်တို့ ခေတ်တုန်းက
ဘိုကေက လက်တဆစ် ထပ်မရှည်မိစေနဲ့ 
(လမ်းသရဲ) တံဆိပ်ကပ်ခံရပြီ။

ဂစ်တာဒေါင်ဒင် ခေါက်မိလိုက်ရင်
(သရုပ်ပျက်) အပြောခံရပြီ။

အင်္ကျီရင်ခွဲ ကော်လံမရှည်မိလိုက်နဲ့ 
(လမ်းဘီလူး) အပြောခံရပြီ။

ခေါင်းလောင်း၊ ဖလဲ အောက်ပွဘောင်းဘီရှည်
ခေါက်မြင့်ရှူးဖိနပ် ဝတ်မိလိုက်ရင်
(လမ်းတေ စ္ဆ) ဖြစ်သွားပြီ။

ဒီလမ်းသရဲ သရုပ်ပျက်တွေလေ
ဆိုရှယ်ကိုကျော်ပြီး
ဒီမိုကို အော်ခဲ့ကြတာ ခုထိ
ဘယ်သူ့ အတွက်လဲ
နှောင်းလူအတွက်ပဲ။

အရေပြားတထောက်ကို ကြည့်
ခေတ်စရိုက် ခေတ်အလိုက်မသိခဲ့ လူကြီးတွေကြောင့်
တော်လှန်ရေးသမားတွေ အလိုလိုဖြစ်ခဲ့ရ။

လူငယ်ဆိုတာ စပရိင်
ကြွလို့ ဖိတယ်ဆိုရင်
ဖိသလောက်ကို ကြွတတ်ကြ။

ခေတ်အပြောင်းအလဲကို သိ
အရေပြားအရိုင်းကို မကြည့်
စိတ်အရိုင်းမဖြစ်အောင် သင်တတ်တဲ့
သခင်မကြီးတဦးရဲ့ သား
ကိုယ်တို့ ဆရာ ဦးကျော်ဝင်းနိုင်ကို အရမ်းလွမ်းတယ်
(ကျနော်တို့ ခေတ်မှာ ဆရာ့စိတ်ဓာတ်ကို
အတုယူပါတယ် ဆရာနိုင်..)

အခုခေတ်မှာ
လူငယ်တွေရဲ့ ဟစ်ဟော့
ကိုယ်တို့ အပြစ် မပြောဘူး။
မင်းတို့  တမျိုး ကံကောင်းစွ။

ကောင်းမှာပေါ့..
ဟစ်ဟော့ခေတ်ရဲ့ အဖေ အမေ ဦးတွေက
ကိုယ်တို့  လမ်းသရဲတွေလေ
ကိုယ်နဲ့ နှိုင်း ကိုယ်ချင်းစာတတ်တော့
ဟစ်ဟော့ကို ရစ်သော့လို့ ကြိုဆို
တွဲတောင် ပျော်လိုက်သေး။

ဘယ်ချိန်ခါမဆို
အပြောင်းအလဲ သဘာဝတရားကို
လက်မခံ ငြင်းဆန်ရင်
တိုက်ပွဲတွေ ဖြစ်နေဦးမှာပဲ။

လမ်းသရဲခေတ်က ကိုယ်တို့ ကြ
ဘာကိုမဆို လှေနံဓားထစ်သမားတွေကြောင့်
တိုက်ပွဲတွေ ဆက်နေရတုန်း
ဒီမိုကရေစီအတွက် တိုက်နေရတုန်း
အပြောင်းအလဲအတွက် တိုက်နေရတုန်း
နှပ်ကြောင်းမလွဲဖို့ တိုက်နေရတုန်း
ငြိမ်းချမ်းရေးအတွက် တိုက်နေရတုန်း။

ကိုယ့်ခေါင်းပေါ်က ဖုတ်သိုက်ဖွကျဲ ဆံပင်
ဆံပင်ရှည်ထားတဲ့ ဆရာကြီး ဒဂုန်တာရာကြောင့်
ဒီခေတ်မှာ ပေါ်ပေါ် လမ်းသရဲ အခေါ်မခံရတာကလွဲရင်
တိုက်နေ ခိုက်နေရတုန်း။       ။


Comments