Zaw Aung - News and Media

စာပေဟောပြောပွဲနှင့် အမေးအဖြေများ
ဇော်အောင်
ဇူလိုင် ၈၊ ၂၀၁၃



ဆရာမ မသီတာ (စမ်းချောင်း) .. 
အနီး၊အဝေး ..ခေါင်းစဉ်ဖြင့်၊ မြန်မာများ နီးလျှက်ဝေးနေရခြင်းများကို ဂျင်နရေးရှင်းကွာခြားမှု၊ အိုင်ဒီယိုလိုဂျီ အတွေးခေါ်ကွားခြားမှု၊ လူမျိုး၊ဘာသာ၊နိုင်ငံရေးကွာခြားမှု၊ လွတ်လပ်ခွင့်လိုလားမှု စသဖြင့် အကြောင်းချက်များဖြင့် ပြောပါသည်။ လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်းရေးကိုပဲ လူအများစိတ်ဝင်စားနေမှုများ၊ နိုင်ငံတကာစာပေများကို သူမ၏ အင်းစိန်ထောင်ကျစဉ် အတွေ့အကြုံအချို့နှင့်ယှဉ်ပါသည်။ လွတ်လပ်ခွင့်အတွက် နိုင်ငံခြားသို့ထွက်ခွာလုပ်ကိုင်လိုသူများအကြောင်း၊ ဘာကြောင့် နိုင်ငံခြားသို့ ယခုပြုပြင်ပြောင်းလဲချိန်အထိ မြန်မာပြည်တွင်ခေတ်စားနေဆဲဖြစ်နေကြောင်း၊ မိမိအတွက် နိုင်ငံ၃၀ခန့်သွားရောက်ခဲ့သော်လည်း မည်သည့်နိုင်ငံတွင်မှ မနေလိုကြောင်း၊ မြန်မာနိုင်ငံတွင်၊ မြန်မာပတ်စပို့ကိုသာ လိုလားစွာကိုင်လိုကြောင်း၊ အနီး-အဝေး ကွာခြားမှုများအတွက် ဖြေရှင်းနိုင်မည့်နည်းလမ်းမှာ စာဖတ်ကြရန်သာ ဖြစ်ကြောင်း ဟောပြောသွားပါသည်။

ဆရာနေ၀င်းမြင့်
မိမိငယ်စဉ်က ပုပ္ပါးတောင်တစ်ဝိုက် ကြီးပြင်းလာခဲ့ပုံ၊ မိခင်၏ဒဏ္ဍာရီအလား နတ်ကတော်၊အပျိုတော်၊ ပုလိပ်များကို ကြောက်လန့်ပြီး၊ ကြီးပြင်းလာခဲ့ပုံများ ..ကဗျာ၊နဘေများဖြင့် ဆိုပြကာ ရယ်ရွှင်ဖွယ်များဖြင့် ဟောပြောခဲ့သည်။ လူငယ်များ အပြင်သွင်ပြင်အားဖြင့် ကမ္ဘာ့ရေစီးကြောင်းအတိုင်း၊ ၀တ်ဆင်၊ပြောဆို၊နေထိုင်ကြသည်မှာ ဂျင်နရေးရှင်းပင်ဖြစ်ကြောင်း။ မြန်မာ့ယဉ်ကျေးမှုမှာ နှစ်၂၀၀၀ခန့် ကြာခဲ့ပြီး၊ ပဒေသရာဇ်အုပ်ချုပ်မှု နှစ်၁၉၀၀၊ အင်္ဂလိပ်အုပ်ချုပ်မှု နှစ်၁၀၀ နေထိုင်ခဲ့ကြောင်း၊ ယခုခေတ်လူငယ်များ အသွင်အားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့်လွဲနေသလို ဖြစ်သော်လည်း သူတို့မှာ National Identity ရှိကြောင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်းတွင် တရားဝင် လူတစ်သိန်းခွဲ (တရာမ၀င် ၃သိန်းခန့်) သေဆုံးသော အလောင်းများကောက်ယူ ကယ်ဆယ်ရေးလုပ်ငန်းများကို ထိုလူငယ်များပင် ရှေ့တန်းမှလုပ်ကိုင်သည်ကို မြင်ရကြောင်း၊ မြန်မာ့လူငယ်များအကြောင်းကို ဟောပြောသွားပါသည်။


ဟောပြောပွဲအပြီး အမေးအဖြေကဏ္ဍ
ပရိတ်သတ်မှ မေးခွန်းများကို စာရေးဆရာနှစ်ဦးက ဖြေကြားသွားပါသည်။ အမေးအဖြေကဏ္ဍတွင် ဟားဗတ်သက္ကသိုလ်သို့ မသီတာ (စမ်းချောင်း) ရောက်ရှိခဲ့သောကြောင့် မြန်မာတက္ကသိုလ်များနှင့်နှိုင်းယှဉ်ချက်များကို ဖြေကြားသွားပါသည်။ ပညာရေးစနစ်နှင့်ပတ်သက်ပြီး မေးခွန်းများတွင် အခြေခံပညာကို ဦးစားပေးက ပြုပြင်သင့်ကြောင်း၊ မျိုးစောင့်ဥပဒေ မည်သို့သဘောရှိသနည်း မေးမြန်းချက်ကို စာရေးဆရာ၂ဦးက ဖြေကြားသွားပါသည်။ အခြေခံပညာတွင် ပုဂလိက ကျောင်းများကို ခွင့်ပြုနေခြင်းမေးခွန်းကိုလည်း ဖြေကြားသွားပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမျိုး၊ဘာသာရေး ပြသနာများတွင် ဆင်းရဲမွဲတေမှု၊ ပညာရေးအားနည်းချက်၊ ဥပဒေအားနည်းချက် များကိုအသုံးချပြီး နောက်ကွယ်မှ အဖွဲ့အစည်းတစ်ခုက လုပ်ဆောင်သည်ဟု စာရေးဆရာ၂ဦးက အမြင်ရှိကြောင်း ဖြေကြားသွားပါသည်။ အမျိုးသားရေးနှင့်လူ့အခွင့်အရေး ကွဲပြားခြားနားချက်ကိုလည်း ရှင်းလင်းဖြေကြားသွားပါသည်။ ဘာသာပြန်စာပေများရေးရန် တိုက်တွန်း အားပေးချက်များကို  စာရေးဆရာများ၏အချိန်၊ ထုတ်ဝေသူများ၊ မြန်မာနိုင်ငံစာအုပ်လောကများဖြင့်နှိုင်ယှဉ်ကာ ရသစာပေ၊ ဘာသာပြန်ခြင်း မလွယ်ကူသေးကြောင်း စာရေးဆရာနှစ်ဦးက ဖြေကြားသွားပါသည်။ နိုင်ငံရေးနှင့်ပတ်သတ်သော မေးခွန်းများကို ဆရာနေ၀င်းမြင့်က ယခင်စစ်အစိုးရနှင့်ယခုအစိုးရ လူများမှာအတူတူဖြစ်ကြောင်း၊ ရယ်မောဘွယ်ရာများစွာနှင့်ဖြေကြားသွားသလို၊ ဆရာမ မသီတာ (စမ်း ချောင်း) ကလည်း မိမိသည် အာဏာနိုင်ငံရေးကိုမနှစ်သက်၊ အမျိုးသားနိုင်ငံရေးကိုတော့ နိုင်ငံသားတစ်ဦးအနေနှင့် ဆက်လက်လုပ်ကိုင်သွား မည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။  


လမ်းပြကြယ် စာကြည့်တိုက် ၆နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် အမေးအဖြေများကို အောင်မြင်စွာပြီးဆုံးပါသည်။ လမ်းပြကြယ်စာကြည့်တိုက် လုပ်အားပေးလူငယ်များနှင့်ကူညီဆောင်ရွက်သူများကို အထူးကျေးဇူးတင်ဂုဏ်ပြုပါသည်။ မြန်မာလူငယ်မျိုး ဆက်သစ် ဘက်စုံတိုးတက်မှုသည်၊ စာရေးဆရာနှင့်ဆရာမကြီး၂ဦး ပြောစကားအတိုင်း စာဖတ်နိုင်မှုပေါ်မူတည်သဖြင့် လမ်းပြကြယ် မြန်မာစာကြည်တိုက် လုပ်အားပေးလူငယ်အားလုံး လုပ်ဆောင်ချက်ကို မှတ်တမ်းတင်အပ်ပါသည်။

Comments