Maung Too - Essay

သက်ရှိပန်းချီ
မောင်တူး
ဇူလိုင် ၁၀၊ ၂၀၁၃




ပဲနှပ်ဟင်း ချက်နေတယ်။ လွယ်လွယ်လေးပါ။ ကုလားပဲဆံ ၀ါဝါတွေကို ရေစိမ်ထား။ ပြီးတော့ ပြုတ်။ ပဲလည်းအနပ် ရေလည်းအခမ်း။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို တောသုံးရမ်ဘိုဓါးနဲ့ လှီးပြီး ဆီသတ်။ ခုန ပြုတ်ထားပြီးတဲ့၊ နူးပြီးနပ်နေတဲ့ ပဲဝါ၀ါတွေပေါ်မှာ ဆီချက်ကို ဖြန့် ပြီး လောင်းလိုက်။ ဒါဆိုရင် ပဲနှပ်ဟင်းရပြီ။ ထမင်းလဲ ကျက်ပြီ။ ငရုတ်သီးဆားထောင်လဲ ထောင်းပြီးပြီ။ စားကြတော့မယ်ဟေ့။

ဒါပေမယ့် စိတ်ချ လက်ချ အေးအေး လူလူ စားကြမှာတော့ မဟုတ်ပါ။ ဒါက စစ်မြေပြင်လေ။ တိုက်ပွဲ နားတုန်း စားသုံးရတာ။ ရဲဘော်တ ယောက် ကင်းစောင့်။ ကျန်လူတွေစားကြ။ ကင်းသမားအတွက် ထမင်းနဲ့ ပဲနှပ် ချန်ထားကြဦး။

ကျနော်တို့က ရဲဘော်တွေ။ ဘာရဲဘော်တွေလဲဆိုတော့ ကျောင်းသားတပ်မတော်က ရဲဘော်တွေပါ။ ၈၈၈၈ မှာ သပိတ်စခန်းတွေ ၀င်အစီးခံရ အပြီး။ မဆလအစိုးရ တပ်တွေကနေ ကျောင်းသားတွေကိုပစ်သတ်အပြီး ပြန်တိုက်မယ်ဆိုပြီး နယ်စပ်အသီးသီးကို ထွက်လာကြတဲ့ ကျောင်း သားတွေပါ။ အခု ကျနော်တို့ရောက်နေတာက ကရင်ပြည်နယ်၊ ဖာပွန်မြို့ နယ်ထဲက စစ်မြေပြင်တနေရာ။

မနက်ကပဲ န၀တ စစ်အစိုးရတပ်တွေက ကျနော်တို့ ကျောင်းသားတပ်မတော် တပ်စွဲထားတဲ့ ခံစစ်ကုန်းကို တက်တိုက်ပါတယ်။ အခုတော့ န၀တတပ်တွေ ပြန်ဆုတ်သွားကြပါပြီ။ သူတို့လဲ ကျည်လွတ်ရာမှာ ထမင်းချက်စားနေကြပြီ။ ကျနော်တို့လဲ ထမင်းစားနေကြပြီ။ အချိန်က ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီ။

ကြားဘူးကြမှာပါ။ နာမည်ကျော် ထွီဖာဝီကျိုးတောင် (ခွေးအိပ်တောင်) တိုက်ပွဲပါ။ လနဲ့ချီကြာ၊ အကျအဆုံးများ၊ ပေါ်တာတွေ အများကြီးသုံး ခဲ့ရတဲ့ စစ်ပွဲကြီးပါ။ တိုက်ပွဲဘယ်လောက် ပြင်းခဲ့သလဲဆို ၄၀၄၄ ပေမြင့်တဲ့ ခွေးအိပ်တောင်ကြီးဟာ ပေ ၄၀၃၀ လောက်ပဲကျန်တဲ့အထိ နိမ့်သွားတယ်လို့ ပြောစမှတ် ဖြစ်ခဲ့တယ်။ လက်နက်ကြီးတွေနဲ့ တအားပစ်လို့ တောင်တွေတောင် ပြိုကျခဲ့တယ်လို့ ဆိုကြတယ်။

ကျနော့်တို့ သူပုန်ကျောင်းသားတွေတင်မကပါဘူး။ ဟိုဘက်တောင်ကုန်းမှာ ကေအင်န်ယူတပ်တွေ ရှိတယ်။ တတောင်ကျော်မှာ တခြား တိုင်းရင်းသား တပ်တွေရှိနေပါတယ်။ စစ်ကူလာကြတာပါ။ ကျနော်တို့တပ်ရင်းက ၂၀၄-၂၀၅ ဖြစ်တယ်။ တခြားတောင်ကုန်းတွေမှာလဲ ကျောင်းသားတပ်မတော် တပ်ရင်း ၂၀၉၊ ၂၁၀၊ ၂၁၂၊ ၂၁၆၊ ၆၀၁ တပ်တွေ ရှိနေကြပါတယ်။ မနက်အစောကြီးထ စမ်းချောင်းရေထွက်မှာ ရေဆင်းခပ်။ ရေဗူးတွေထဲမှာ ရေဖြည့်ထား။ ပလပ်စတစ်ပုံးတွေထဲမှာလဲ ရေဖြည့်ထား။ အစိုးရစစ်တပ်တွေက ဘယ်အချိန်တက်လာမယ် မသိနိုင်ဘူး။ ဘယ်အချိန် ပြန်ဆုတ်သွားမယ်ဆိုတာလဲ မသိဘူး။ တော်တော်ကြာ သူတို့မဆုတ်ဘဲနေတာကြာရင် ရေကုန်သွားမယ်။ ရေငတ် မယ်ပေါ့။ သေနပ်တွေလဲ ကြံခိုင်မှု ရှိမရှိ။ ကျည်ဆံတွေ လုံလောက်မှု ရှိ မရှိ။ ကြိုစစ်ဆေးနေရတယ်။ လက်ပစ်ဗုံးတွေလဲ တယောက်ကို လေးငါးလုံး အသင့်ဆောင်ထားရတယ်။ အုပ်လိုက်ထိုးတက်လာရင် လှမ်းပစ်ဖို့ ။

မိုးလင်း မိုးချုပ် စစ်တိုက်အလုပ်မှာ ကျနော်တို့ တကယ့်ကို ၀ီရိယကောင်းနေကြပါတယ်။ သူပုန် ကျောင်းသားပေါ့နော်။ အခု ၁၉၉၁ ခုနှစ်မှာ သူပုန်ဖြစ်နေပေမယ့် ၁၉၈၈ တုန်းကတော့  ကျနော်တို့ဟာ တက္ကသိုလ်ကျောင်းသားတွေပါ။ စာအုပ်နဲ့ ဘော့ပင်သာကိုင် လက်ဖက်ရည်ဆိုင် ထိုင် ခိုင်ထူး၊ ကိုင်ဇာ၊အနိုင်၊ မင်းအောင်၊ စိုးပိုင်၊ စိုင်းထီးဆိုင်၊ ထူးအိမ်သင် စတဲ့ တေးသံရှင်တွေရဲ့ သီချင်းတွေကိုသာ ခုံမင်တပ်မက်ခဲ့ကြ သူတွေပါ။ အခု ထွီဖားဝီးကျိုးတောင် စစ်ပွဲမှာသုံးနေတဲ့ ၇၅ မမ၊ ၈၄ မမအမြောက်ဗုံးသီးတွေကိုမပြောနဲ့ သေနတ်ဆိုလို့ လေသေနတ် လောက်တောင် သေသေချာချာ ကိုင်ဖူးခဲ့သူမဟုတ်ပါ။ သို့သော် အေကေ ၄၇ အော်တော်မစ်တစ် မောင်းပြန်ရိုင်ဖိုင်ကို ကျနော်တို့ ကိုယ်စီ လွယ်ထားရပါပြီ။ ခါးမှာ တောသုံးရမ်ဘိုဓါး ချိတ်ထားတယ်။


၈၈၈၈ သည် ငွေရတုရောက်လာပါပြီ။ ၈၈၈၈ မှ ပေါက်ဖွားလာတဲ့ ကျောင်းသားတပ်မတော်သက်တမ်းလဲ ၂၅ နှစ် ရှိလာပါပြီ။ ဒီလိုအချိန်မှာ သူပုန်ကျောင်းသားဘ၀တွေနဲ့ ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသားတပ်ရင်း ၆၀၁ တပ်ရင်းမှူး ကိုတိုက်မောင်း၊ ၂၁၆ တပ်ရင်းမှ တပ်ကြပ် မြင့်သိန်း၊ ရဲဘော်ကမ်ပူးချား၊ တောင်ငူကျောင်းသားတွေနဲ့ဖွဲ့ထားတဲ့ ကျောင်းသားတပ်ရင်း ၂၁၀ တပ်ရင်းမှူး ကိုဆန်းလင်း စသူတို့အ ကြောင်း တွေ အညတြ မထင်မရှားရဲဘော်များအကြောင်းကို ရေးပါသည်။ ကျနော် ဆက်ရေးပါဦးမည်။ 

Comments