အာရပ်နွေဦးမှာ မိုးရွာပြီ ညို …
နိုင်ငံတကာသာဂိ၊ ဇူလိုင် ၈၊ ၂၀၁၃
လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က နံမယ်ကြီးအချစ်ဝတ္တုခေါင်းစဉ်က
“မျက်ဝန်းထဲမှာ မိုးရွာပြီ ညို” ထင်ပါရဲ့။ စာရေးဆရာကတော့ မောင်စိန်ဝင်း(ပုတီးကုန်း)ပါ။
အခုတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ခေတ်စားခဲ့တဲ့ အာရပ်မူဆလင်ကမ္ဘာက အာရပ်နွေဦး … အခုတော့
မိုးတွေရွာနေပြီလို့ ဆိုရမလို ဖြစ်နေလို့ အဲသည်ခေါင်းစဉ်ကို ယူသုံးလိုက်ပါတယ်။
အထူးသဖြင့် ပြောချင်တာက အီဂျစ်ပြည်ကို ဖြစ်ပါတယ်ခင်ဗျား။
ကဲ … အီဂျစ်ပြည် အာရပ်နွေဦး ရာသီဥတုအပြောင်းအလဲဇယားကို
ကြည့်ကြပါစို့။
အာရပ်နွေဦးကာလက ၂၀၁၁ နှစ်ဆန်းမှာ အီဂျစ်မှာ
ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး အုံကြွမှုတွေကနေပြီး အီဂျစ်အာဏာရှင် မူဘာရက် တလအတွင်း
(ဖေဖော်ဝါရီ ၁၁၊ ၂၀၁၁) မှာ ရာထူးက ဆင်းပေးခဲ့ရာက အီဂျစ်တပ်မတော်ကြီးကနေ အာဏာကို ထိန်းသိမ်းပြီးတော့
လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ပြီး ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
(၂၀၁၁ နိုဝင်ဘာမှာ) ပါတီစုံရွေးကောက်ပွဲတွေ ကျင်းပ၊
(၂၀၁၂ ဇွန်လမှာ) တိုက်ရိုက်သမ္မတရွေးပွဲကျင်းပ၊
အဲသည်နောက် တိုင်းပြည်ကို ရွေးကောက်ပွဲအနိုင်ရ ပါတီတွေ၊ အမတ်တွေ၊ သမ္မတတွေလက်ထဲ တိုင်းပြည်အာဏာကို
တပ်မတော်က ပြောင်းလဲပေးခဲ့ပါတယ်။
အဲသည်မှာ ရွေးကောက်ပွဲနိုင် သမ္မတနဲ့
လွှတ်တော်က အခြေခံဥပဒေကို ဆက်လက်ပြင်ဆင်ရေးဆွဲတာကနေ အစပြုပြီး လူထုဆန္̔ဒပြပွဲတွေ၊ အဓိကရုဏ်းတွေ၊
အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုတွေ ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။
အဲသည်နောက် ဆူပူမှုတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ
တောက်လျောက် ဖြစ်ပွားလာနေရာက သမ္မတရွေးကောက်ပွဲ ၁နှစ် အကြာ … ၂၀၁၃ ဇွန်လကုန်အလွန် ဇူလိုင်လဆန်း
(၄) ရက်နေ့မှာပဲ အီဂျစ်တပ်မတော်ကြီးက နိုင်ငံတော်အာဏာကို ပြန်လည်သိမ်းယူလိုက်ပါတော့တယ်။
ရွေးကောက်ပွဲအနိုင်ရ သမ္မတနဲ့ အစိုးရလဲ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ခံလိုက်ရပါတော့တယ်။
ဟိုက်ရှားဘားလို့ တ ရမလိုပါပဲ။
ကဲ ဘယ်လိုတွေ ဖြစ်ကုန်ကြရတာတုန်း အာရပ်နွေဦးက
အီဂျစ်ပြည်ကြီးလို့ မေးရမလိုပါပဲ ခင်ဗျား။
အင်း … အစကနေ ပြန်ကြည့်ရရင်တော့ အာရပ်နွေဦးဟာ
ရာစုသစ်မျိုးဆက်တွေရဲ့ ခေတ်ပြောင်းတော်လှန်ရေးပါပဲ။ ခေတ်သစ်နည်းပညာတွေ ကို အသုံးချပြီးတော့၊
အနောက်တိုင်း ဒီမိုကရေစီစံတွေကို ချပြပြီးတော့ လူတန်းစား တန်းတူညီမျှမှု ရရှိရေး၊
မတူညီတဲ့ အတွေးအခေါ်တွေ လွတ်လပ်စွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး တောင်းဆိုပြီးတော့ အာရပ်မူဆလင်ကမ္ဘာက
မျိုးဆက်သစ်တွေရဲ့ အာရပ်နွေဦး လှုပ်ရှားမှုလို့ ဆိုရင် ရခဲ့မယ့် သဘောပါပဲ။ သို့သော်လည်း
အရိုးစွဲ အုတ်မြစ်စွဲနေတဲ့ မျိုးဆက်ဟောင်းတွေ၊ အယူအဆအတွေးအခေါ်တွေ၊ ရှေးရိုးစွဲ အဖွဲ့အစည်းတွေ၊
အလေ့အကျင့်တွေကို ထုံနေသူ အင်အားစုတွေရဲ့ အတိုက်အခိုက်တွေ၊ ဆန့်ကျင်မှုတွေ၊ တန်ပြန်တော်လှန်ရေးတွေ၊
အကြမ်းဖက်မှုတွေရဲ့ လှိုင်းတံပိုး၊ မုန်တိုင်း မိုးကြိုးတွေအောက်မှာ အာရပ်နွေဦး
ခေတ်ပြောင်းတော်လှန်ရေးဆိုတာ မိုးရေတွေနဲ့ တုတ်တုတ်ရွှဲနေရပြီလို့ ဆိုရမယ် ထင်ပါတယ်။
အာရပ်နွေဦးမှာ အာရပ်တိုင်းပြည်တွေက
လူငယ်ထုတွေက ခရစ်ယာန်၊ မူဆလင် ဘာသာပေါင်းစုံ လက်တွဲပြီး ငြိမ်းချမ်းစွာ လက်နက်မဲ့
ဆန္ဒပြတဲ့သပိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲသည်မှာ အာရပ်ကမ္ဘာရဲ့ အရိုးစွဲနေတဲ့
လက်နက်ကိုင်ပြီး အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခြင်းကို မကိုင်စွဲကြဘဲ လူထု လူတန်းစားစုံပါဝင်တဲ့
အကြမ်းမဖက်တဲ့ လူထုအုံကြွမှုတွေနဲ့ အစိုးရတွေကို ဖြုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။
သို့သော်လည်း အာဏာရှင် မူဘာရက်ကို တပ်မတော်ကြီးရဲ့
(၀င်ရောက်ထိန်းသိမ်းပေးမှု) နဲ့ ဖြုတ်ချနိုင်ခဲ့အပြီးမှာ တကယ်ခေတ်ပြောင်း နိုင်ငံရေးလှုပ်ရှားမှုကာလမှာ
ရွေးကောက်ပွဲတွေ၊ အမတ်ရွေးပွဲတွေ၊ သမ္မတရွေးကောက်ပွဲတွေ၊ အခြေခံဥပဒေပြုပြင် ပြင်ဆင်ရေး
Political Process လုပ်ငန်းစဉ်အဆင့်ဆင့် ဖြတ်သန်းကြရတဲ့ဆီမှာ ခုနင်က ရာစုသစ်မျိုးဆက်လူငယ်တွေ၊
ခေတ်ပြောင်းတော်လှန်ရေး ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍက မှေးမှိန်သွားခဲ့ပြီးတော့ ဘာသာရေးအစွန်းရောက်တွေ၊
သူတို့တွေရဲ့ အယူအဆတွေက၊ သဘောထားတွေ၊ လှုပ်ရှားမှုတွေက ရှေ့တန်းရောက်လာခဲ့တာကတော့ အာရပ်နွေဦးရဲ့
ကောင်းကင်ကြီးတခုလုံး မိုးတိမ်တောင်တွေ ညှို့မှိုင်းလို့ အမှောင်ကျစေတဲ့ ကြမ္မာပေပဲလို့
ပြောရလိမ့်မယ် ထင်ပါတယ်။
ပြန်ကြည့်လိုက်ရင် ၂၀၁၁ နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲတွေမှာကတည်းက
အစ္စလာန်ရှေးရိုးစွဲပါတီတွေက အများစု အနိုင်ရခဲ့ပါတယ်။ ခရစ်ယာန်တွေ၊ လူငယ်တွေ၊
activists အသိုင်းအ၀ိုင်းတွေနဲ့ အဲသည်မှာ ကွဲခြားမှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
အဲသည်က ထင်ရှားတဲ့ အီဂျစ်ဒီမိုကရေစီအတိုက်အခံခေါင်းဆောင်တွေက ပါလီမန်တွေမှာ ခေတ်စားခြင်း
မရှိတော့ပါဘူး။
နောက် ၂၀၁၂ ဇွန်လ သမ္မတရွေးကောက်ပွဲမှာလည်း
တပ်မတော်အကြိုက် သမ္မတလောင်းနဲ့ အစ္စလာန်ဘာသာစွဲပါတီ Muslim Brotherhood က သမ္မတလောင်း မော်စီတို့ရဲ့ အကြိတ်အနယ် ရွေးကောက်ပွဲပဲ
ဖြစ်ခဲ့ပြီးတော့ မူဆလင်ညီအကိုတော်ပါတီက သမ္မတလောင်း မော်စီက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အမျိုးအစားချင်းမတူတဲ့ မူဆလင်ပါတီတွေ၊ ခရစ်ယာန်ဘာသာစွဲပါတီတွေ၊ အင်အားစုတွေကြားထဲက
အတူယှဉ်တွဲ နေထိုင်ရေး သင့်မြတ်မှုကို မရရှိနိုင်ခဲ့ဘဲ မငြိမ်းချမ်းတဲ့ အယူအဆ ၀ါဒရေးရာ
အငြင်းပွားမှု၊ ပဋိပက္ခအသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေကိုပဲ ပြန်လည်ဦးတည်ခဲ့တာကို တွေ့နိုင်ကြပါတယ်။
အဲသည်အတွက် ၂၀၁၂ နိုဝင်ဘာမှာ မူဆလင်ညီအကိုတော်ပါတီ
လူများစုနဲ့ သမ္မတကြီး မော်စီတို့က နိုင်ငံတော်အခြေခံဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲရာမှာ
တပ်မတော်နဲ့ကော ပြည်သူလူထုထဲက လူတန်းစားအသီးသီးကြားမှာပါ တင်းမာမှုတွေ၊ သဘောထားကွဲလွဲမှုတွေ
အများအပြားဖြစ်ပေါ်ပြီး နောက်ဆုံး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို အခြေပြုတဲ့ ဆန္ဒပြတိုက်ပွဲတွေ၊
အုံကြွမှုတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ လက်ရှိအစိုးရကိုယ်တိုင်ကလည်း အာဏာကို
စိတ်တိုင်းကျသုံးပြီး အကြမ်းဖက်ဖြေရှင်းတာတွေ၊ အလွဲသုံးစားလုပ်တာတွေကို ကျုးလွန်ခဲ့တာကို
တွေ့ရပါတယ်။
သည်လိုနဲ့ ၂၀၁၃ နှစ်အတွင်း ၆ လတာ ကာလအားလုံးမှာ
လမ်းပေါ်က လူထုတိုက်ပွဲတွေ သပိတ်တိုက်ပွဲတွေ တခြိမ်းခြိမ်း ဖြစ်နေခဲ့ရာက တပ်မတော်က
(ကြားဝင်)ပြီးတော့ လက်ရှိ မော်စီအစိုးရက ဇူလိုင် ၃ မတိုင်ခင် အထွေထွေပြသနာများ ဖြေရှင်းရန်၊
မဖြေရှင်းက အာဏာကို ပြန်သိမ်းမယ်လို့ ထုတ်ပြန်တဲ့အထိ ဖြစ်ရာက နောက်ဆုံး ဇူလိုင်
၎ မှာ တပ်မတော်က (အဲလေ) အီဂျစ်တပ်မတော်ကြီးကနေပြီး ငြိမ်းချမ်းစွာနဲ့ အာဏာကိုသိမ်း၊
မော်စီနဲ့ မူဆလင်ညီအကိုတော်ပါတီ အပေါင်းအပါတွေကို ဖမ်းဆီးထိန်းသိမ်းပြီး ဖြေရှင်းလိုက်ကြောင်းပါ။
အခုကတော့ ပြသနာတွေက မပြီးသေးပါဘူးခင်ဗျာ။
အစ္စလာန်ဘာသာစွဲ နိုင်ငံရေးပါတီတွေက တမျိုး၊ လူမျိုးစုစွဲ အင်အားတွေက တဖုံ၊ ခရစ်ယာန်ဘာသာစွဲ
လူနည်းစုတွေက တဘာသာ ဖြစ်လို့ နေပါတယ်။ လူလတ်တန်းစားတွေ၊ လူငယ်မျိုးဆက်သစ်တွေကတော့
ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု အာမခံချက် မရှိတဲ့ သူတို့တိုင်းပြည်အနာဂတ်အတွက်
လမ်းမများပေါ်မှာ အသေခံ ချီတက်နေကြဆဲပါပဲ။
တပ်မတော်ကြီးကလည်း သူတို့ခန့်ထားတဲ့
တရားသူကြီးချုပ်ကို ကြားဖြတ်အစိုးရ သမ္မတအဖြစ် ခန့်အပ်တယ်လို့ ဆိုပါတယ်။ အဲသည်မှာ
အာရပ်နွေဦးကာလတုန်းက ထင်ရှားတဲ့ အီဂျစ်အတိုက်အခံခေါင်းဆောင် အယ်ဘရာဒီကို ကြားဖြတ်အစိုးရ
ဝန်ကြီးချုပ်ခန့်မယ်လို့ သတင်းပြေးတဲ့ဆီမှာ ရှေးရိုးစွဲတွေက ဆန့်ကျင်ကြလို့ အသံတိတ်သွားပြန်ပြီ
ဖြစ်ပါတယ်။ အီဂျစ်တပ်မတော်က တိုင်းပြည်နိုင်ငံရေးကို လက်နက်နဲ့ ၀င်စွက်တာကို အနောက်အုပ်စုက
အမေရိကန်အပါအ၀င်ကိုယ်တိုင် သူတို့အကျိုးစီးပွားကို မထိခိုက်စေဖို့ ဖာသိဖာသာ နေနေကြတာကြောင့်
အီဂျစ်ရဲ့ပြည်တွင်းရေးဟာ အီဂျစ်စစ်ခေါင်းဆောင်တွေ လက်ထဲမှာပဲ ရှိနေတာ သေချာပါတယ်။ လက်ရှိ
အင်အားကြီးတဲ့ မူဆလင်ဘာသာစွဲ နိုင်ငံရေးပါတီတွေက လူထုနည်းနဲ့ ပြောင်းလဲရေးကို ရင်ဆိုင်ဖြေရှင်းမလား၊
သို့မဟုတ် အာရပ်ကမ္ဘာရဲ့ အစွန်းရောက်ဘာသာရေးအကြမ်းဖက်အုပ်စုများ သွေးထိုးလှုံဆော်မှုတွေ၊
အကြမ်းဖက်သတ်ဖြတ်မှုတွေကို အားပေးစွဲကိုင်ပြီး ထိပ်တိုက်ရင်ဆိုင်ကြမလား ဆိုတာကတော့
ယနေ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်လက်ရှုစားကြရန်သာ ရှိပါတော့တယ်။
အီဂျစ်က ရာစုသစ်မျိုးဆက်လူငယ်တွေကတော့
လမ်းမတွေပေါ်မှာ ဆက်လက် ချီတက်နေဆဲပါ။
အာရပ်နွေဦးမှာ မိုးရွာပြီ ညို … ။ ။
Comments