Zun Pwint - Articles

ဖေဖေ့အကြောင်း (၃)
ဇွန်ပွင့်
ဇူလိုင် ၁၀၊ ၂၀၁၃



၁၉၈၈ခု၊ စက်တင်ဘာလ (၁၈) ရက်ည။ စစ်အာဏာသိမ်းပြီ။

(၁၉)ရက်မနက်ကစလို့ ပြေးလွှားအော်ဟစ် ပစ်ခတ်ဖမ်းဆီးနဲ့ ရန်ကုန်မြို့တော်ကြီးဟာ မြို့ပျက် ကြီးလို ဖြစ်သွားတယ်။ အရင်ရက်တွေက သင်္ကြန်ကျသလို ဟစ်အော် ဆန္ဒပြနေတဲ့ လူထုကြီး ဟာကိုယ်အိမ်တွင်းထဲ ကိုယ်ပုန်းအောင်း၊ ညဘက်ကိုယ်ရပ်ရွာ ကိုယ်စောင့်ရှောက်နဲ့ သတိနဲ့ သွားလာကြရတော့တယ်။ 

စက်တင်ဘာလကုန်ပိုင်းမှာတော့ စစ်ထောက်လှမ်းရေးက တာဝန်ရှိသူတစ်ဦး မနက်ဆယ်နာရီ ၀န်းကျင်လောက်မှာ ဖေဖေ့ကို လာခေါ်ပါတယ်။ အဲဒီညတစ်ညလုံး ကျွန်မတို့မိသားစုလည်း ဘယ် လိုမိုးလင်းသွားမှန်းမသိလိုက်ပါဘူး။ နောက်နေ့နေ့လည်နှစ်နာရီလောက်မှာ ဖေဖေပြန်ရောက် လာပါတယ်။ တစ်ညလုံး မအိပ်ခဲ့ရပါဘူး။ တာဝန်ရှိသူက “ရှစ်ဆယ့်ရှစ်အရေးတော်ပုံ”အပေါ် အမြင်နဲ့ ဖေဖေ့ခံယူချက်ကို ရေးခိုင်းပါတယ်။ ဖေဖေလည်း နောက်နေ့...့နောက်နေ့တွေ ဆက်နေမှာစိုးလို့အပြီးရေးခဲ့တယ်။ လို့ ပြန်ပြောပြပါတယ်။ 

နောက် သုံးလေးရက်ခြားပြီးတော့ ဖေမောင်သိန်းကို ”စက်မှုအားမာန်” ဂျာနယ်ထုတ်တဲ့ကိစ္စနဲ့ ခေါ်မေးပြန်ပါတယ်။ သူလည်း တစ်ညအိပ်ခဲ့ ရပြန် ပါတယ်။ နောက်နှစ်ပတ်လိုက်ခြားတော့ သူ့ကို တစ်ခါထပ်လာခေါ်ပြန်ပါတယ်။ ဖေဖေနဲ့ “သိန်း” ဟာ တစ်ယောက်တစ်လှည့် ခဏခဏ ခေါ်စစ်ခံရတဲ့နေ့တွေ ထပ်ထပ်လာတော့ ကျွန်မတို့ စိုးရိမ်ရပါပြီ။ ဖေဖေ့က လူကြီးဖြစ်လို့ မနှိပ်စက်နိုင်ပါဘူးလေလို့ ဖော့တွေးနိုင်ပေမယ့် “သိန်း”က စက်မှုတက္ကသိုလ် (ဗိသုကာ နောက်ဆုံးနှစ်) ကျောင်းသားဖြစ်နေလို့ ပိုစိုးရိမ်လာမိကြပါတယ်။ ဒီတော့ သူ့ကို ရတဲ့နေရာမှာ မြန်မြန်အလုပ်ဝင်လုပ်ဖို့ တိုက် တွန်း ဖြစ်ပါတယ်။ သူလည်း ဦးသိန်းဇော်ရဲ့ သိမ်ကြီးဈေး ပြန်လည် တည်ဆောက်ရေးမှာ ၀င်လုပ်ပါတော့တယ်။ ဒီတော့မှသာ လာရောက်စစ်ဆေးမေးမြန်းမှု ရပ်သွားပါတော့တယ်။

ဖေဖေ့ကို ကာတွန်းရေးဆွဲခွင့် ပိတ်လိုက်ပါပြီ။ ဖေဖေ့ကာတွန်းဆွဲတဲ့ အလုပ်တစ်ခုတည်းနဲ့သာ အဓိက ရပ်တည်နေတဲ့ မိသားစု (၁၂)ဦးဟာ အလုပ်အကိုင်မဲ့ ချက်ချင်းဖြစ်သွားပါတော့တယ်။

မေမေနွယ်က “ပုံပမာကာတွန်းလစဉ်”ထုတ်ဝေနေသူ၊ ဖေဖေ့နာမည်နဲ့ ကျထားတဲ့ “ရုပ်ပြောင် စာပေ” လည်း ရုပ်မပြောင်နိုင်တော့ပါဘူး။ ဖေဖေ့ညီမငယ် ဒေါ်ခင်ငြိမ်းကြည်က စာပေးစာယူ တက္ကသိုလ်က ရုံးဝန်ထမ်း။ ဖေဖေ့တူမ မဝေေ၀ကြည်က (CPA) ၊ စာရင်းရုံးချုပ်မှာ အလုပ်ဝင် ကာစ၊ ကျွန်မက ကျောင်းပြီးကာစ၊ “သိန်း”က ဗိသုကာ နောက်ဆုံးနှစ်တက်တုန်း၊ “ငြိမ်း”က မေမေနွယ်ရဲ့ လစဉ်ထုတ်မှာ ၀ိုင်းကူလုပ်နေ၊ “ဟိန်း”က GTI (လျှပ်စစ်) ကျောင်းပြီးကာစ၊ “ရှိန်း”က ဆယ်တန်းကျောင်းသား၊ “စိမ်း”က ရှစ်တန်း၊ “အဲ”က ၆တန်း၊ ကိုင်း- ဒီမိသားစုကြီး ဘယ်လို ရပ်တည်ကြမလဲ။ 

ဖေဖေကတော့ ဘာမှမဖြစ်သလိုပါပဲ။ သူ့ရဲ့ နေ့စဉ်အလုပ်အတိုင်း ညကိုးနာရီအိပ်၊ မနက် လေးနာရီထ၊ ပုံဆွဲ၊ ငါးနာရီခွဲတော့ အင်းယားကန်ဘောင်မှာ လမ်းသွားလျှောက်၊ အဖော်တွေနဲ့ တိုင်းပြည်ရေးဆွေးနွေး၊ အပြန် လမ်းထဲက လက်ဖက်ရည်ဆိုင်ထိုင်၊ ပြန်လာပြီး ခြေဆန့်လက်ဆန့်ခဏနား ဒီလိုနဲ့ပဲ နေလာခဲ့ပါတယ်။ “ပုံပမာ”လစဉ်ထုတ်တုန်းကလို ရုံးအမှီတင်ဖို့ မလိုတော့တာရယ်၊ မဂ္ဂဇင်းတွေမှာ မရေးရတော့တာရယ်ပဲ ရှိတယ်။ သူ့ဖာသူတော့ ဘီဘီစီ၊ ဗွီအိုအေ သတင်းနားထောင်လိုက်နဲ့ ပျင်းရိချိန်မရှိပါဘူး။ အင်္ဂလိပ်ဝတ္ထုတို တွေဖတ်ဖြစ်လို့ သူကြိုက်ရင် ဘာသာပြန်ထားလိုက်ပါသေး တယ်။ သူ့ဘ၀အကြောင်းအရာ အတွေ့အကြုံလေးတွေရေး၊ သတင်းကာတွန်း ဆရာဖြစ်လို့ သတင်းကောင်းရရင် တစ်ကွက်ကာတွန်းတွေ ရေးထား၊ သိမ်းထားနဲ့ပါပဲ။ ကိုးဆယ်ခုနှစ် ပါတီစုံ ရွေးကောက်ပွဲလို ဆို ဖေဖေ့အတွက် ရေးချင်စရာတွေချည်းပေါ့။ အစိုးရရဲ့ ကြံ့ဖွတ်ပါတီပေါ်လာ တော့လည်း သူ့အတွက် ရေးကွက်တွေပဲပေါ့။ 

ကျွန်မတို့မိသားစုတော့ ထမင်းကို တစ်နပ်လျှော့စားတာတော့ မဟုတ်ပါဘူး။ ဟင်းတစ်ခွက်နဲ့ ထမင်းနပ်မှန်အောင်တော့ စားခဲ့ရပါတယ်။ 

ကျွန်မလည်း ၁၉၈၉ ခုနှစ်အောက်တိုဘာလမှာ ကျွန်မတို့ကြီးကြီး ကောင်းမှုနဲ့ သာသနာရေး ၀န်ကြီးဌာနမှာ ၀န်ထမ်း ၀င်လုပ်နေပါပြီ။ ၁၉၉၃ခုနှစ် ကျတော့ ဌာနဆိုင်ရာတွေမှာ ဖြေဆိုခိုင်းတဲ့ (၃၃)ချက်ဖြည့်တာ အမြင်မကြည်လို့ဆိုပြီး ရုံးကနေ ထုတ်လိုက်ပါတော့တယ်။ ဒါကို ဖေဖေက သမိုင်းဝင် တစ်ကွက်ကာတွန်းဆွဲပြီး သရော်ထားပါသေးတယ်။ ရုံးပြတင်းပေါက်ကနေ စစ်ဖိနပ်နဲ့ဆောင့်ကန်ထုတ်လိုက်တာ ကျွန်မအပါအ၀င် ၀န်ထမ်းတွေ လွင့်စင်ကျသွားကြပုံပါ။ လွင့်ကျသွား တဲ့ဝန်ထမ်းတွေက လေပေါ်မှာ လှိုင်းစီးနေကြသလို အပြုံးကိုယ်စီနဲ့ပေါ့။ 


(ဆက်ပါဦးမယ်)

Comments