U WIn Tin objects Time's Writing

Time ကို ကန့်ကွက်တဲ့ ဦးဝင်းတင်၏ ပြောကြားချက် (မြန်မာသံတော်ဆင့်)
မိုးမခသတင်းကောက်နုတ်ချက်၊ မြန်မာသံတော်ဆင့်၊ ဇွန် ၂၉ ၊ ဇူလိုင် ၅၊ ၂၀၁၃
တိုင်းမဂ္ဂဇင်းဆိုတာ ကမ္ဘာမှာသြဇာအရှိဆုံး ဖြစ်သလို၊ သူတို့ရဲ့ဖော်ပြရေးသားမှုတွေကြောင့် ဒီပြသနာက တော်တော်ကိ ဆူပွက်လာခဲ့တယ်။ အစိုးရပိုင်းက တိုင်းမဂ္ဂဇင်းရဲ့ ရေးသားမှုတွေကို ပြည်သူတွေ မသိရှိနိုင်စေရန် ကန့်သတ်လိုက်တဲ့အပေါ်ကို ကန့်ကွက်တယ်။
မီဒီယာဆိုတာ လွတ်လပ်တဲ့အဖွဲ့အစည်းတွေ ဖြစ်တယ်။ လွတ်လပ်စွာ ယူဆပြီး ရေးဖို့သင့်တယ်ဆိုရင် ရေးကြမှာပါ။ ဒါဟာကလည်း မြန်မာပြည်တခုတည်းကွက်ပြီး ရေးခဲ့တာတော့ မဟုတ်ဘူး။ သူတို့တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတွေကို အကြီးအကျယ်ရှုတ်ချပြီး ရေးသားတာတွေ ရှိခဲ့ပါတယ်။ ဆိုလိုတာက ကမ္ဘာ့မီဒီယာဆိုတာကို ရေးဖို့ကောင်းတဲ့အကြောင်း ပေါ်လာရင်တော့ ရေးမှာပဲလေ။ အခုဟာက ကမ္ဘာ့မီဒီယာက ရေးဖို့အကြောင်းရှိတယ် ထင်လို့ ရေးတာ ဖြစ်ပါလိမ့်မယ်။
ရေးတဲ့နေရာမှာ ရှင်ဝီရသူနဲ့ ပတ်သက်ပြီး ရေးသားချက်တွေကိုတော့ သူတွေလုပ်နေတယ်၊ ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကိုတော့ သိပ်မသိဘူး။ သို့သော် သူက ဘာသာရေးနဲ့ ပတ်သက်ပြီး ရှေ့တန်းထွက်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတာကို မပြောလိုဘူး။ သူက ဘာသာရေးနဲ့ ပတ်သက်ရင် ထိထိရောက်ရောက် လုပ်ကိုင်နေတဲ့သူတယောက်ဖြစ်နေတဲ့အတွက် သူ့ကို ပစ်မှတ်ထားတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သူ့ကိုဝေဖန်တာကိုတော့ မပြောလိုဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရပ်တည်ချက်တွေကြောင့် မီဒီယာတွေရဲ့ ဝေဖန်ခြင်း၊ ပြည်သူလူထုရဲ့ ထောက်ခံခြင်း၊ ဝေဖန်ခြင်း ဆိုတာတော့ မပြောလိုဘူး။
 ပြောချင်တာကတော့ တိုင်းမဂ္ဂဇင်းက ဗုဒ္ဓဘာသာကို ဆွဲထည့်ပြီး ရေးသားတာကိုတော့ ကန့်ကွက်တယ်။ ဗုဒ္ဓဘာသာကို အကြမ်းဖက်တယ် ထင်ပြီး ရေသားတာကိုတော့ ပြင်းထန်စွာ ရှုတ်ချတယ်။ ဗုဒ္ဓဘာသာရဲ့ လမ်းကြောင်း တိမ်းစောင်းနေတယ်။ အားနည်းနေတယ် ဆိုတာကို ရေးတာ တမျိုးပေါ့။ အခုက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်နဲ့ ခိုင်းနှိုင်းထားတာတွေကတော့ ဗုဒ္ဓဘာသာပေါ်မှာ အထင်အမြင်လွဲသွာတာတွေ ဖြစ်ပေါ်လာနိုင်တယ်။

ပြီးတော့ သူတို့ရဲ့ရေးသားချက်တွေက ဗုဒ္ဓဘာသာရဲ့ အခြေခံအကြောင်းအချက်တွေကို သဘောမတူဘူး။ ဒါပေမယ့် တိုင်းမဂ္ဂဇင်းရဲ့ ရေးသားမှုတွေကို အစိုးရက ပိတ်ပင်လိုက်တဲ့အတွက် သတင်းစာလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း သဘောတရား သက်ရောက်စေနိုင်တယ်။ နောက်ကျပြင်ပရေးသားမှုတွေကို ချုပ်ချယ်သလို ပြည်တွင်းဂျာနယ်တွေ၊ သတင်းစာတွေရဲ့ ရေးသားချက်တွေကို ချုပ်ချယ်လာနီုင်တယ်။ အစိုးရရဲ့ အကြောင်းပြချက်တခုဖြစ်တဲ့ ဘာသာရေးညီညွတ်ရေးအတွက် ထိခိုက်စေနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က လုံးဝမမှန်ဘူး။ အစိုးရရဲ့ ရေးသားမှုတွေကို ပြည်သူတွေကို ချပြပြီး ပြန်လည်တုန့်ပြန်မှုတွေ လုပ်ရမှာ။ သတင်းစာလွတ်လပ်ခွင့် လူထူက လွတ်လပ်စွာ သိခွင့်တွေကို အစိုးရပိုင်းက ချုပ်ချယ်တာကတော့ မလုပ်သင့်ဘူး။ (မြန်မာသံတော်ဆင့်သတင်းအဖွဲ့)

Comments