San Fran Jewelry Mart Shoot out, 2 dead, one woman was a Burmese ...



အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်ရတနာကုန်တိုက် ပစ်ခတ်မှု၊ မြန်မာအမျိုးသမီးဝန်ထမ်း သေဆုံး
မိုးမခအထောက်တော် ၀၀၃၊ ဇူလိုင် ၁၄၊ ၂၀၁၃
ဇူလိုင်လ ၁၂၊ သောကြာနေ့၊ နေ့ခင်း ၂ နာရီခန့်၊ ဆန်ဖရန်စစ္စကိုမြို့တော်၊ (Market Street, ကုန်သည်လမ်း) အနီး၊ Gift Center & Jewelry Mart ( ရတနာကုန်တိုက်) (888 Brannan St. at Eighth Street) အတွင်းရှိ Victoga jewelry shop (ဗစ်တိုဂါ ရွှေဆိုင်) မှာ လက်နက်ကိုင်အကြမ်းဖက်မှုဖြစ်ပွားခဲ့ပါတယ်။
ရွှေဆိုင်ဝန်ထမ်း အမျိုးသမီး ၂ ဦး သေနတ်ဒဏ်ရာ၊ ဒါးဒဏ်ရာများနဲ့ သေဆုံးခဲ့ပြီး ဆိုင်ရှင် အမျိုးသားကတော့ ဒါး၊ သေနတ် ဒဏ်ရာများနဲ့ ဆန်ဖရန်ဆေးရုံကြီးမှာ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။ တရားခံဖြစ်သူ အကြမ်းဖက်သမားက သွေးအလူးလူးနဲ့ ရတနာကုန်တိုက်ကနေ ပြေးထွက်လာပြီး လိုက်လံဖမ်းဆီးတဲ့ ရဲအဖွဲ့ဝင်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ရဲအဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးတဲ့အခါ နောက်ဆုံး အကြမ်းဖက်သမားမှာ သေနတ်ကျည်ဆံကုန်သွားတဲ့နောက် လက်နက်ချ အဖမ်းခံလိုက်တယ်လို့ သိရပါတယ်။
အဲသည်အကြမ်းဖက်ဖြစ်ရပ်ကြောင့် တမြိုံလုံး ထိတ်လန့်တကြားဖြစ်သွားရခဲ့ပြီး၊ မြန်မာကွန်မြူနီတီတွေအတွက် အထူးထိခိုက်စေရတဲ့ ဖြစ်ရပ်ကတော့ အကြမ်းဖက်ပစ်ခတ်မှုမှာ သေဆုံးသူ ရွှေဆိုင်ဝန်ထမ်းအမျိုးသမီး ၂ဦးထဲက တဦးဟာ မြန်မာအမျိုးသမီး ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးဟာ အသက် ၃၀ ခန့်၊ မိဘသားချင်းများနဲ့ Sunset မြို့နယ်မှာ နေထိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်က ရွှေ့ပြောင်းနေထိုင်သူဖြစ်သည့် အားလျော်စွာ သူတို့ဇာတိအရပ်က တောင်ငူကလို့ ကြားသိရပါတယ်။ သေဆုံးသူ မြန်မာအမျိုးသမီးရဲ့ အမည်၊ နေရပ် အပြည့်အစုံကို မသိရသေးတဲ့အပြင် ကျန်ရစ်သူမိဘတွေဆီက နာရေးဆိုင်ရာအစီအစဉ်တွေ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း သည်တပတ်အတွင်း ရပ်ဝေး ရပ်နီးက မြန်မာများ၊ အသိုင်းအ၀ိုင်းများ သိရှိနိုင်အောင် ထုတ်ပြန်လိမ့်မယ်လို့ ခန့်မှန်းကြောင်း မိသားစုနဲ့ နီးစပ်သူ မိတ်ဆွေတဦးက မိုးမခကို ပြောကြားပါတယ်။

လက်ရှိအချိန်မှာ ရာဇ၀တ်ဖြစ်ရပ် အပြည့်အစုံကို ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိပါတယ်။ အကြမ်းဖက်ပစ်ခတ်မှုဟာ အနုကြမ်းစီးတာလား၊ ပုဂ္ဂိုလ်ရေးအရ ရန်ပြုတာလား မကွဲပြားသေးပါဘူး။ အဲသည် ဆန်ဖရန်မြို့ထဲက ရတနာကုန်တိုက်ဟာ အများပြည်သူလွတ်လပ်စွာ ၀င်ထွက်နိုင်တဲ့ ကုန်တိုက်မဟုတ်ဘဲ မှတ်ပုံတင်နဲ့ ကြိုတင် ဧည့်စာရင်းသွင်းပြီး ၀င်ရောက်ဈေးဝယ်ခွင့်ရတဲ့ ကန့်သတ်ထားတဲ့ လက်လီ လက်ကား ကုန်တိုက်ဖြစ်တယ်လို့ သိရပါတယ်။ အဲသည်ထဲမှာ ၅ ထပ် အလွှာမှာ ရတနာဆိုင်တွေ၊ ရွှေဆိုင်တွေ အများအပြားက ဆိုင်ခန်းများ ရယူပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ Vitoga  ဆိုင်ကတော့ ၂၆ နှစ်တာ သက်တမ်းရှိ ရွှေဆိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုင်ရှင် လင်မယား ၂ ဦးက အာရှသားတွေ ဖြစ်ပြီး၊ သေဆုံးသူ နောက်ဝန်ထမ်းအမျိုးသမီးကလည်း အာရှသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်အကြမ်းဖက်သတ်ဖြတ်သူ တရားခံကိုယ်တိုင်ကလည်း အဲသည် ရတနာကုန်တိုက်မှာ ၀င်ထွက်သွားလာဖူးတဲ့ သူတဦး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းချက်ပေးနေကြပါတယ်။

Comments