Phoe Htet - Essay

မမေ့သော ရှင်ခြင်း၊ မမေ့သော သေခြင်းများဖြင့် ချောင်းဆိုးခြင်း
ဖိုးထက်
ဇူလိုင် ၂၂၊ ၂၀၁၃



ပြီးခဲ့တဲ့ အပါတ်က ရင်ဘတ် အအေးပါတ်သွားရာက စပြီး သေမတတ်ချောင်းတွေ ဆိုးသည်။ လူတစ်ကိုယ်လုံး ဟပ်တပ်ကျလာပြီး မောဟိုက်သွားအောင် ချောင်းတွေ ဆိုးသည်။ အိပ်လို့မရလောက်အောင် ချောင်းတွေ ဆိုးသည်။ ဆေးခန်းသွားပြတော့ ဆရာဝန်က ပဋိဇီဝဆေးတွေကို မပျက်မကွက် ဆက်ဆက်သောက်ဖို့ အတန်တန်ကတိတွေ တောင်းပြီး ပေးလိုက်သည်။ ဆေးသောက်နေစဉ်မှာဘဲ ချောင်းဆိုးတာက လျော့ပါးသွားသည် မရှိ။ ညနက်သန်းခေါင် ချောင်းတွေ ဆိုးလွန်းမကဆိုတော့ အိပ်ရေး ပျက်မည့် အခန်းဖော်ကို အားနာရသည်။ သူ့ကို အားနာလို့ အခန်းပြင်ကိုထွက်ပြီး ချောင်းဆိုးမယ်ဆိုတော့လဲ ချောင်းဆိုးသံအကျယ်ကြီးဖြင့် တိုက်ခန်းထဲက လူတွေ အကုန်နိုးကုန်မှာ ကြောက်လို့ မထွက်ဖြစ်တော့။ နားလည် စာနာတတ်သော သူငယ်ချင်းကြောင့်သာ ကျွန်တော့် ချောင်းဆိုးခြင်း ရောဂါနှင့် တော် တော့သည်။

လူတစ်ယောက် နာမကျန်းဖြစ်တာ ဆန်းကျယ်သော အရာတော့ မဟုတ်။ အသားကျ လည်ပါတ်နေသော ကိုယ်ခန္ဓာကြီးကို ဂရုမစိုက်မိလို့ဘဲ ဖြစ်ဖြစ်၊ အခြားသော အကြောင်းအရာများကြောင့်ဘဲဖြစ်ဖြစ် ရောဂါဘယများ အလွယ်တကူ ၀င်ရောက်လာတတ်သည်။ တစ်ချို့ရောဂါတွေက အလွယ်တကူ တိုက်ထုတ် တွန်းလှန်လို့ ရသည်။ တစ်ချို့ရောဂါတွေက သေရာပါတတ်သည်။ သို့သော် သည်ချောင်းဆိုးရောဂါကတော့ လူတောထဲမှာ အလွန်အရုပ်ဆိုးသော ရောဂါဖြစ်သည်။ အခန်းဖော်သူငယ်ချင်း အမျိုးသမီးက သူ့အမျိုးသားကို တီဘီလား မသိဘူး ကူးမယ်နော်ဟု သဘာဝ ကျကျ မှာကြားသံ ကြားရသည်။

ဘတ်စ်စကားပေါ်မှာ၊ ရထားပေါ်မှာ ဒီလောက် ပါးစပ်ကို ပိတ်ပြီး ချောင်းဆိုးနေပါလျက် အလွန်အကျွံကြီး ဆိုးလွန်းမကဆိုးတော့ ရှောင်ထွက်သွားကြသည်။ တစ်ချို့က သိသိသာသာ။ တစ်ချို့ က မသိမသာ။ ကျွန်တော်က ဘာပြောလို့ရမှာလဲ။ တစ်ယောက်ထဲ လမ်းဆင်းလျှောက်လို့ရလောက်အောင် နီးတဲ့ ခရီးတွေ ဆိုရင်လဲ တစ်လမ်းလုံး တဟွပ် ဟွပ်ဖြင့် လွတ်လွတ်လပ်လပ် အားရပါးရ ချောင်းဆိုးရင်း သွားလိုက်ချင်ပါရဲ့။ ခရီးတွေ အကုန်လုံးက လမ်းချည်း ဆင်းလျှောက်လို့ ရလောက်အောင်လဲ မနီး။

ဟိုး နှစ်တွေတုန်းက ချောင်းဆိုးတာနဲ့ ပါတ်သက်ပြီး ၀ထ္တုတိုလေး ဖတ်ဘူးသည်။ ဇာတ်လမ်းထဲမှာ ဇာတ်ကောင်က ချောင်းဆိုးတတ်သည်။ သူ့ချောင်းက ရောဂါကြောင့်လဲ မဟုတ်။ ဘာရယ်ကြောင့်မှန်း မသိဘဲ အဟမ်း အဟမ်း ဆိုပြီး ချောင်းဆိုးသည့် ချောင်း။ သူ့အကျင့်ကို ဖျောက်ဖို့ ကြိုးစားလေ အဲဒီချောင်းက ဆိုးလေ။ သူ့ချောင်းကြောင့် အထက်လူကြီး သူခိုးက သူ့ကို ရာထူး လျှော့ပြစ်ဘူးသည်။ သူများ အတွဲက ရန်လုပ်သွားတာ ခံရဘူးသည်။ ဘတ်စ်ကားစပါယ်ယာက မောင်းချတာ ကြုံဘူးသည်။ ဇာတ်သိမ်းပိုင်းကိုတော့ ကျွန်တော် မမှတ်မိတော့။ အဲဒီ အဟမ်း အဟမ်းဆိုသည့် ချောင်းဆိုးတတ်သောသူ ဘယ်လို ဇာတ်သိမ်းသွားသလဲ မမှတ်မိတော့။ မဟုတ်တန်းတရား လောကကြီးနှင့် သူ့ချောင်းဆိုးအကျင့်နှင့် နေသား တကျ မရှိခြင်းကို စာရေး ဆရာက ရေးဖွဲ့သွားခြင်းဖြစ်သည်။

ကျွန်တော် ဆိုးသည့် ချောင်းက သူ့လို လူတွေကို တွန့်သွားစေသည့် အဟမ်း အဟမ်းတော့ မဟုတ်။ အဟွပ် အဟွပ် ဆိုပြီး အဆက်မပြတ် လည်ချောင်းဝက မခံစားနိုင်လောက်အောင် ယားပြီး ဆိုးသော ချောင်း။ လူတွေ နှာခေါင်းရှုံ့စေသော ချောင်း။ ချောင်းဆိုးရတာ များတော့ လူက မောဟိုက်လာသည်။ ချောင်းဆိုးခြင်း တစ်ခါနှင့် တစ်ခါအကြား အနားရသော အချိန်သည် ကျွန်တော့်အတွက် နိဗ္ဗာန်လို့ ပြောလို့ရအောင် အလွန်သက်တောင့်သက်သာ ရှိလှသည်။ လူတစ်ယောက်က ရောဂါဝေဒနာကို မခံမရပ်နိုင်ခံစားရလာလျှင် သေခြင်းတရားကို တောင့်တကြသည်ဟု စာတွေထဲမှာ ဖတ်ဘူးသည်။

ကျွန်တော်လဲ ချောင်းတွေ အဆက်မပြတ်ဆိုးနေတော့ ဒီအချိန်သေသွားရင် ကောင်းမှာ။ ချောင်းဆိုးတာကြီး မခံစားရရင် သိပ်ကောင်းမှာဟု ရိုးရိုးသားသား တွေးမိသည်။ လူ့သေခြင်းတရားဆိုတာ လူတွေနဲ့ နီးနီးကပ်ကပ်လေးမှာဘဲ ရှိတတ်တယ်လို့ ဆိုကြတယ်မို့လား။ ဒါဆိုရင် အနီးနားလေးမှာဘဲ နေ မနေဘဲ ငါ့ခေါင်းပေါ် လာထိုင်ပါတော့ဟု စိတ်က တမ်းတမိသည်။

ချောင်းအလွန်ဆိုးသည့် ဒဏ်ကို မခံစားနိုင်သည့် ကျွန်တော်က သေခြင်းတရားကို မျက်မှောက်ပြု ဖိတ်ခေါ်နေသော်လည်း သေဖို့ အတွက် အဆင်သင့်ဖြစ်ဟန်တော့ မရှိ။ လက်ကုန် လက်ပမ်းကျ အလွန်မောနေအာင် ဆိုးရွားသည့် ချောင်းဆိုးရောဂါကို ထွက်ပေါက်ရလိုခြင်းသာ ဖြစ်ဟန်တူသည်။ သေခြင်းတရားကို မျက်မှောက်ပြုနိုင်သော သူတွေဆိုတာ သီလ၊ သမာဓိ၊ ဥာဏ်ပညာ ပြည့်စုံသူတွေ။ လူ့အသက်ကို တန်ဖိုးမထားသော လူဆိုးလူမိုက်တွေနှင့် ပညာရှိတွေ သေခြင်းတရားကို ရင်ဆိုင်ပုံခြင်း အဆီအနှစ်ကွာခြားလှသည်။ လူဆိုး လူမိုက်လုံးလုံးကြီး မဟုတ်သော ကျွန်တော်က လောကကြီးကနေ ကိုယ်လွတ်ရုံးဖို့ လူပျော့တွေ ရင်ဆိုင်လိုသော သေခြင်းတရားကို အလိုရှိခြင်းသာဖြစ်နိုင်သည်။

ဘာသာရေး စာအုပ်တွေထဲမှာ ဖတ်ဘူးသည်။ သုဂတိသို့ လားမည့် သူများသည် သေခါနီး မြောနေစဉ်မှာ ပန်းနံ့တွေ မွှေးသည်။ ကောင်းကင်က ချူသံ၊ မြင်းရထားသံတွေ ကြားရသည် ဆိုသည်။ မကောင်းသော ဘုံဘ၀သို့ လားမည့် သူများကတော့ ဆိုးဆိုးရွားရွား အသံနက်ကြီးတွေ၊ မီးတောက် မီးလျှံတွေ မြင်ရ၊ ကြားရသည် ဆို၏။ တစ်ချို့က သေခါနီး မြောနေသော သူအနားမှာ ငိုသံတွေ မကြားရအောင် ဂရုစိုက်သည်။ တရားဓမ္မ တွေ ဖွင့်ပေးသည်။ ရွတ်ဖတ်ပေးသည်။ သေငယ်ဇောနှင့် မျောနေသည့် လူကို စိတ်ကောင်း စိတ်မြတ်များ ပေါက်ဖွားလာစေဖို့ ကြိုးစားတာဘဲ ဖြစ်မည်။

လူပုဂ္ဂိုလ်တွေ ဘယ်လို သေကြသလဲ ကျွန်တော် လိုက်ပြီး စဉ်းစားမိသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုမယ်ဆိုတော့ လုပ်သင့် လုပ်ထိုက်တာတွေကို လပေါင်းများစွာ ကြိုတင်ပြင်ဆင်သွားခဲ့သည်။ တွေ့ရမည့် လူများ၊ ချေချွတ်ရမည့် လူများကို တွေ့သည်။ ပြောသည်။ မှာသည်။ ဟောသည်။ နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော့ “အပ္ပမာဒေထ၊ သမ္မာဒေထ” “မမေ့မလျော့ နှလုံးသွင်းပြီး နေခဲ့ကြတော့” လို့ မှာသွားခဲ့သည်။ နောက်ဆုံး အချိန်အထိ သတိကပ် လူ့လောက ကောင်းကျိုးကို ဆောင်တော်မူသည့် မြတ်စွာဘုရား။

မြန်မာ့ကုန်းဘောင်ခေတ်သမိုင်းက နာမည်ကြီး ပညာတတ်အမတ်ကြီး ရွှေပြည်ဝန်ကြီး တစ်ဖြစ်လဲ ဦးဘိုးလှိုင်ဟု လူအများသိကြသည့် အမတ်ကြီး သေပုံသေနည်းကတော့ မှတ်သားစရာ။ သူမသေခင် တစ်လအလိုလောက်က စပြီး အိမ်အပေါ်ထပ်မှာ သူနှင့် သူ့ငယ်သူငယ်ချင်း တရားဓမ္မကောင်းမွန်စွာ ရွတ်ဖတ်တတ်သည့် သူနှင့် နှစ်ယောက်တည်းသာ နေတော့သည်တဲ့။ သူ့ မိန်းမကိုတောင် အပေါ်ထပ်ကို တက်ခွင့် မပေးတော့။ သံယောဇဉ် ဖြတ်ဟန်တူသည်။ သေမည့်မနက်မှာ ညဦးယံကတည်းက သူ့သူငယ်ချင်းကို သေချာမှာသည်။ မနက်လင်းခါနီးလောက်မှာ သူ့ကို နှိုးဖို့။ နှိုးတော့ ရေတွေ ဘာတွေ ထချိုး။ အ၀တ်အစားအသစ်တွေ ပြောင်းဝတ်သည်။ အိပ်ရာတွေ ဘာတွေ အသစ်ပြင်။ ပြီးမှ သူ့သူငယ်ချင်းကို တရား ဓမ္မရွတ်ဖတ်ခိုင်းသည်။ နောက်ထပ် တစ်မောင်းတီးအချိန်လောက်မှာ နှိုးဖို့ မှာခဲ့သည် ဆိုသည်။ သူ့သူငယ်ချင်းက အချိန်တစ်မောင်းတီခန့်အကြာမှာ နှိုးတော့ အသက်မရှိတော့။ ဘယ်လောက်များ အားကျစရာကောင်းတဲ့ သေနည်းလဲ။ အသက်မဲ့ ကိုယ်ခန္ဓာကြီးကို ကျန်ရစ်ခဲ့သူများက ရေမိုးချိုး သန့်စင်ပေးဖို့ မလိုတော့။ ငြိမ်းချမ်းသော သေခြင်း။

ပြီးတော့ ဘိုးတော်မင်းတရား ခေတ်က အမတ်ကြီး ဦးပေါ်ဦးက သူသေတော့ သူ့လက်ဝါးကို အခေါင်းအပြင်ထုတ်ခိုင်းခဲ့သည်ဆိုသည်။ သေတော့ ဘာမှ ယူသွားလို့ ရတာမဟုတ်ဘူးနော်လို့ ပျော်တော်ဆက် အမတ်ကြီးက အချက်အလက်ပေးသွားဟန်တူသည်။ သေခြင်းတရားနှင့်အတူ လူတွေကို တွေးစရာ တောစရာ ပေးသွားခဲ့တာဘဲ ဖြစ်သည်။

သေခြင်းတရားကို ကျွန်တော်တို့ သာမန်လူတွေ ကြောက်ကြသည်။ ဘယ်တော့ သေရမယ်မှန်း မသိရတာကြီးကိုက အလွန်ခြောက်ချားဖို့ ကောင်းလှသည်။ သိဒိထ္ထကတော့ သေခြင်းတရားကို ကြောက်လို့ ရင်ဆိုင်နိုင်မည့် တရားကို ရှာဖွေရင်း နိဗ္ဗာန်ဆိုသည့် သံသရာ အဆုံးသတ်တရားကို ကိုယ်တိုင်လဲ တွေ့၊ သူများတွေကိုလဲ လမ်းညွှန်ပေးခဲ့သည်။

ကျွန်တော် သေမတတ်ချောင်းတွေ ဆိုးနေစဉ်မှာ မြန်မာနိုင်ငံက အာဇာနည်နေ့ သတင်းတွေကို တဟွပ်ဟွပ်ချောင်းဆိုးရင်း အာရုံလဲ ပြောင်းရင်း ဖတ်ကြည့်နေမိသည်။ အားရကြည်နူးစရာပါလား။ ပြီးတော့ ဗိုလ်ချုပ်ကို စက်သေနတ်နဲ့ ပြစ်စဉ်မှာ ဗိုလ်ချုပ်က ထလာပြီး လာဝါးကာပြသည်ဟုဆိုသည်။ တစ်ခုခုပြောဖို့ ကြိုးစားသည် ဆိုသည့် အကြောင်းကို သတိရလာသည်။

ဗိုလ်ချုပ် ထလာပြီး လက်ဝါးကာပြခြင်းသည် လုပ်ကြံသူ သေနတ်သမားတွေကို ကြောက်လို့တော့ဖြင့် ကျွန်တော် မထင်။ မမှားသင့်တာ မမှားရအောင်၊ မလုပ်ကောင်းတာတွေ မလုပ်မိကြအောင် တားမြစ်ချင်တာဘဲ ဖြစ်မည်။ ဒါမှ မဟုတ် “ငါ့ကို သတ်ချင်တာ ငါ့ကိုဘဲသတ်ကွာ”လို့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ကာကွယ်ချင်တာဘဲလား မသိ။ ဒီလူကြီးက သူ့သေခြင်းတရားအတွက် နိုင်ငံရေး စလုပ်ကတည်းက ပြင်ဆင်ထားပြီးသားသောလူကြီး။ ဗိုလ်ချုပ်က သေခြင်းတရားကို နည်းနည်းမှ နောက်တွန့်မည့်လူ မဟုတ်ဘူးဆိုတာ သေချာလွန်းလှသည်။ သို့သော် ကျန်ရစ်ခဲ့သော ကျွန်တော်တို့မှာတော့  အနိဌာရုံတွေ၊ အကျင့်ပျက်ချစားမှုတွေ၊ အကောက်ကြံမှုတွေ၊ မိုးလောက်မြင့်သော လောဘ ဒေါသတွေဖြင့် ကျန်နေရစ်ခဲ့ကြရသည်။ ဗိုလ်ချုပ်တို့ သေခြင်းတရားက ကျွန်တော်တို့ အတွက်ဖြင့် တန်ဖိုး မရှိသေးဘူးလို့ဘဲ ထင်သည်။ သူတို့က သေခြင်းတရားမှာ ရင်ဆိုင်နိုင်ရဲကြသော လူကိုးဦးဖြစ်ခဲ့ကြပေမယ့် ကျွန်တော်တို့က ရှင်ခြင်းတရားနဲ့ မထိုက်တန်သော မြန်မာနိုင်ငံသားတွေ။

လူတစ်ယောက် သေပြီးရင် ဘယ်ရောက်သွားသလဲ။ ဒါဝင်ကြီး အလိုအရသာဆိုလျှင် ကျွန်တော်တို့က ဇီဝဖြစ်စဉ်တွေထဲမှာ ပြန်ပြီး လည်ပါတ်ရအုံးမှာပေါ့။ ရှင်တော် ဂေါတမ အလိုအရသာဆိုလျှင်ဖြင့် ကံ ကံ၏ အကျိုး။ သံသရာ စက်ဝိုင်းထဲမှာ လည်ပါတ်ရအုံးမှာဘဲပေါ့။ အလ္လာရှင်တော်မြတ်အလိုအရသာဆိုလျှင် ကျွန်တော်တို့က သူ့ဆီမှာ တရားစစ်ဆေးခံရအုံးမယ်။ ခရစ်ယာန်ဘာသာ အလိုအရသာဆိုလျှင် ထာဝရဘုရားသခင်ဆီကို ကျွန်တော်တို့ ပြန်ကြရမည်။ ဘယ်လိုဘဲ ပြောကြ၊ ပြောကြ ကိုယ်ချစ်သော ခင်သောသူများ။ ကိုယ်ခင်တွယ် တပ်မက်သော အရာများကို ဘယ်လိုမှ မပါတ်သက်တော့ဘဲ ထားခဲ့ရမည့် အချိန်ကြီးက ကြောက်ဖို့ ကောင်းတာတော့ အမှန်။

လူတစ်ယောက် ရောဂါဘေး နှိပ်စက်ရင် တောင်တောင်အီအီ အတွေးတွေ တွေးတတ်တယ်ဆိုတာ ဟုတ်တာပါဘဲလား။ ကျွန်တော့် အတွေးတွေက တောင်စဉ်ရေမရ။ သေဖို့ အဆင်သင့် မဖြစ်သေးသော ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ကြည့်ပြီး အားမရ ပါးမရ ရှိလှသည်။ ဆိုးရွားလှသော ချောင်းဆိုးခြင်းမှ သေခြင်းတရားကို ရင်ဆိုင်ဖို့ တွေးမိတာ ကျွန်တော် နည်းနည်း လွန်သွားပြီ ထင်သည်။ အခု ချောင်းဆိုး သက်သာတော့လဲ သေခြင်းတရားက ကိုယ်နှင့် တစိမ်းပြင်ပြင် ပြန်ဖြစ်အုံးမှာဘဲ မို့လား။


ရွှေပြည်ဝန်ကြီးကို ရေမိုးချိုးပြီး သူများတွေကို ဒုက္ခမပေးသော သေခြင်းကို ကျွန်တော် ရချင်သည်။ ဦးအောင်ဆန်းလို တန်ဖိုးရှိသော လုပ်ကြံခံရခြင်းဖြင့် သေချင်သည်။ လောဘ ဒေါသ မောဟတရားတွေနဲ့ ဖုန်းလွှမ်းနေသော သေခြင်းတရားနဲ့ ထိပ်တိုက်မရင်ဆိုင်ရဖို့ ကျွန်တော် ကြိုးစားရပါအုံးမယ်။ ဘုရားရှင် မိန့်မှာကြားခဲ့သလို မမေ့မလျော့ သော ရှင်ခြင်းဖြစ်ဖို့။ မမေ့မလျော့သော သေခြင်းတရားရရှိဖို့ အများကြီး လိုနေပါသေးတယ်လေ။

Comments