Than Win Hlaing - Myanmar puppet

မြန်မာ့ ရုပ်သေးသဘင်
သန်းဝင်းလှိုင်
ဇူလိုင် ၂၁၊ ၂၀၁၃



မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာတစ်ရပ်ဖြစ်သော ရုပ်သေးသဘင်သည် ရှေးမြန်မာမင်းများလက်ထက်က အထူးအားပေးချီးမြှင့် မြှောက် စားခြင်းခံရသော်လည်း ယခုအခါ တဖြည်းဖြည်းမှေးမှိန်ကာ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။

● ရုပ်သေးဟူသည်
ရုပ်သေးဆိုသည်မှာ ခေါင်း၊ ခြေ၊ လက်စသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့ကို လှုပ်ရှား၍ လူ့သဏ္ဌာန် ဟန်အမူအရာနှင့် ကပြနိုင်စေရန် စီမံပြုလုပ်ထားသော အရုပ်များဖြင့် ခင်းကျင်းကပြခြင်းကို ခေါ်သည်။

မြန်မာ့ရုပ်သေးကို အင်းဝခေတ်၌`ရုပ်ကြီး၊ ရုပ်ငယ်”ဟူ၍လည်းကောင်း၊ ညောင်ရမ်းခေတ်တွင်`အရုပ်က”ဟူ၍ လည်းကောင်း၊ ကုန်းဘောင် ခေတ်တွင်`ရုပ်စုံ”ဟူ၍လည်းကောင်း၊ ရတနာပုံခေတ်တွင်`အမြင့်သဘင်”ဟူ၍လည်းကောင်း၊ အမျိုးမျိုးသုံးစွဲ ခေါ်ဝေါ်ခဲ့ကြသည်။ ယခု အခါ မြန်မာ့ရုပ်သေးကို မြန်မာ့ရုပ်စုံသဘင်ဟုပင် ခေါ်နေကြသည်။ ဝေါဟာရကွဲပြားသော်လည်း အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်သည်။ ဝေါဟာရ နှစ်ခုတွင် တစ်ခုမှာ သစ်သားရုပ်သေးများကို ကြိုးတပ် ကပြ ခြင်းအတွက် ရုပ်သေးပညာဟုခေါ်ပြီး လူ တိရစ္ဆာန်ရုပ်နှင့် နတ်ရုပ် ဘီလူးရုပ်မှအစ စုံညီစွာ ပါဝင်ကပြရသောကြောင့် အရုပ် ပေါင်းစုံ ပါဝင်သည်ကို ရုပ်စုံသဘင်ဟုခေါ်သည်။ အဓိပ္ပာယ်ကား. ထူးမခြားနားပင်ဖြစ်သည်။ မြန်မာ့ရုပ်သေးသဘင်သည် ဖျော်ဖြေရုံ သက်သက်သာမက တိုင်းရေးပြည်ရာတွင် မတော်မလျော်သော အချက်များကို ပြုပြင်ရန် ပျက်လုံး ဇာတ် နိပါတ် ဇာတကဝတ္ထုများဖြင့် သတိပေး နှိုးဆော်လေ့ရှိခဲ့ကြသည်။

● ရုပ်သေး သမိုင်းအစ
ကုန်းဘောင်ဆက် ပုဂံမင်းလက်ထက်၌ သဘင်ဝန်ကြီးဖြစ်ခဲ့သော`ဦးဝန်”၏ မှတ်တမ်းတွင်`ရုပ်သေးအစ ကျုံး သုံးတန်နှင့် ပုဂံက”ဟု တွေ့ရှိရ၏။ အနော်ရထာမင်းစော (အေဒီ.၁၀၁၄-၁၀၇၇) သည် ဗုဒ္ဓဝါဒီ မင်းမြတ်တပါးဖြစ်၍ ရုပ်သေး ပွဲများကို ဘာသာရေး တိုးတက်မှု အခြေခံဖြင့် လူထုအား ဗုဒ္ဓတရားတော်များကို ကြားသိစေရန် စီမံဖန်တီးပေးခြင်းဖြစ်လေ သည်။ ရုပ်သေးပွဲများ၌ နိပါတ်တော်လာ ဇာတ်များကို ခင်းကျင်းပြသရသည်မှာ အနော်ရထာမင်း လက်ထက်မှ ယခုထက် တိုင် အစဉ်အလာမပျက် တည်ရှိခဲ့သည်ဟု ယူဆဖွယ်ဖြစ်လေသည်။

မြန်မာ့ရုပ်သေးသဘင်သည် မည်သည့်တိုင်းပြည်ကို အတုယူ၍ တီထွင်ခဲ့သည်သနည်းဟု ခြေရာကောက် ဆန်း စစ် လေ့လာပါက အတိအကျ အဖြေထွက်ရန် ခဲယဉ်းပေလိမ့်မည်။အကြောင်းသော် ခရစ်နှစ် ၉၆ဝမှ ၁၂၇၉ ခုနှစ်အတွင်း တရုတ်ပြည်“ဆွန်”(Song) မင်းဆက်လက်ထက်တွင် တရုတ် သုခုမရုပ်သေးသဘင်များ တိုးတက်စည်ကားလျှက် လူကြိုက် အလွန်များကာ ခေတ်စားနေချိန်ဖြစ်သည်ဟု တရုတ်ရာဇဝင် မှတ်တမ်းများ၌ဆိုသည်။ ထိုအချိန်ကို တွက်စစ်ပါက မြန်မာ ပြည်တွင် ပထမ ပုဂံခေတ် တောင်သူကြီး စောရဟန်းမင်း (အေဒီ ၉၄၆-၉၉၁)နှင့် စုက္ကတေးမင်း (အေဒီ ၁ဝ၁၉-၁ဝ၄၄) တို့ လက်ထက်လောက်က ဖြစ်သည်။ ညောင်ဦး စောရဟန်းမင်း လက်ထက်၌ ထေရဝါဒ ဗုဒ္ဓသာသနာ မရောက်ရှိသေးသဖြင့် တရုတ်ပြည်ဘက်မှ တရုတ်ဘာသာရေး ပုဂ္ဂိုလ်များ၏ သြဝါဒကို ခံယူလျှက် နဂါးရုပ်ကြီးများကို စောရဟန်းမင်းသည် ကိုး ကွယ်ခဲ့ကြောင်း သိရသည်။ ထိုစဉ်က တရုတ်နှင့်မြန်မာတို့ ကူးလူးဆက်ဆံနေချိန်ဖြစ်ပြီးလျှင် သဘင်ပညာမှ စ၍ ယဉ်ကျေး မှု အနုပညာရပ်အမျိုးမျိုး ဖလှယ်နေချိန်ဖြစ်သည်။

ထို့ပြင် တရုတ်ပြည်မြောက်ပိုင်း“ချန်”(Shan) မင်းဆက်လက်ထက်က“စင်ယှိ”ခေါ် ရုပ်သေးများ ခေတ်စားခဲ့သည် ဟုဆို၏။ တရုတ်ပြည်တောင်ပိုင်း အကျီ င်္တို တရုတ်နယ်များ၌“ကုံတွဲဟီး”ခေါ် ရုပ်သေးပွဲများ ထိုအချိန်၌ ခေတ်စားခဲ့လေ သည်။ ထို့ပြင် တရုတ်ရာဇဝင်ဟောင်းတခုတွင် ရုပ်သေးသဘင်သည် ခရစ်တော် မပေါ်မီ အနှစ် ၂ဝဝ ကျော်လောက်ကပင် တရုတ်“ဟန်”(Han) မင်းဆက်လက်ထက်ကပင် ပေါ်ပေါက်ခဲ့သည်ဟု ဆိုသဖြင့် တရုတ်ပြည်ဘက်မှ မြန်မာတို့ ရရှိသော ပညာတရပ်ဟု ယူဆဖွယ်ဖြစ်လေ သည်။သို့သော် အိန္ဒိယပြည်ဘက်မှ စတင်၍ တရုတ်ပြည်ဘက်သို့ ထိုရုပ်သေးသဘင်ပညာ ရပ်များ ရောက်ရှိသွားခဲ့ကြောင်း အထောက်အထားတစ်ခုကို ၁၉၅၇ ခုနှစ်၌ ထုတ်ဝေသော တရုတ်စာပေ (Chinese Literature)မဂ္ဂဇင်း၌ ဖော်ပြထားသည်။ ယင်းမဂ္ဂဇင်း အမှတ်၎ စာမျက်နှာ ၁၈၄.တွင် တရုတ်ပြည်မြောက်ပိုင်း“ချူ”(Chou)မင်းများ အုပ်စိုးသော ခရစ် ၅၅၇.မှ ၅၈၁.ခုနှစ်အတွင်း အိန္ဒိယပြည်မှ ကူးလူးရောက်ရှိလာသော အိန္ဒိယတိုင်းသားများနှင့် ၎င်းတို့၏ ယဉ်ကျေးမှုများ ပါလာရာတွင် သဘင်အကမျိုးစုံ ပါဝင်ကြောင်း၊ ထို့ပြင်“ကူချံမြို့”နှင့်တကွ အာရှ အလယ်ပိုင်းရှိ နိုင်ငံတို့မှ ယဉ်ကျေးမှုမျိုးစုံ တရုတ်ပြည်သို့ ဝင်လာကြောင်း ဖော်ပြထားလေသည်။ ထိုအချိန်ကား တရုတ်ပြည်သို့ ဗုဒ္ဓဘာသာ ဦးစွာ ရောက်ရှိနေချိန်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏“နစ္စသျှတ္တရ”ကျမ်းများအဆိုအရ ရုပ်သေးသဘင်မှာ အိန္ဒိယတွင် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ကတည်းကပင် ထင်ရှားရှိခဲ့သည်ဟုဆို၏။ ထိုမှတပါး ခရစ် ၁၆ ရာစုက အိန္ဒိယတပြည်လုံးကို အုပ်စိုးသော မဂိုဘုရင်များလက်ထက်တွင် ရုပ်သေးပွဲများ လွန်စွာ ခေတ်စားခဲ့ကြောင်း ဆိုပြန်သဖြင့် အိန္ဒိယလူမျိုးများနှင့် ရောယှက်နေထိုင်ခဲ့ ကြရသောကြောင့် ၎င်းတို့ထံမှ ရရှိနိုင်သည်ဟု ယူဆကြပြန်သည်။

သို့သော် မြန်မာ့ရုပ်သေးသည် အိန္ဒိယပြည် တရုတ်ပြည် စသည်တို့မှ တိုက်ရိုက် ဆင်းသက်လာသည် မဟုတ်ပေ။ မြန်မာမြေစစ်စစ်မှ ပေါ်ထွန်းလာသော မြန်မာ့ကိုယ်ပိုင် သုခုမအနုပညာ တစ်ရပ်ဖြစ်သည်။

မြန်မာ့ရုပ်သေးသဘင်ပညာနှင့် ပတ်သက်၍ ဆရာဇေယျကလည်း…“ဤသို့ မှတ်ကြသည်မှာ အဓိပ္ပာယ်ကောက် မှား၍ ဖြစ်ဟန်ရှိသည်။ သဘင်ဝန် ဦးသော်၏ ဆောင်ရွက်ချက်မှာ ရုပ်သေးသဘင်ပညာကို ပညာရပ်တစ်ရပ်အဖြစ်ဖြင့် ပိုမို သားနားလာအောင် စည်းကမ်းဥပဒေသများ တိကျသေချာစွာ လိုက်နာစေရန် ပြဌာန်းပေးခြင်းသာဖြစ်လေသည်”ဟု မိန့်ဆို ဖူးပါသည်။

တဖန် မြဝတီမင်းကြီးဦးစ တီထွင်သည်ဟုလည်း အချို့ကဆိုကြပြန်သည်။ မြန်မာနှစ် ၁၁၁၉တွင် ရွှေဘိုမင်းတရား (သာယာဝတီမင်း) အထွတ်အမြတ်သို့ ရောက်သောအခါ မရီးတော် နန်းမတော်မယ်နု၊ စလင်းမင်းသားကြီး မောင်အိုတို့နှင့် အလိုတူအလိုပါဟူ၍ သတ်မှတ်ကာ မြဝတီမင်းကြီးဦးစကို အကျဉ်းကျခံခဲ့ရာ မြဝတီမင်းကြီးသည် အကျဉ်းခံဘဝ၌  စိတ် ညစ်ညူးသဖြင့်လည်းကောင်း၊ ပျင်းရိငြီးငွေ့သဖြင့်လည်းကောင်း၊အဝတ်များကို အရုပ်လုပ်ပြီးလျှင် ကပြစေရာမှ ရုပ်သေး ပေါ်ပေါက်လာကြောင်း အချို့ကဆိုကြပြန်သည်။ ကုန်းဘောင်မင်းဆက် ပုဂံမင်းလက်ထက် သဘင်ဝန်ကြီး‘ဦးဝန်”၏ မှတ်တမ်းတွင်ပါရှိသော ‘ရုပ်သေးအစ ကျုံးသုံးတန်နှင့် ပုဂံက”ဟူသော စာသားအတိုင်း အနော်ရထာမင်းစော(အနိရုဒ္ဓ) (ခရစ် ၁ဝ၁၄၊မေ ၁-၁ဝ၇၇ ၊ဧပြီ၁၁)အုပ်စိုးသော လက်ထက်ကပင် ရုပ်စုံသဘင်သည် အတော်ပင် ခေတ်စားနေပြီဟု ယူဆ ရပေသည်။ အနော်ရထာမင်းစောသည် ဗုဒ္ဓဘာသာဝင် မင်းမြတ်တပါးဖြစ်၍ ရုပ်သေးပွဲများကို ဘာသာရေးတိုးတက်မှုအခြေ ခံ တရပ်အနေဖြင့် ပြည်သူလူထုအား ဗုဒ္ဓတရားတော်များ ပြန့်ပွားစေရန် ရည်ရွယ်၍ အားပေးချီးမြှင့်ခဲ့သည်။ ထိုအချိန်မှစ၍ ရုပ်သေးပွဲများ၌ နိပါတ်တော်လာဇာတ်များကို ခင်းကျင်းပြသခဲ့သည်မှာ ယနေ့တိုင် အစဉ်အလာမပျက် တည်ရှိခဲ့သည်ဟု ယူဆဖွယ်ရှိလေသည်။

မြန်မာနိုင်ငံတွင် ရုပ်သေးသည် ဇာတ်သဘင်ထက်စော၍ ရှေးကျခဲ့သည်။ ထို့ပြင် ဇာတ်သဘင်ထက်လည်း ပို၍ အနုပညာ မြောက်လေသည်။ ပို၍လည်း နက်နဲသိမ်မွေ့သည်။ ဇာတ်သဘင်တွင် လူကိုယ်တိုင်ထွက်၍ ကနိုင်၊အမူအရာ လုပ်နိုင်၊ ပြောနိုင်သဖြင့် ပရိသတ်ပွဲကျ စွဲမက်အောင် ပြုလုပ်ရန်မှာ များစွာ မခက်လှပေ။ ရုပ်သေးသဘင်ကား သက်မဲ့ အ ရုပ်ကလေးများ အချက်ကျကျ သက်ဝင်လှုပ်ရှားလာအောင် စွမ်းဆောင်ရသည်နှင့်အမျှ တဖက်ကလည်း လူသားအနုပညာ ရှင်တို့က အချက်ညီညီ ပြောခါ သီဆိုပေးရလေသည်။ အရုပ်ကလေးများ၏ ဟန်အမူအရာနှင့် နောက်က အပြောအခန်း အ သီအဖွဲ့ အတီးအမှုတ်တို့ အဆက်အစပ် မိမှသာ ပရိသတ်က စွဲမက်နိုင်လေသည်။ ထို့ကြောင့် သက်မဲ့ အရပ်ကလေးများကို တကယ့်သက်ရှိ လူသားအသွင် ထင်မှတ်လာအောင် ဖန်တီးပေးရလေရာ အလွန်သိမ်မွေ့ နက်နဲခက်ခဲသော အနုပညာတစ် ရပ်ဖြစ်လေ၏။

ကွယ်လွန်သူ အာဇာနည် ဒီးဒုတ်ဦးဘချို`နိုင်ငံခြားတိုင်းပြည်များတွင် ရုပ်သေးရှိသော်လည်း မြန်မာ့ရုပ်သေးနှင့် မတူ ကြောင်း၊ မြန်မာ့ရုပ်သေးသည် နိုင်ငံခြား တိုင်းပြည်များက ရိုသေလေးစားကြ၍ အနုပညာအဆင့်အတန်းတွင် အလွန် မြင့်မားလျက်ရှိသော အနုပညာတစ်ရပ်ဖြစ်ကြောင်း’’မိန့်ဆိုဖူးပါသည်။

မှန်ပေသည်။ ရှေးအခါက ရုပ်သေးသဘင်ကို အမြင့်သဘင်၊ ဇာတ်သဘင်ကို အနိမ့်သဘင်ဟု ခေါ်ဝေါ်ခဲ့ကြပြီး လျှင် ဇာတ်၊ အငြိမ့်၊ ရုပ်သေးစသည့် သဘင်သုံးမျိုးတွင် ရုပ်စုံသဘင်သည် အခက်ခဲဆုံး၊ အနက်နဲဆုံး၊ သက်တမ်းအရင့်ဆုံး ဟူ၍ ပညာ ရှင်အပေါင်းတို့က မှတ်ယူထားခဲ့ကြသည်။

● ရုပ်သေး လေးမျိုး
ကမ္ဘာ့ရုပ်သေးသဘင်တွင် အကြမ်းအားဖြင့် ရုပ်သေးလေးမျိုး လေးစားရှိသည်။ ယင်းတို့မှာကား (၁) လက်သွင်း ရုပ်သေး သို့ မဟုတ် လက်ရုပ်သေး။ (၂) ခြေ၊လက်၊ ခေါင်း၊ခါးတို့တွင် ကြိုးများတပ်ကာ ဒလက်တွင် ချည်ပြီး ကပြရသော ကြိုးဆွဲရုပ်သေး။(၃) အရုပ်အတွင်းသို့ တုတ်တချောင်း လှိုသွင်းပြီး ခြေလက်တို့တွင် နန်းကြိုးငယ်၊ တုတ်ချောင်းငယ်တို့ တပ်ဆင်ကာ ဆွဲငင်လှုပ်ရှား ကပြရသော တုတ်ထိုးရုပ်သေး။(၄) ကတ်တူပြားကို ပြုလုပ်ထားသည့် အရုပ်ကို စင်နောက်မှ မီးထိုးပေးကာ အရိပ်ကို လှုပ်ရှား ကပြရသော အရိပ်ရုပ်သေး စသည်တို့ဖြစ်သည်။

လက်သွင်းရုပ်သေး သို့မဟုတ် လက်ရုပ်သေးဆိုသည်မှာ ခေါင်းတခုထဲတွင်သာ သစ်သားထည့်တပ်ပြီးလျှင် ကျန် အစိပ်အ ပိုင်းတို့တွင် ပိတ်စတို့ဖြင့် အဆက်စပ် ချုပ်လုပ်ထားသည်။ အရုပ်၏အတွင်းပိုင်းသည် အခေါင်းပေါက်ဖြစ်၏။ လက် သွင်းသောအခါ လက်ညှိုးက ခေါင်းပေါက်အတွင်းသို့ သွင်းရသည်။ လက်သွင်းရုပ်သေးတွင် ရုပ်သေးစင် ပါသော်လည်း စင် တင် ကြမ်းပြင် မလိုချေ။ နောက်ခံကားနှင့်တကွ ရှေ့ကာကားကိုသာ ထားရှိရသည်။ကပြသောအခါ ရုပ်သေးရုပ်၏ အလယ် ပိုင်းသာ ပေါ်နေပြီးလျှင် အရုပ်ကိုင်သူက အောက်ဘက်က နေရသည်။ ရုပ်သေးစင်တွင် ထွန်းထားသည့် မီးသည် အရုပ်နှင့် နောက်ခံကားပေါ်သို့ တည့်တည့် ကျနေရန်လိုသည်။

တုတ်ထိုးရုပ်သေးဆိုသည်မှာ အရုပ်အတွင်း ဇက်အထိ တုတ်ချောင်းကြီး တစ်ချောင်း လျှိုသွင်းထားသည်။ ခြေ၊ လက်၊ အတောင်၊နှုတ်သီး စသည်တို့ကို တုတ်ချောင်းငယ် သို့မဟုတ် နန်းကြိုးငယ်များနှင့် ဆက်သွယ်လှုပ်ရှား ကပြရသည်။ စင်မှာ လက်ထိုးရုပ်သေး ကပြသော ရုပ်သေးစင်မျိုးနှင့် အတူတူပင်ဖြစ်သည်။

အရိပ်ရုပ်သေးဆိုသည်မှာ တုတ်ထိုးရုပ်သေးနှင့် ပုံစံတူ၍ ကပြပုံလောက်သာ ကွာခြားသည်။ အရုပ်တို့မှာ များ သောအားဖြင့် ကတ်ထူပြားကို ညှပ်ကာ ပြုလုပ်ထားခြင်းဖြစ်သည်။ တုတ်ကြီး တပ်ဆင်ကာ ခေါင်း၊ခါး၊ခြေလက်တို့ကို တုတ် ချောင်းငယ် နန်းကြိုးငယ်တို့နှင့် ဆက်သွယ်ထားပုံမှာ တုတ်ထိုးရုပ်သေးအတိုင်းပင်ဖြစ်သည်။ ငှက်ရုပ်ဆိုလျှင် နှုတ်သီးသာ ပြသည်။ အတောင်ခတ်ပြသည်။ အမြီခါပြသည်။ ခြေလှမ်းပြသည်။ စင်ပြင်ဆင်ထားပုံမှာ ရှေ့တွင် ပိတ်ဖြူကားကြီး ချထား ပြီးလျှင် ပိတ်ဖြူကားနောက် ခပ်လှမ်းလှမ်းတွင် အရုပ်ထားသည်။ အရုပ်နောက်က မီးထိုးပေးသည်။ အရိပ်ကို ပိတ်ဖြူကား ပေါ်တွင် တွေ့မြင်ရသည်။

ကြိုးဆွဲရုပ်သေးမှာမူ အရုပ်ကို သစ်သားဖြင့် ပြုလုပ်၍ တောက်ပြောင်သော ဖဲကတ္တီပါစ များဖြင့် ဝတ်ဆင်ပေးထား သည်။ ခြေဆစ် လက်ဆစ် ခါးဆစ် စသည်တို့ကို လိုသလို ချိုးနိုင်သည်။ မျက်နှာ၊ ခြေလက်စသည်တို့ကို ဆေးချယ်ရသည်။ ခြေကြိုး လက်ကြိုး ခါးကြိုးစသည်တို့ကို ဒလက်တွင် ချည်ကာ ကျွမ်းကျင်စွာ ကပြ အသုံးတော်ခံနိုင်သည်။ သို့သော် ကျွမ်း ကျင်မှုကို လွယ်လင့်တကူ မရနိုင်ပေ။ အလေ့အကျင့်များစွာလိုသည်။ ရုပ်သေးလေးမျိုးတွင် အခက်ခဲဆုံး အမျိုးအစားလည်း ဖြစ်သည်။ မြန်မာ့ရုပ်သေးသည် ဤကမ္ဘာ့ရုပ်သေး အမျိုးအစားတွင် ပါဝင်သည်။

● မြန်မာ့ရုပ်သေးသဘင်၏ စည်းကမ်းချက်များ
မြန်မာ့ရုပ်သေးသဘင်သည် အလွန်စည်းကမ်း ကလနားကြီးသော သဘင်မျိုးဖြစ်သည်။ စစ်ကိုင်းမင်းလက်ထက် (ခရစ် ၁၈၁၉-၁၈၃၇)တွင် ရွှေတောင်မြို့စား သဘင်ဝန် ဦးသော် ချမှတ်ခဲ့သော အမြင့်သဘင်ခေါ် ရုပ်သေးသဘင် စည်း ကမ်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၁၈၃.ခု တပေါင်းလဆန်း ၆ ရက်၊ (ခရစ် ၁၈၂၂.ခုနှစ် ဖေဖော်ဝါရီလ ၂၆.ရက်)အင်္ဂါနေ့တွင် အ မြင့်သဘင်ကို ‘ရုပ်သေး”ဟုခေါ်တွင်ရမည်။ ရုပ်သေး ကပြရမည်။ ပညာသည်များမှာ ယောက်ျား ပညာတတ်များသာ ကပြရ မည်။ မည်သည့် မိန်းမမျှ မပါဝင်ရ။ ရုပ်သေးမှာ ၅၅ဝ-နိပါတ်၊ ရာဇဝင်၊ မဟာဝင်၊ ဇင်းမယ်စသော ဇာတ်များ၊ သိုက်ခွင် ဝတ္ထု များ၊ ဘုရားသမိုင်းများကို ခင်းကျင်းပြသနိုင်၏။ ရုပ်သေးတွင် အရုပ်ပေါင်း ၃၆-ရုပ် ပါဝင်ရမည်။    ကပြမည့် နေရာဌာနတွင်

ဘုရားပူဇော်ပွဲ၊ ဇာတ်ပွဲဖြစ်လျှင် ၃.တောင် ၉.ခန်းရှိသော စင်မြင့်၊ မျက်နှာသာတွင် ၁၈.တောင်မျှသော အတိုင်းအရှည်ဖြင့် ၂၁ မိုက်မျှ မြင့်သော လက်ရုံးတန်း ပါရှိစေရမည်။ ၎င်းတန်းရှေ့တွင် ၅.မိုက်မျှ ရိုင်ခင်းထားရမည်။ မျက်နှာသာ အလယ်တိုင်မှ နောက်သို့ ၃.တောင် ၄.ခန်း ယူ၍ ၃.ခန်း ၂.ခန်း ၁.ခန်း အဝန်း ညီမျှစေရမည်။ တစင်လုံး၏ အခန်းမှာ ၁၈.ခန်း ရှိရမည်။

ဝါးသက်ငယ်မှတပါး ရုပ်သေးရုပ်စင် မဖြစ်ရ။ ပွဲမှာ တောင်မြောက်စသော အရပ်လေးမျက်နှာတွင့် တည့်မတ်စွာ မ လှည့်ရ။ ဝါးမှာ ကြသောင်းဝါး၊ ကြခတ်ဝါးများကို အသုံးရ။ ဝါးအဖျားကျိုး သက်ငယ်ထိပ်ဘက် မိုးခြင်း၊ ကာခြင်းမပြုရ။ ရိုင် ဖျာကို လက်ျာဘက်မှ ချ၍ လက်ဝဲဘက်သို့ မင်းရမည်။ ပွဲရှင်က အုန်းငှက်ပျောဖီးဆိုင်၊ ဘော်တစ်မတ်၊(ငွေတစ်မတ်)ကို က ပြစေလိုသည့် ဇာတ်လမ်းကို ထုတ်ကာတင်သရမည်။ ရှေ့တပွဲနောက်တပွဲပေးရမည်။(နောက်ဆိုသည်မှာ ဆိုင်းကိုဆိုလို သည်။) ပွဲမှာ သုံးညဥ့် ကပြရမည်။ အစညဥ့်တွင် ရှေးဦးစွာ ဆိုင်းမှ(လေ၊မီး၊မိုဃ်း၊)ဟု သုံးကြိမ် တီးပြီးမှ နတ်မိန်းမ စ၍ ထွက်ရမည်။ ဇမ္ဗူဒိပ်ကျွန်း လက်ျာထွန်းခြင်းကြောင့် လက်ျာဘက်မှ စ၍ ထွက်ရမည်။ ပထမ စင်တိုင်၊ ဒုတိယ နယ်ရှင်တိုင်၊ တတိယပွဲကြည့် ပရိသတ်ကို တိုင်တည်ရမည်။သို့ တိုင်တည်ရာတွင် မင်းသားလုပ်သူ မင်းသမီးလုပ်သူ နှစ်ဦးမှတပါး အခြား သူ သီဆိုခြင်း မပြုရ။ ဆိုင်းဆရာများက တီးခွင့်ရှိသော ၃၇.ချင်း၊ သံချပ်ကြီးများကို တီးမှုတ်၍ ဆုံးလျှင် လက်ရုံးတန်း အ ထက်သို့ အထိအခိုက် မရှိအောင် မ,၍တင်ရမည်။ ၎င်းနောက် တော ၃.တောင်ရှိသည်ကို ရည်ရွယ်၍ တောပင် သုံးပင် စိုက် ရမည်။ တောပင်မှာ ဓာတ်နံကောင်းသော သစ်ပင်မှ ယူရမည်။ နွယ်စသည်တို့ကို မယူရ။ တောပင်ကို စကြဝဠာ တံတိုင်းကို ရည်ရွယ်၍ ကာရံထားသော လက်တန်း အဝတ်အောက်မှ အထက်သို့ ထူစိုက်ရမည်။ ထို့နောက် နဂါး ဂဠုန်ထွက်ရမည်။ န ဂါးမှာ အောက်မှအထက်သို့ ဂဠုန်မှာ အထက်မှအောက်သို့ ထွက်ပြရမည်။ ဘေးမှ မထွက်ရ။ ထို့နောက် ယက္ခ၊ ကုမ္ဘာန်ကို ပြရမည်။ ယက္ခမှာ  လက်ျာ၊ ကုမ္ဘာန်မှာ လက်ဝဲဘက် ထွက်ရမည်။ မျောက်ထွက်လျှင် တောပင်ထိပ်မှ ကြောက်လန့်သည့်ပုံ ပြရမည်။ ထို့နောက် ဆင် ကျား၊ ဆင်မှာ လက်ဝဲ၊ ကျားဆွဲ လက်ျာ၊ထွက်ရမည်။ ထို့နောက် မြင်းထွက်ရမည်။ မြင်းမှာ နန်း တည်ရာဘက်သို့ မျက်နှာမူ၍ ပထမဘေးလက်၊ ဒုတိယ ဆင်းရဲ၊ တတိယ ဒုန်းဟု ၃.မျိုး ကပြရမည်။ ၎င်းနောက် နန်းရှိရာ ဘက်သို့ ဝင်ရမည်။ ထို့နောက် ဝိဇ္ဇာ၊ ဇော်ဂျီ ဟူသော ဇော်ဂျီကို ပြရမည်။ ဆေးကြိတ်ဟန်၊ ဆေးကြူးဟန် ပြု၍ လှပသော ကကွက်များဖြင့်သာ ပြရမည်။ ဇော်ဂျီမှာ လယ်မင်းပေါက်မှသော်လည်းကောင်း၊ လက်တန်းပေါ်ကသော်လည်းကောင်း၊ ထွက်ဝင် ကပြခွင့်ရှိသည်။ ၎င်းနောက် ကပြမည့် ဇာတ်အလျှောက် ထီးနန်းကို လက်ျာဘက်တွင် ချရမည်။

ရသေ့ကျောင်းပါမူ ထိုနန်းနှင့်အတူ ချရမည်။ ၎င်းနောက် (၁)နန်းရင်းဝန် (၂)တရားဝန်(၃) ဝန်ထောက်မင်း (၄) မြို့ ဝန်မင်း ဟူသော အစဉ်အတိုင်း လက်ဝဲမှယာသို့ သိမ်မွေ့စွာ ညီလာခံဝင်ရမည်။ညီလာခံ မစုံမီ ဓမ္မသတ်၊ရာဇသတ်၊ ဖြတ်ထုံး များကို တည်ကြည်လေးနက်သော ဆွေးနွေးပြောဆိုရမည်။

ထို့နောက် စမုတ်ခံကို တီး၊ ထွက်စည်ယွန်းပြီးသည်နှင့် တပြိုင်နက် ဘုရင်ထိုင်ပြီး ဖြစ်ရမည်။ ၎င်းနောက် ညီလာခံ ပြီးလျှင် ဇာတ်ပန္နက်ကို ရိုက်ရမည်။ မည်သည့်ဇာတ်ကို ကပြသည်ဖြစ်စေ နန်းပေါ်မှ နေ၍ ရှင်ဘုရင် ငိုချင်း မပြုရ။ ရာဇ ဣနြေ္ဒနှင့်သာ ပြောဆိုရမည်။ ၎င်းနောက် ဇာတ်ကြောင်းကို အသင့်ဖြစ်အောင် ညွှန်၍ လေပြေချ။ လေပြေမှာ သိုက်တပေါင် စသော လင်္ကာများ ပထမညတွင် ရွတ်ဆိုခြင်း မပြုရ။ နောက်ညဥ့်မှသာ ရွတ်ဆိုရမည်။ ဇာတ်လမ်းအလျှောက် ကပြရမည့်ပွဲ မှာ မည်သည့်အခါမဆို (၃)ညဥ့် ကပြရမည်။ (မှတ်ချက်). (၁) နတ်သိကြား ဗြဟ္မာ ဝိဇ္ဇာ ဇော်ဂျီစသော အရုပ်များမှာ လက် တန်းမှ ကျော်၍ ပြရမည်။ မင်းပေါက် ဝဲယာမှ မထွက် မပြရ။ ရိုင်များနှင့် မည်သည့်အခါမျှ ခြေနှင့် မထိစေရ။(၂) ရေနေ သတ္တဝါ ငါး၊ လိပ်၊ မိကျောင်းတို့မှာ ရိုင်များမှ အထက်သို့ ခြေလွတ်သည့်တိုင်အောင် မကြွရ။(၃) နတ်၊ဂဠုန်၊ ခြင်္သေ့ စသော တောနေများကို လက်ဝဲဘက်မှသာ စ၍ ထွက်ခွင့်ပြုသည်။ (၄) အရုပ်များမှာ လူ၊ မြင်း၊ နတ်ရုပ်များမှာ ရေမနေသား၊ သစ် မဉ္ဇူသားများကို ထုလုပ်ရမည်။ ကျန်အရုပ်များမှာ လက်ပံ သံသတ်ပင်များသာ ထုလုပ်ရမည်။ မည်သည့်အရုပ်မဆို အင်္ဂါခုံ ပါစေရမည်။(၅) ပြသ ပြောဆို သီကုံးရာတွင် သာသနာ ရာဇာ ဘသာများကို မထိပါးစေရ။ ပျက်လုံးများမှာ ရဟန်းပုဏ္ဏား ကြားမကောင်းသော ပျက်ရယ်မှု မပြုရ။ ကျူးလွန်ခဲ့သောသူအား ကိုယ်ကိုသော်လည်းကောင်း၊ လက်ကိုသော်လည်း ကောင်း၊ လျှာကိုသော်လည်းကောင်း လှီးဖြတ်ခွင့် ရှိစေရမည်။ (၆)ဆိုင်းမှာ ဆိုင်းတော်ကြီးမှတပါး မှန်စီခြင်း၊ ရွှေချခြင်းများ မလုပ်ရ။ ဆိုင်းဆရာ မင်းသား စင်အုပ်တို့က လက်အောက်ငယ်သားများအား ရိုက်ပိုင်ခွင့် ထောင်ထားပိုင်ခွင့် ရှိသည်။ အ သက်ကြီးသူများ ပညာငယ်လျှင် ငယ်သည့်အလျှောက် ဆုံးမခံကြရမည်။ (၇) ပြည့်ရှင်မင်း၊ မိဖုရား၊ အိမ်ရှေ့မင်းမှ လွဲလျှက် ပွဲကသည့်အတွက် အခကြေးငွေကို ပေးချေကြရမည်။ သဘင်ဆရာတို့က ကျေနပ်မှသာ အဖိုးအခ မရှိဘဲ ကပြနိုင်သည်။ ဘု ရားပူဇော်ပွဲ နတ်ပွဲမှတပါး မြို့ဝန်အမိန့် မရှိပဲ ကပြခြင်း မပြုရ။

ဤကဲ့သို့အားဖြင့် သဘင်ခေါ် ရုပ်သေးသဘင်နှင့် စပ်လျဉ်း၍ ဘုရင့်အလိုတော်ကျ စည်းကမ်းဥပဒေများ ပြုလုပ် ထားသဖြင့် ရုပ်သေးပွဲများမှာ မြန်မာ့သုခုမ အနုပညာသဘင်ပညာရပ်သည် အထက်တန်းကျသော စည်းစနစ်ကျသော ပညာရပ်ဟု မှတ်ယူရပေမည်။

● ရုပ်သေးသဘင်တွင် ပါဝင်ရမည့် အရုပ်များ
မြန်မာ့ရုပ်သေးသဘင်တွင် အဘိဓမ္မာတရားတော်လာ ဥပါဒါရုပ် ၂၄ ပါးနှင့် ဘူတရုပ် ၄ပါး ပေါင်း၍ ရုပ်၂၈ပါးကို အစွဲပြုပြီး လျှင် အရုပ်(၂၈)ရုပ် ပါဝင်သည်။ ယင်းတို့မှာ (၁)နတ်ကတော်ရုပ်(၂)ဆင်(၃)မြင်း(၄)ကျား(၅)ဆင်ထိန်း(၆)ကု မ္ဘာန်(၇)ဘီ လူးရုပ်(၈)ကြက်တူရွေး(၉)ငှက်ရုပ်(၁၀)ဂဠုန်(၁၁)နဂါး(၁၂)ဇော်ဂျီ(၁၃)သူဌေး(၁၄)စုန်းမ(၁၅)နတ်(၁၆)နေရာထိုင်ခင်းအရုပ်(၁၇)ရှင်ဘုရင်(၁၈)ရွှေနန်းဆက် မိဖုရား(၁၉)မင်းသားလတ်(၂၀)မင်းသာအရုပ်(၂၁)မင်းသမီး(၂၂)သံချိုလက်စွဲ(၂၃)သံပျ က်လက်ရုပ်(၂၄)မင်းကြီးသက်တော်ရှည်(၂၅)ရွှေတိုက်ဝန်(၂၆)ဝန်ထောက်(၂၇) မြို့တော်ဝန်ရုပ်(၂၈)ပုဏ္ဏား သို့မဟုတ် ဆရာတော်ရုပ်တို့ဖြစ်သည်။

ဆရာဒီးဒုတ် ဦးဘချို၏ မြန်မာ့ရုပ်သေးဆောင်းပါးတွင်မူ (၁)နတ်ကတော်ရုပ်၂ (၂)မြင်းရုပ်.၁ (၃)ဆင်ဖြူဆင်မဲ ၂. (၄)ကျားရပ်.၁ (၅)မျောက်ရုပ်.၁ (၆)ကြက်တူရွေး.၁ (၇)နဂါးရုပ်.၁(၈)ဘီလူးရုပ်.၂ (၉)ဇော်ဂျီ.၁(၁၀)ဝန်ကြီး.၄ (၁၁) မင်း သား.၁ (၁၂)ရှင်ဘုရင်.၁(၁၃)မင်းသမီး.၁(၁၄)မင်းသားကြီး မျက်နှာနီနှင့် မျက်နှာဖြူ.၂.(၁၅) ပုဏ္ဏား.၁(၁၆)ရသေ့.၁ (၁၇)နတ်.၁(၁၈) ဗြဟ္မာ.၁(၁၉)အမယ်အို.၁(၂၀)လူပျက်.၂ ဟူ၍ အရုပ်ပေါင်း.၂၈ ရုပ် ဖော်ပြထားသည်။

အရုပ်များ ထုလုပ်ရာတွင် လူ မြင်း နတ်ရုပ်များကို ယမနေသား၊ သစ်မဉ္ဇူသားများဖြင့် ထုလုပ်ရသည်။ ကျန်အရုပ် များကို လက်ပံ သံသတ်ပင်များဖြင့် ထုလုပ်ရသည်။ မည်သည့်အရုပ်မဆို အင်္ဂါစုံ ပါစေရမည်ဟုဆိုသည်။ များသောအားဖြင့် ယမနေသားကို မင်းသမီးရုပ် ထုရာတွင် အသုံးပြုလေ့ရှိသည်။ ရှင်ဘုရင်ရုပ် မင်းသားရုပ်တို့ကို ထုလုပ်သောအခါ ဧကရာဇ် သားကို အသုံးပြုသည်။ ဝန်ကြီး လက်စွဲတော်ရုပ်တို့ကို လက်ပံသား ပုန်းဆဲသား မအူသားများကိုလည်း အသုံးပြုကြသည်။ အရုပ်တော်အမြင့်မှာ တတောင့်ထွာ၊ တတောင့် တမိုက်သာ ရှိလေသည်။

ရုပ်စုံထွက်သောအခါတွင်လည်း သူ့အရုပ်နှင့် သူ့တီးကွက် သတ်မှတ်ချက်ရှိသည်။

မြန်မာဘုရင်များ လက်ထက်တွင် ရုပ်သေးစင်များကို (၁) စင်တော်ကြီး (၂) စင်တော်ကလေး (၃) သမီးတော်စင် (၄)ဝင်းစင် ဟူ၍ ခွဲခြားထားသည်။ စင်တော်ကြီး ဆိုသည်မှာ မင်း၏အမိန့်ဖြင့်သာ တည်ထောင်ထားသော ရုပ်သေးအဖွဲ့ဖြစ် သည်။ ထင်ပေါ်ကျော်ကြား ပညာသား ပါပါကပြ အသုံးတော်ခံနိုင်သော ပညာသည်များကိုသာ မြို့စား၊ ရွာစား ချီးမြှောက် လေ့ရှိသည်။

မြန်မာ့ရုပ်သေးတွင် ကြိုးဆွဲပညာသည် တန်ဖိုးအရှိဆုံးနှင့် အခက်ခဲဆုံးဖြစ်သည်။ရုပ်သေးရုပ်များကို လူအမူအရာ နှင့် ပကတိတူအောင် သဘာဝကျနိုင်သမျှ ကျအောင် အရုပ်ကြိုးတပ်၍ ဆွဲရသည်။ ရုပ်သေးခေတ်ကောင်းစားခဲ့စဉ်က အပျို တော်တွင် ကြိုးပေါင်း ၆ဝ ထက်မနည်း ရှိသည်ဟုဆိုသည်။ မြန်မာ့ရုပ်သေးသဘင်မှ ကဟန်အချို့ကို မြန်မာ့ဇာတ်သဘင် သည်တို့က မှီး၍ အရုပ်ဟန် သက်သက်အက( စင်တော်မင်းသား၊ စင်တော်မင်းသမီးဟန် အရုပ်နှင့် လူပေါင်းစပ်ကာ ယိုးဒ ယားသူ သို့မဟုတ် ရှေးမြန်မာအကတွင် အရုပ်ဟန် ပေါင်းစပ်ထာားဟန် စသည်ဖြင့် ကဟန်အမျိုးမျိုးကို တီထွင်ခဲ့ကြသည်။

ကြိုးဆွဲရာတွင်လည်း မင်းသမီးအရုပ်ကို ကြိုးဆွဲအကောင်းဆုံးသူကသာ ဆွဲရသည်။ အဆွဲရခက်သည့်အရုပ်မှာ ကြိုးနည်းပြီး ကဟန်များများ ဆွဲရသည့် ဇော်ဂျီရုပ်ဖြစ်သည်။ ရုပ်သေးအဖွဲ့တစ်ဖွဲ့တွင် တဦးကောင်း တယောက်ကောင်းနှင့် မပြီးချေ။ ကြိုးဆွဲဆရာက မည်မျှပင်ကောင်းနေစေကာမူ အတွင်းမှာ ပြော၊ ဆို၊ ငို ၊လွမ်းရသူ ရုပ်သေး မင်းသမီး မင်းသားတို့ တစုံတရာ ချို့ယွင်း ညံ့ဖျင်းနေပါက ထိုရုပ်သေးအဖွဲ့မှာ တိုးတက်မှု မရှိနိုင်ချေ၊ ထို့အတူ ပြော ဆို ငို လွမ်းသူ မင်းသား မင်း သမီးက ကောင်းပြီး ကြိုးဆွဲများ ညံ့ဖျင်းနေပြန်ကလည်း လှုပ်ရှားဟန် ကခုန်ဟန် အဆင်မပြေ၍ ပရိသတ်အကြိုက် မတွေ့ တတ်ပေ။

တနည်းဆိုသော် ရုပ်သေးပညာမှာ ကြိုးဆွဲဆရာနှင့် မင်းသမီးမင်းသားလုပ်သူတို့ တက်ညီလက်ညီ ကောင်းနေရ မည်ဖြစ်သောကြောင့် ထိုပညာအား`နှစ်ကိုယ့်တစိပ်’ ပညာဟုလည်း ခေါ်ဆိုကြသည်။

ဤသို့အဆင့်အတန်း မြင့်မား၍ သိမ်မွေ့နက်နဲခက်ခဲလှသော မြန်မာ့ရိုးရာရုပ်သေးသဘင်သည် ယခုအခါ အကြောင်းအမျိုးမျိုးတို့ကြောင့် မှေးမှိန်ကာ တိမ်မြုတ်ပျောက်ကွယ်လုနီးနီး အခြေသို့ ရောက်ရှိနေသည်မှာ နှမြောဝမ်းနည်း ဖွယ်ရာပင်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ မြန်မာ့ယဉ်ကျေးမှု မြတ်နိုးသူများအား လုံး မြန်မာ့ရုပ်သေးသဘင် မကွယ်ပျောက်စေရန် ဝိုင်းဝန်း ကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

● ကိုးကားသော စာနယ်ဇင်းများ.
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ.၁၁ စာပေဗိမာန်၊၁၉၇၇။
၂။ ပန်တျာမြင့်အောင်၊ မြန်မာ့အကသမိုင်း၊ နှလုံးလှစာပေ။ ၁၉၆၉။
၃။ မောင်သိန်းနိုင် မြန်မာ့ရုပ်စုံသဘင်၊ စာပေဗိမာန်၊ ပြည်သူ့လက်တွဲစာစဉ်၊ ၁၉၇၁၊
၎။ လှသမိန်၊ မြန်မာ့ရုပ်သေးသဘင်၊ လောကအမြင်စာပေ၊၁၉၆၈
၅။ ဒီးဒုတ်ဦးဘချို၊ အလင်္ကာဂီတ၊ နံသာစာပေတိုက်၊ ၁၉၆၆
၆။ ကမ္ဘောဇ မြင့်လွင်၊ မြန်မာ့ရုပ်စုံသဘင်၊ လင်းရောင်ခြည် မဂ္ဂဇင်း၊ တွဲ.၄. အမှတ်.၇(၁၉၆၂. ဖေဖော်ဝါရီ)
၇။ ဒဂုံနတ်ရှင်၊ မြန်မာ့သုခုမ ရုပ်စုံသဘင်၊ လင်းရောင်ခြည် မဂ္ဂဇင်း၊တွဲ.၄ အမှတ်.၁၀(၁၉၆၃. အောက်တိုဘာ)

၈။ စောမှုံညင်း၊ ရုပ်စုံသဘင်၊ မြဝတီမဂ္ဂဇင်း၊ ၁၉၅၉၊ ဖေဖော်ဝါရီလ

Comments